ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်နဲ့ အမေးအဖြေများ

ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်နဲ့ ပတ်သက်တဲ့ သောတရှင်တွေရဲ့ မေးခွန်းတွေကို NHK ရဲ့ ကျွမ်းကျင်သူတွေက ဖြေကြားပေးပါမယ်။

(486) ကိုဗစ်နဲ့ ရာသီပေါ် တုပ်ကွေး ကူးစက်မှု တစ်ပြိုင်တည်း ဖြစ်ပွားလာနိုင်။
အပိုင်း− ၃ ကူးစက်ပျံ့နှံ့မှု တစ်ပြိုင်တည်း ဘာကြောင့် ဖြစ်ပွားလာနိုင်တာလဲ။

အဖြေ− ဂျပန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ် တုပ်ကွေးရောဂါ တစ်ပြိုင်နက်တည်း ကူးစက်ပျံ့နှံ့လာနိုင်ခြေ ရှိတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ တိုးလာနေပါတယ်။ ဘာကြောင့် အဲဒီလို ဖြစ်လာနိုင်ခြေ ရှိတာပါလဲ။ လေ့လာကြည့်ကြရအောင်။
ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ဂျပန်မှာ ၃နှစ်တာ ကာလအတွင်း ပထမဆုံးအဖြစ် ရာသီပေါ်တုပ်ကွေး ကူးစက်ပြန့်ပွားမှုတွေ ဖြစ်မယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။ သူတို့ပြောတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်။
ပထမအချက်က အမေရိကန်၊ ဥရောပနဲ့ တခြားနိုင်ငံ အများအပြားက ၂၀၂၂ ခုနှစ် နွေဦးကနေစပြီး နွေရာသီကာလနောက်ပိုင်း ပြည်ဝင်ခွင့်တွေကို ပြန်ဖွင့်ခဲ့ပြီး COVID-19 ဆိုင်ရာ ကန့်သတ်ချက်တွေကိုလည်း ဖြေလျှော့လိုက်တာကြောင့် နိုင်ငံတကာ ခရီးသွားလာမှုတွေ များလာခဲ့ပါတယ်။
ဂျပန်နိုင်ငံကလည်း အောက်တိုဘာလမှာ ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေကို သိသိသာသာ ဖြေလျှော့လိုက်တာမို့ လူအဝင်အထွက် များလာပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတင်မကဘဲ ရာသီပေါ် တုပ်ကွေး ကူးစက်မှုပါ ပျံ့နှံ့လွယ်လာဖွယ် ရှိပါတယ်။
ဒုတိယအချက်ကတော့ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့၂နှစ် ဆောင်းရာသီမှာ ရာသီပေါ်တုပ်ကွေး အကြီးအကျယ် ကူးစက်ပျံနှံ့မှုမရှိတာကြောင့် လူအများစုမှာ ဒီဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံအားမရှိဘူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ကူးစက်ရောဂါပိုးကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်း လူတွေမှာ နည်းလာတယ်ဆိုရင် ရာသီပေါ်တုပ်ကွေးရောဂါက အရင်နှစ်ကထက်ပိုပြီး ကူးစက်ပျံ့နှံ့လာလိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက စာတမ်းထဲမှာ သတိပေးထားပါတယ်။
အဲဒီ အကြောင်းအချက်တွေကြောင့် ရာသီပေါ်တုပ်ကွေး ကူးစက်မှုနဲ့ COVID-19 ကူးစက်မှုအဋ္ဌမလှိုင်းပူးတွဲပြီး အခုဆောင်းရာသီမှာ အကြီးအကျယ် ကူးစက်ပြန့်ပွားလာနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(485) ကိုဗစ်နဲ့ ရာသီပေါ် တုပ်ကွေး ကူးစက်မှု တစ်ပြိုင်တည်း ဖြစ်ပွားလာနိုင်။
အပိုင်း− ၂ လွန်ခဲ့တဲ့ ၂ နှစ်က အခြေအနေ။

အဖြေ− ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေဟာ ၂၀၂၂ ဆောင်းရာသီမှာ ဂျပန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ် တုပ်ကွေးရောဂါကူးစက်မှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနိုင်ခြေ ရှိလို့ စိုးရိမ်ပူပန်နေပါတယ်။
ကိုဗစ်ကပ်ရောဂါကြီး စတင်ဖြစ်ပွားပြီး ၂နှစ်အတွင်း ဆောင်းရာသီတွေ မှာ COVID19 နဲ့ ရာသီပေါ်တုပ်ကွေး ရောဂါ ၂မျိုး တစ်ပြိုင်နက်တည်း ဖြစ်ပွားမှုမရှိဘူးလို့ သိရပါတယ်။ ဘာကြောင့် ဒီနှစ်မှာ အဲဒီလို စိုးရိမ်မှုတွေ ဖြစ်လာရပါလဲ။ ဆန်းစစ်ကြည့်ကြရအောင်။
ကိုရိုနာကပ်ရောဂါမဖြစ်ခင်က ဂျပန်နိုင်ငံမှာ ဆောင်းရာသီရောက်တိုင်း ရာသီပေါ်တုပ်ကွေးကူးစက်မှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ နှစ်စဉ် လူပေါင်း ၁၀ သန်း ကူးစက်လေ့ရှိပြီး ကူးစက်မှုများတဲ့အခါ သန်း ၂၀အထိ ရာသီပေါ်တုပ်ကွေး ကူးစက်မှု ဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ခံတွေက ခန့်မှန်းပါတယ်။
ဒါပေမဲ့ COVID19 စပေါ်လာပြီး ကူးစက်ပြန့်ပွားတဲ့နောက်ပိုင်း ရာသီပေါ်တုပ်ကွေး ကူးတဲ့အရေအတွက် သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း ဆေးဘက်ဆိုင်ရာဌာန ၅,၀၀၀ လောက်ကနေ ရရှိတဲ့ အချက်အလက်ကို ဂျပန်နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာ သုတေသနဌာနက ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ၂၀၂၀ ကနေ ၂၀၂၁ အထိကူးစက်သူ ၁၄,၀၀၀ လောက်ရှိပြီး မနှစ်က ဆောင်းရာသီမှာတော့ ကူးစက်သူ ၃,၀၀၀ လောက်ပဲ ရှိတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံမှာ ရာသီပေါ်တုပ်ကွေးက ဆောင်းရာသီမှာပဲ အဖြစ်များပေမဲ့ အရှေ့တောင်အာရှနဲ့ အာဖရိက နိုင်ငံတွေလို အပူပိုင်း ဒါမှမဟုတ် အာရှကအပူပိုင်းဒေသတွေက လူဦးရေများတဲ့ နေရာတွေမှာတော့ တစ်နှစ်ပတ်လုံး ဒီရောဂါကူးစက်ပျံ့နှံ့တာ တွေ့ရပါတယ်။
ဒီတုပ်ကွေးဗိုင်းရပ်စ်ဟာ လူတွေတစ်နိုင်ငံကနေ တခြားတစ်နိုင်ငံကို ကူးသန်းသွားလာရာကနေ တစ်နိုင်ငံပြီး တစ်နိုင်ငံ ပျံ့နှံ့လာတယ်လို့ ယူဆရပါတယ်။ ဂျပန်မှာတော့ ဗိုင်းရပ်စ်ပိုး ကူးစက်လွယ်တဲ့ ဆောင်းရာသီမှာ အဖြစ်များပါတယ်။
ပြီးခဲ့တဲ့ ၂−နှစ်က ကိုရိုနာကြောင့် ပြည်ဝင်ခွင့်တွေ ထိန်းချုပ်ထားခဲ့ပြီး တစ်ဦးနဲ့တစ်ဦး အကွာအဝေးတစ်ခုခြားပြီး နေထိုင်ရမယ် ဆိုပြီး သတ်မှတ်ထားခဲ့တဲ့အတွက် ရာသီပေါ်တုပ်ကွေး ကူးစက်မှုတွေ လျော့ကျသွားတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(484) ကိုဗစ်နဲ့ ရာသီပေါ် တုပ်ကွေး ကူးစက်မှု တစ်ပြိုင်တည်း ဖြစ်ပွားလာနိုင်။
အပိုင်း− ၁ ဖြစ်နိုင်ခြေ မြင့်မားလာတဲ့ ကူးစက်မှုနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေရဲ့ သတိပေးချက်။

အဖြေ− ဂျပန်နိုင်ငံမှာ ၂၀၂၂ခုနှစ် နွေရာသီကစပြီး တစ်နေ့တာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် အရေအတွက် ကျဆင်းလာခဲ့ပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေကို သိသိသာသာ ဖြေလျှော့ပေးခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း ခရီးသွားလာမှု တွန်းအားပေးတဲ့အနေနဲ့ ဂျပန်အစိုးရက ခရီးသွားလာခြင်းကို ထောက်ပံ့မှုပေးတဲ့ အစီအစဉ်ကိုလည်း စတင်ခဲ့ပါတယ်။ တစ်ဘက်မှာလည်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေ စိုးရိမ်နေကြတာကတော့ အခုဆောင်းရာသီမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ်တုပ်ကွေးကူးစက်မှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနိုင်ခြေရှိတဲ့အချက် ဖြစ်ပါတယ်။
အခုတစ်ကြိမ်မှာတော့ ကူးစက်မှုတွေ ဘယ်လိုအနေအထားနဲ့ ဖြစ်မယ်လို့ ခန့်မှန်းထားလဲဆိုတာအပြင် ဘယ်လို တုံ့ပြန်ဆောင်ရွက် ကြမလဲ၊ အစိုးရရဲ့ စီမံဆောင်ရွက်ချက်တွေက ဘယ်လိုရှိသလဲ စတဲ့ သတင်းအချက်အလက်တွေကို လေ့လာကြည့်ပါမယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၂နှစ်ရဲ့ ဆောင်းရာသီမှာ COVID နဲ့ ရာသီပေါ် တုပ်ကွေး နှစ်မျိုးလုံး ကူးစက်မှု တစ်ပြိုင်နက် ဖြစ်ပွားတာမျိုး မရှိခဲ့ပါဘူး။ ဒါဆိုရင် ၂၀၂၂ ဆောင်းရာသီက အရင်နှစ်တွေနဲ့ဘာတွေ ကွာခြားနေပါသလဲ။
ကိုဗစ်ရောဂါကို တုံ့ပြန်ကိုင်တွယ်ဆောင်ရွက်လာတဲ့ ကျွမ်းကျင် ပညာရှင်တွေက အောက်တိုဘာလ ၅ ရက်နေ့မှာ ရှေ့လျှောက် ဖြစ်လာနိုင်တဲ့ ကူးစက်မှုအလားအလာနဲ့ပတ်သက်ပြီး စာတမ်း တစ်စောင်ကို ကျန်းမာရေးဝန်ကြီးဌာနက ကျွမ်းကျင်ပညာရှင်များ အဖွဲ့ဆီ တင်ပြခဲ့ပါတယ်။ အဲဒီစာတမ်းမှာ ၂၀၂၂ အောက်တိုဘာလ ကနေ ၂၀၂၃ မတ်လအထိ ၆ လတာကာလအတွင်း ရာသီပေါ်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနဲ့အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ မြင့်မားလာနိုင်တယ်လို့ ရေးသားထားပါတယ်။
အဲဒီစာတမ်းမှာတင်ပြမှုအရ တစ်ပြိုင်နက် ဖြစ်ပွားလာနိုင်တဲ့ ကူးစက်မှုတွေကို ကြိုတင်စဉ်းစားပြီး ကိုင်တွယ်ဖြေရှင်းနည်း အစီအမံတွေ ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်ပညာရှင်များအဖွဲ့က ထောက်ပြခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အစိုးရအကြံပေးအဖွဲ့က အောက်တိုဘာလ ၁၃ ရက်နေ့က ရာသီပေါ်တုပ်ကွေးရောဂါနဲ့ ကိုဗစ် ကူးစက်ရောဂါ နှစ်မျိုး တစ်ပြိုင်နက်တည်းဖြစ်ပွားရင် ဆောင်ရွက်ရမယ့် လုပ်ငန်းအစီအစဉ်တွေကို ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကတော့ တစ်နေ့တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၄၅၀,၀၀၀ ရှိပြီး၊ တစ်နေ့တာ ရာသီပေါ်တုပ်ကွေး ကူးစက်ခံရသူ အရေအတွက် ၃၀၀,၀၀၀ အထိရှိတဲ့အခါနဲ့၊ ကူးစက်မှု အမြင့်ဆုံး အနေနဲ့ တစ်နေ့တာကို ၇၅၀,၀၀၀ အထိ ကူးစက်ခံရတဲ့အခါ ဘယ်လိုမျိုး စီမံဆောင်ရွက်မယ်ဆိုတာကို ကြိုတင်တွက်ချက် ပြင်ဆင် ထားဖို့ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(483) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးအမျိုးအစား ၂ မျိုးအကြောင်း ။
အပိုင်း− ၃ ကာကွယ်ဆေးထိုး ဖို့အချိန်ကာလ။

အဖြေ− ဂျပန်နိုင်ငံမှာ မျိုးဗီဇပြောင်း Omicron ရဲ့မျိုးကွဲ BA. 5 အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အောက်တိုဘာလက စပြီးထိုးပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာဘဲ BA.1 မျိုးကွဲကိုပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကိုလည်း ဆက်လက် ထိုးနှံပေးနေပါတယ်။
အဲဒီ ကာကွယ်ဆေးအမျိုးအစား ၂-မျိုးကိုထိုးရမယ့် အချိန် ကာလနဲ့ပတ်သက်ပြီး လေ့လာကြည့်ကြရအောင်။
မူလကိုဗစ်ကာကွယ်ဆေးကို ဒုတိယအကြိမ်အထိ ထိုးပြီးသွားတဲ့ အသက် ၁၂ နှစ်နဲ့အထက်ရှိပြီးသူ အားလုံး နောက်ဆုံးကာကွယ်ဆေးထိုးခဲ့တာ ၃လပြည့်ပြီးရင် အခုပေါ်လာတဲ့ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေ ထိုးနိုင်ပါတယ်။ အခု ၂၀၂၂−ခုနှစ်ထဲမှာ လူပေါင်း သန်းတစ်ရာလောက်ကို ဒီကာကွယ်ဆေး အမျိုးအစားသစ်တွေ ထိုးပေးနိုင်မယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
Pfizerရဲ့ BA.1ကိုပစ်မှတ်ထားတဲ့ ကာကွယ်ဆေး နဲ့ BA.5 မျိုးကွဲကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေနဲ့ Modernaရဲ့ BA.1 ကိုပစ်မှတ်ထားတဲ့ ကာကွယ်ဆေး စုစုပေါင်း အကြိမ်ရေ ၉၉ သန်း ၈ သောင်းကို နိုဝင်ဘာလကုန်အထိအတွင်းမှာ နိုင်ငံတစ်ဝန်းကို ဖြန့်ပေးဖို့ စီစဉ်ထားပါတယ်။
ကုမ္ပဏီတွေက လုပ်ငန်းခွင်မှာ ကာကွယ်ဆေးထိုးနှံပေးဖို့ BA.1 မျိုးကွဲကိုပစ်မှတ်ထားတဲ့ Moderna ကာကွယ်ဆေး ၅ သန်း သီးခြားအနေနဲ့ လုံလုံလောက်လောက် ရှိနေပါတယ်။ ၂၀၂၂ နှစ်ကုန်နဲ့ ၂၀၂၃ နှစ်သစ်ကူးအားလပ်ရက်တွေမှာ ကူးစက်မှုအဋ္ဌမလှိုင်း ဖြစ်နိုင်ခြေရှိတဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကာကွယ်ဆေးထိုးဖို့ ဆန္ဒရှိသူအားလုံး ဆေးထိုးနိုင်အောင် လုပ်ဆောင်သွားမယ်လို့ အဲဒီဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(482) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးအမျိုးအစား ၂ မျိုး
အပိုင်း− ၂ ဘယ်ကာကွယ်ဆေးက ပိုထိရောက်မှု ရှိသလဲ။

အဖြေ− ဂျပန်နိုင်ငံမှာ မျိုးဗီဇပြောင်း Omicron ရဲ့မျိုးကွဲ BA. 5 အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးကို အောက်တိုဘာ လက စပြီးထိုးပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာဘဲ BA.1 မျိုးကွဲကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကိုလည်း ထိုးနှံပေးနေပါတယ်။
အဲဒီ ကာကွယ်ဆေး အမျိုးအစား ၂မျိုးကို ဂျပန်မှာ ဘယ်လို ထိုးနှံနိုင်မလဲ လေ့လာကြည့်ပါမယ်။
ကိုဗစ်ကာကွယ်ဆေး ထိုးမယ်ဆိုရင် BA.5 ကိုပစ်မှတ်ထားတဲ့ ကာကွယ်ဆေးလား။ BA.1 ကာကွယ်ဆေးလား။ ဘယ်တစ်ခုကို ထိုးသင့်ပါသလဲ။
ကာကွယ်ဆေးနှစ်မျိုးလုံးမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲဗိုင်းရပ်စ်တွေကို အရင်ကာကွယ်ဆေးတွေထက် ပိုပြီးထိထိရောက်ရောက် ကာကွယ်နိုင်တဲ့အပြင် နောက်ထပ် မျိုးကွဲဗိုင်းရပ်စ်တွေ ထွက်လာရင်လည်း ထိရောက်စွာ ကာကွယ်နိုင်စွမ်း ရှိနိုင်တယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီ ကာကွယ်ဆေး နှစ်မျိုးရဲ့ ထိရောက်မှုအစွမ်းကို နှိုင်းယှဉ်ကြည့်ထားတဲ့ ဒေတာအချက်အလက်တွေ လောလောဆယ်မှာ မရနိုင်သေးဘူးလို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ ကိုယ်နေထိုင်ရာဒေသအလိုက် ရရှိနိုင်တဲ့ ဒီကာကွယ်ဆေး နှစ်မျိုးထဲက တစ်မျိုးကို အမြန်ဆုံး ထိုးပါလို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူ Kitasato တက္ကသိုလ်က ပါမောက္ခ Nakayama Tetsuo က " လက်ရှိကူးစက်ပျံ့နှံ့နေတဲ့ အိုမီခရွန်ရဲ့မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် BA.5 ကူးစက်တာ၊ ရောဂါဖြစ်တာကို ကာကွယ်ရာမှာ လတ်တလော ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေဟာ ပိုပြီး ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ မူလက ကိုရိုနာဗိုင်းရပ်စ်နဲ့ ယခင်မျိုးဗီဇကွဲ ဗိုင်းရပ်စ်တွေရဲ့ ကွဲပြားခြားနားမှုနဲ့ နှိုင်းယှဉ်ရင် BA.5 နဲ့ BA.1 မျိုးကွဲရဲ့ ကွဲပြား ခြားနားမှုက သိပ်မများပါဘူး။ BA.1 ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးဟာလည်း ရောဂါလက္ခဏာတွေ ပြင်းထန်မလာအောင် ကာကွယ်ရာမှာ ထိရောက်ပါတယ်။
BA.1 ကိုပစ်မှတ်ထားတဲ့ ကာကွယ်ဆေးထိုးဖို့ ကြိုတင်စာရင်းသွင်း ထားပြီးသားဆိုရင် အဲဒီကာကွယ်ဆေးကိုပဲ သွားထိုးသင့်တယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(481) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးအမျိုးအစား ၂ မျိုးအကြောင်း။
အပိုင်း− ၁ ကာကွယ်ဆေးတွေကို ရွေးချယ်ပြီး ထိုးနိုင်သလား။

အဖြေ− ဂျပန်နိုင်ငံမှာ မျိုးဗီဇပြောင်း Omicron ရဲ့မျိုးကွဲ BA. 5 အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အောက်တိုဘာလမှာ စပြီးထိုးပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာဘဲ BA. 1 မျိုးကွဲကိုပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို လည်း ထိုးနှံပေးနေပါတယ်။
အခုတစ်ကြိမ်မှာ အဲဒီ ကာကွယ်ဆေးတွေထိုးတာနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို မျှဝေပေးပါမယ်။
ဂျပန်ကျန်းမာရေးဝန်ကြီးဌာနဟာ ကာကွယ်ဆေး အမျိုးအစား ၂ခုနဲ့ ပတ်သက်ပြီး သက်တမ်းကုန်ရက်စောတဲ့ ကာကွယ်ဆေးတွေကို အရင်အသုံးပြုဖို့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို တိုက်တွန်းထား ပါတယ်။
ကာကွယ်ဆေးထိုးပေးတဲ့ နေရာတွေဆီကို အိုမီခရွန်ရဲ့ မျိုးကွဲ BA.5 ကိုပစ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေရောက်ရှိချိန်မှာ BA.1 မျိုးကွဲကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေး လက်ကျန်ရှိနေဦးမယ်ဆိုရင် အရင်ကာကွယ်ဆေးတွေ အလဟဿ မဖြစ်အောင် သက်တမ်း ကုန်ဆုံးရက်စောတဲ့ ကာကွယ်ဆေးတွေကို အရင်သုံးဖို့ လိုအပ်တယ်လို့ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် BA.1 မျိုးကွဲ ကာကွယ်ဆေးထိုးပေးတာကနေ BA.5 မျိုးကွဲ ကာကွယ်ဆေးကို ထိုးပေးဖို့ စလုပ်ချိန်မှာ ကာကွယ်ဆေး၂မျိုးလုံးကို တစ်ပြိုင်နက်တည်း သုံးတာမျိုးလည်း လုပ်နိုင်တယ် ဆိုပါတယ်။
ဒါဆိုရင် ကာကွယ်ဆေးထိုးခံမယ့်သူတွေအနေနဲ့ မိမိထိုးလိုတဲ့ ကာကွယ်ဆေး အမျိုးအစားကို ရွေးချယ်နိုင်ခွင့်ရှိသလား ။
ဘယ်ကာကွယ်ဆေးအမျိုးအစားကို အသုံးပြုမယ်ဆိုတဲ့ သတင်း အချက်အလက်ကို လူတွေကာကွယ်ဆေးထိုးဖို့ ကြိုတင်စာရင်း ပေးချိန်မှာ ပြောမယ်၊မပြောဘူးဆိုတာ ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တိုင်းဟာ ဒေသတွင်း နေထိုင်သူတွေအတွက် BA.1 မျိုးကွဲ ကာကွယ်ဆေးနဲ့ BA.5 မျိုးကွဲ ကာကွယ်ဆေးတွေ ၂မျိုးပေါင်းပြီး ဒေသအလိုက် ကာကွယ်ဆေး အလုံအလောက် ရရှိအောင် ခွဲဝေပေးမယ်ဆိုတာကို သိရှိထားဖို့ လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(480) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၇ ဂျပန်အစိုးရရဲ့ ရပ်တည်ချက်။

အဖြေ− ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ပတ်သက်ပြီး ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့စနစ်ဟာ စက်တင်ဘာလ ၂၆ ရက်က စတင် အသက်ဝင်ခဲ့ပါတယ်။ အဲဒီစနစ်သစ်မှာ ဘာတွေ ပြောင်းလဲသွားသလဲ။ စိုးရိမ်စရာ ဘာတွေရှိသလဲဆိုတာနဲ့ပတ်သက်ပြီး လေ့လာနေပါတယ်။ အဲဒီစနစ်သစ်အပေါ် ဂျပန်အစိုးရရဲ့သဘောထားကို သေသေချာချာ လေ့လာကြည့်ကြရအောင်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့အစီရင်ခံခြင်းစနစ်ရဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီး Kato Katsunobu ကသတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။ " ဒီစနစ်ကို တခြားနေရာတွေထက်စောပြီး လက်ခံကျင့်သုံးတဲ့ ခရိုင်ဒေသန္တရတွေဟာ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ဝန်ထုပ်ဝန်ပိုး ပိုမိုနည်းလာတယ်လို့ အစီရင်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အဲဒီစနစ်သစ်က ကိုဗစ်ကူးစက်ခံရသူတွေရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဆက်သွယ်ဖို့လိပ်စာ စတဲ့ အချက်အလက်တွေကို ရေးသွင်းဖို့မလိုတာကြောင့် အဲဒီ အချက်အလက်တွေမရှိရင် ကိုဗစ်ကူးစက်ခံရသူတစ်ယောက် ကျန်းမာရေးအခြေအနေ ဆိုးရွားလာတဲ့အခါ ကောင်းကောင်းမွန်မွန် ဆေးကုသမှုခံယူဖို့နဲ့ ဆေးရုံတက်နိုင်ဖို့ အမြန်လုပ်ချင်လည်း မရနိုင်တဲ့အခြေအနေ ရှိနေတယ်လို့ တင်ပြလာတာရှိပါတယ်” ကျန်းမာရေးဝန်ကြီးဌာနဟာ ရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေး အစီအမံတွေကို ချောချောမွေ့မွေ့ အကောင်အထည်ဖော်ဖို့အတွက် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လိုအပ်မယ်ဆိုရင် စနစ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက် သွားမယ်လို့ ဝန်ကြီး Kato က ဆက်ပြီးပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အစီအမံဆိုင်ရာ တာဝန်ခံဝန်ကြီး Yamagiwa Daishiro ကတော့ ဂျပန်မှာ ဆောင်းဦးနဲ့ဆောင်းရာသီမှာ ကူးစက်မှု အဋ္ဌမလှိုင်းဒဏ် ခံရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ ကာလတွေအတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ်တုပ်ကွေး ဗိုင်းရပ်စ်ကို တစ်ပြိုင်နက်တည်း ကူးစက်ခံရတာမျိုးလည်း ရှိလာနိုင်တယ်လို့ သူက သတိပေး ပြောကြားခဲ့ပါတယ်။ အဲဒီလို အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ အသေအချာ လုပ်ဆောင်ထားကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ “ဘာတွေလုပ်သင့်တယ်ဆိုတာကို ပညာရှင်တွေနဲ့ စေ့စေ့စပ်စပ် အပြန်အလှန်ဆွေးနွေးပြီး ခိုင်မာအားကောင်းတဲ့ အစီအစဉ်တွေ ချမှတ်ဖို့ လိုအပ်ကြောင်းနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ သဘောထားအမြင်တွေနဲ့ လူမှုအဖွဲ့အစည်းအပေါ် သက်ရောက်မှုတွေအပါအဝင် စကားပြောဆိုပြီး လုပ်စရာရှိတာတွေကို ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(479) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၆ ကူးစက်မှုကာကွယ်ရေး စနစ်သစ်နဲ့ပတ်သက်ပြီး ပညာရှင်တွေက ဘာ စိုးရိမ်နေလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့စနစ်ဟာ စက်တင်ဘာလ ၂၆ ရက်က စတင်အသက်ဝင်ခဲ့ ပါတယ်။ အဲဒီစနစ်သစ်မှာ ဘာတွေ ပြောင်းလဲသွားသလဲ။ စိုးရိမ်စရာ ဘာတွေရှိသလဲ လေ့လာနေပါတယ်။ ပြောင်းလဲလိုက်တဲ့ စနစ်သစ်ဟာ ကူးစက်မှုအခြေအနေ အသေးစိတ်ကို သုတေသနပြုလေ့လာတဲ့နေရာမှာ ခက်ခဲစေမယ်လို့ ကျွမ်းကျင်သူတစ်ဦးက စိုးရိမ်စကားပြောကြားခဲ့တာကို ကြည့်ကြရအောင်။
အရင်စနစ်ဟောင်းတုန်းက ဗိုင်းရပ်စ်ပိုးစစ်ဆေးတွေ့ရှိသူ အားလုံးရဲ့ နေရပ်လိပ်စာ၊ ပေါ်လာတဲ့ရောဂါလက္ခဏာတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကူးစက်မှုလမ်းကြောင်း အပါအဝင် သူတို့ရဲ့ အသေးစိတ် အချက်အလက်တွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ HER-SYS ဟားစ(စ်)လို့ခေါ်တဲ့ COVID-19ဆိုင်ရာ ကွန်ပြူတာကွန်ရက်စနစ် ထဲမှာ စာရင်းသွင်းရပါတယ်။
ကျွမ်းကျင်သူတွေဟာ စာရင်းသွင်းထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ရောဂါကူးစက်မှုအရေအတွက် အများဆုံးနေရာ၊ အဓိကကူးစက်မှုလမ်းကြောင်းနဲ့ ဒေသတစ်ခုစီမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု ဘယ်လောက်မြန်သလဲ စတာတွေကို အသေးစိတ် သုတေသနလုပ် လေ့လာပါတယ်။ အစိုးရက အဲဒီလေ့လာသုံးသပ်မှုတွေအပေါ် အခြေခံပြီး ရောဂါပိုး ကာကွယ်တားဆီးရေး အစီအမံတွေကို ရေးဆွဲ ချမှတ်လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုရိုးရှင်းတဲ့ပုံစံနဲ့ အစီရင်ခံခြင်းစနစ်ကို အရင်ဆုံးကျင့်သုံးခဲ့တဲ့ ခရိုင်တွေမှာတော့ အစိုးရရဲ့ ကိုဗစ်ဆိုင်ရာ ကွန်ပြူတာကွန်ရက်စနစ်ထဲကို ကူးစက်ခံရသူဦးရေ ထည့်သွင်းတဲ့အခါ အမှန်တကယ် ကူးစက်ခံရသူ အရေအတွက်ထက် စာရင်းက အများကြီးနည်းသွားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ အချက်အလက်တွေကို လေ့လာသုံးသပ်လာခဲ့တဲ့ ကျိုတိုတက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi က ကိုဗစ် ကူးစက်ခံရသူတစ်ဦးကနေ နောက်ထပ်လူဘယ်လောက်ကို ထပ်ပြီး ကူးစက်သလဲဆိုတာကိုပြတဲ့ ဆင့်ပွားကူးစက်မှုနှုန်းကို အမြန်သိနိုင်ဖို့ တွက်ချက်တာ လုပ်လို့မရတော့ဘူးလို့ ဆိုပါတယ်။
ရောဂါပိုး ကာကွယ်တားဆီးရေးအစီအမံတွေရဲ့ ထိရောက်မှုရှိမရှိနဲ့ လူတွေရဲ့ သွားလာလှုပ်ရှားမှု အပြောင်းအလဲဟာ ကူးစက်မှု အခြေအနေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနေသလဲ ဆိုတာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တော့မှာ မဟုတ်ဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။
ရိုးရှင်းတဲ့စနစ်နဲ့ အစီရင်ခံခြင်းမှာ ရောဂါပိုးကူးစက်ခံရသူတွေရဲ့ ကာကွယ်ဆေးထိုးမှတ်တမ်းတွေကိုလည်း ရေးသွင်းစရာ မလိုတော့တာကြောင့် ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုနဲ့ ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းရှိနေသူတွေ ဘယ်လောက်ရှိနေပြီလည်း ဆိုတာကို လေ့လာသုံးသပ်ဖို့ကလည်း မဖြစ်နိုင်တော့ဘူးလို့ ပါမောက္ခ Nishiura က ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါဟာ ကာကွယ်ဆေး အားဖြည့်ထိုးနှံရမယ့် အချိန်ကာလကို ဆုံးဖြတ်တဲ့အပေါ်မှာလည်း သက်ရောက်မှု ရှိလာနိုင်တယ်လို့ သူက ပြောပါတယ်။
အလွှာပေါင်းစုံကနေ သတင်းအချက်အလက်တွေကို စုဆောင်းပြီး ဘယ်လိုအန္တရာယ်တွေရှိသလဲဆိုတဲ့ အကဲဖြတ်မှုမျိုး လုပ်ဆောင်နိုင်မလားဆိုတာကို စဉ်းစားဖို့လိုတယ်လို့ ပါမောက္ခ Nishiura က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(478) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၅ ကပ်ရောဂါအပေါ် အစိုးရရဲ့တုံ့ပြန်ဆောင်ရွက်ပုံ အပြောင်းအလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့စနစ်ဟာ စက်တင်ဘာလ ၂၆ ရက်က စတင်အသက်ဝင်ခဲ့ပါတယ်။ အဲဒီစနစ်သစ်မှာ ဘာတွေ ပြောင်းလဲသွားသလဲ။ စိုးရိမ်စရာ ဘာတွေရှိသလဲ လေ့လာနေပါတယ်။ အခုတစ်ခါ ကပ်ရောဂါအပေါ် ဂျပန်အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်ပုံ အချိန်နဲ့အမျှ ပြောင်းလဲလာတာက ဘာတွေလဲ ဆိုတာ လေ့လာကြပါမယ်။
ဂျပန်အစိုးရဟာ မျိုးဗီဇပြောင်းကိုရိုနာ ဗိုင်းရပ်စ်အသစ်တွေရဲ့ အသွင်ပြောင်းပုံလက္ခဏာတွေနဲ့ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်း တိုးတက်လာတာတွေပေါ် မူတည်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ နဲ့ပတ်သက်တဲ့ မူဝါဒတွေကို ပြောင်းလဲလာခဲ့ပါတယ်။
ဥပမာ ရောဂါလက္ခဏာမပြဘဲ ကိုဗစ် ကူးစက်နေသူတွေကို မိမိအိမ်မှာပဲ နေကောင်းလာတဲ့အထိနေဖို့ဆိုတဲ့ မူဝါဒကို ပြောင်းလဲခဲ့တာရှိပါတယ်။ လူတွေ သွားလာလှုပ်ရှားမှုနဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်တဲ့အချိန် စတာတွေအပေါ် ကန့်သတ်ချက်တွေ ကိုလည်း ပြန်သုံးသပ်ခဲ့ပြီး ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။
အခုလို အပြောင်းအလဲတွေလုပ်လာချိန်မှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာခဲ့ချိန်မှာလည်း လူငယ်တွေမှာ ပြင်းထန်တဲ့လက္ခဏာဖြစ်ပွားနိုင်ခြေ နည်းပါးခဲ့တဲ့အပြင် ရောဂါပိုးဟာ ဘားတွေ၊စားသောက်ဆိုင်တွေမှာ ကူးတာကနေ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေကျောင်းတွေကနေ ကူးစက်ပျံ့နှံ့တာ ဖြစ်လာပြီးနောက်မှာ အိမ်တွေမှာ ကူးစက်တာအဖြစ် ပြောင်းလဲသွားတာကို ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့တဲ့အတွက် အစိုးရက ကန့်သတ်ချက်အသစ်တွေ ထပ်မချဘဲ လူမှုရေးလှုပ်ရှားမှုနဲ့ စီးပွားရေး လုပ်ငန်းလည်ပတ်မှုကို ဆက်ထိန်းထားရင်းနဲ့ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ထပ်မဖြစ်အောင် ကာကွယ်တားဆီးတဲ့ နည်းလမ်းကို ပြောင်းလဲခဲ့ပါတယ်။
အဲဒီနောက် ဂျပန်ဟာ Omicron မျိုးဗီဇပြောင်း ကိုဗစ်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း နိုင်ငံအများအပြားဟာလည်း လူမှုရေးနဲ့စီးပွားရေး လုပ်ငန်းတွေကို ကပ်ရောဂါကြီး မဖြစ်ခင်ကအဆင့်ကို ပြန်ရောက်အောင် ဆောင်ရွက်လာကြတာ ဖြစ်တဲ့အတွက် ဂျပန်အစိုးရဟာ အသက်အရွယ်ကြီးသူတွေနဲ့ ရောဂါပိုးကူးစက်နိုင်ခြေ များတဲ့သူတွေကိုပဲ အဓိကထား အာရုံစိုက် ဆေးကုသပေးနိုင်ဖို့ ရည်ရွယ်ပြီး ကိုဗစ်ကူးစက်သူနဲ့ပတ်သက်တဲ့ အစီရင်ခံခြင်းစနစ်ကို ရိုးရှင်းတဲ့ပုံစံကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်လူနာတွေ သီးခြားခွဲ နေထိုင်ရမယ့်ကာလ တိုလိုက်ပါတယ်။ ပြည်ပခရီးသွားတွေ ဂျပန်ဝင်ခွင့် ကန့်သတ်ချက်တွေကိုလည်း ဖြေလျှော့ပေးလိုက်ပါတယ်။
နောက်ထပ် ကူးစက်ပြန့်ပွားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထပ်ဖြစ်လာခဲ့ ရင်တောင် ဂျပန်အစိုးရက နိုင်ငံ့ဆေးဘက်ဆိုင်ရာနဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေ ပုံမှန်ဆက်လက် လည်ပတ်နေအောင် လုပ်ရင်းနဲ့ လက်ရှိအနေအထားအတိုင်း လူမှုရေးနဲ့ စီးပွားရေး လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်အောင် ထိန်းထားဖို့ စီစဉ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ သဘောထားအမြင်တွေနဲ့ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေရဲ့ ကူးစက်မှုအခြေအနေတွေကို စောင့်ကြည့်သွားရင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ ယှဉ်တွဲနေထိုင်တဲ့ခေတ်မှာ ရောဂါပိုး ကူးစက်မှုကို ကာကွယ်တားဆီးနိုင်တဲ့ မူဝါဒကို သုံးသပ်ရင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(477) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၄ ဒီစနစ်သစ်က ပြည်သူ့ကျန်းမာရေးစင်တာတွေရဲ့ အလုပ်ဝန်ကို လျှော့ချပေးနိုင်မလား။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့ နည်းနဲ့ အစီရင်ခံတဲ့စနစ်ဟာ စက်တင်ဘာ ၂၆ ရက်က စတင်အသက်ဝင်ခဲ့ပါတယ်။ အဲဒီစနစ်သစ်မှာ ဘာတွေ ပြောင်းလဲသွား သလဲ။ စိုးရိမ်စရာ ဘာတွေရှိသလဲ လေ့လာနေပါတယ်။ ဒီစနစ်သစ်ဟာ ဆေးရုံဆေးခန်းတွေနဲ့ ပြည်သူ့ ကျန်းမာရေးဌာနတွေရဲ့ အလုပ်ဝန်ကို လျှော့ချပေးနိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီး တိုကျိုက ပြည်သူ့ကျန်းမာရေးစင်တာ တစ်ခုရဲ့ အကြီးအကဲ ပြောတာကို လေ့လာကြည့်ပါမယ်။
တိုကျို၊ Kita မြို့နယ်မှာရှိတဲ့ ပြည်သူ့ကျန်းမာရေးစင်တာအကြီးအကဲ Maeda Hideo ဟာ ကိုဗစ်ရောဂါဆိုင်ရာ အစိုးရရဲ့ ကျွမ်းကျင် ပညာရှင်များအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
ရိုးရှင်းတဲ့အစီရင်ခံခြင်းစနစ်ရဲ့အကျိုးကျေးဇူးတစ်ခုကတော့ ရောဂါပိုးကူးစက်မှု သတ္တမလှိုင်းတုန်းကလို ဆရာဝန်နဲ့ အလွယ်တကူ မပြနိုင်တာမျိုး မရှိတော့ဘဲ သက်ကြီး ရွယ်အိုတွေနဲ့ ရောဂါအခံရှိသူ တွေဟာ ဆေးရုံဆေးခန်းတွေမှာ ပိုပြီး အလွယ်တကူ ကုသနိုင်မှာ ဖြစ်တယ်လို့ သူကပြောပါတယ်။
ပြည်သူ့ကျန်းမာရေးဌာနတွေရဲ့ အလုပ်ဝန်နဲ့ပတ်သက်ပြီး မစ္စတာ Maeda က အခုလုပ်ရတဲ့ ရိုးရှင်းလွယ်ကူတဲ့အလုပ်ကတော့ သိသိသာ သာ လျော့သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အပျော့စားရောဂါ လက္ခဏာရှိသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို စာရင်းသွင်း တာမလုပ်တော့တာကြောင့် အဲဒီသူတွေထဲကတစ်ဦးဦး ရောဂါ အခြေအနေ ဆိုးရွားလာတဲ့အခါ ကျန်းမာရေးစင်တာတွေအနေနဲ့ ဘယ်လို ကူညီရမလဲဆိုတာ အသေးစိတ် စစ်ဆေးဖို့ လုပ်ငန်းစဉ်တွေ ရှုပ်ထွေးလာမယ်။ တကယ်တမ်း အလုပ်ဝန်ပေါ့သွားတယ် လို့တောင် ပြောရတာခက်ပါတယ်လို့ သူက ပြောပါတယ်။
ရိုးရှင်းတဲ့စနစ်နဲ့ပဲ အစီရင်ခံဖို့လိုတာကြောင့် အသေးစိတ် စာရင်းသွင်းထားဖို့မလိုတဲ့ ကိုဗစ်လူနာတွေဟာ (けんこうフォローアップセンター )လို့ခေါ်တဲ့ နောက်ဆက်တွဲကျန်းမာရေး စစ်ဆေးပေးတဲ့စင်တာတွေမှာ စာရင်းပေးသွင်းထားနိုင်ပါတယ်။ ဒီလို စာရင်းသွင်းထားပြီး အိမ်မှာပဲ နေထိုင်ကုသနေစဉ် ရောဂါအခြေအနေ ပိုဆိုးလာရင် အဲဒီကျန်းမာရေး စင်တာတစ်ခုခုနဲ့ ဆက်သွယ် တိုင်ပင်ပါ။ အဲဒီစင်တာတွေက လူနာကုသဖို့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း တစ်ခုခုကို လမ်းညွှန်ပါလိမ့်မယ်။
တိုကျိုမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အသက် ၆၄ နှစ် ဒါမှမဟုတ် အဲဒါထက်ငယ်ရွယ်သူတွေအနေနဲ့ အကူအညီရဖို့ အွန်လိုင်း ကနေ စာရင်းပေးသွင်းထားနိုင်ပါတယ်။
ဒါပေမယ့် အွန်လိုင်းကနေ စာရင်းပေး ဆက်သွယ်ဖို့ အခက်အခဲ ရှိသူတွေအနေနဲ့ ဆေးရုံဒါမှမဟုတ် fever clinic (ဖျားနာကုအခမဲ့ ဆေးခန်း)တွေကို ချက်ချင်း ဆက်သွယ် ကုသကြပါလို့ Kita ခရိုင်က မစ္စတာ Maeda က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(476) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၃ ရောဂါလက္ခဏာအနည်းငယ်ပဲ ပြတဲ့လူနာတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ပုံနည်းလမ်း။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့စနစ်ဟာ စက်တင်ဘာ ၂၆ ရက်က စတင် အသက်ဝင်ခဲ့ပါတယ်။ အဲဒီစနစ်သစ်မှာ ဘာတွေပြောင်းလဲသွား သလဲ။ စိုးရိမ်စရာ ဘာတွေရှိသလဲ လေ့လာနေပါတယ်။ တော့ ကိုဗစ်ကူးစက်ပြီးအပျော့စား ရောဂါလက္ခဏာပဲ ပြသသူ ဒါမှမဟုတ် လုံးဝရောဂါလက္ခဏာမရှိသူ တွေရဲ့ ကူးစက်မှု ကို ဘယ်လို ခြေရာခံလိုက်ဖို့ အာဏာပိုင်တွေက စီစဉ်ထားသလဲ ဆိုတာကို လေ့လာကြပါမယ်။
ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့ ဒီစနစ်သစ်မှာ မိမိဖာသာ ကိုဗစ်ရှိမရှိ စစ်ဆေးကြည့်ပြီး အပျော့စားရောဂါလက္ခဏာရှိသူ ဒါမှမဟုတ် လက္ခဏာမပြတဲ့ ကိုဗစ်ပိုးရှိသူတွေဟာ (けんこうフォローアップセンター )လို့ခေါ်တဲ့ နောက်ဆက်တွဲကျန်းမာရေး စစ်ဆေးပေးတဲ့ စင်တာတွေမှာ စာရင်းပေးသွင်းပြီးရင် ဆေးရုံမှာ သွားပြစရာမလိုဘဲ အိမ်မှာပဲ နေကောင်းတဲ့အထိ အနားယူ နိုင်အောင်လုပ်ထားပါတယ်။
မိမိဖာသာ သီးခြားခွဲနေထိုင်ဖို့ နေရာမရှိရင်ပေးဖို့ အကူအညီ တောင်းခံ နိုင်သလို စားဖို့သောက်ဖို့ အိမ်ကို ပို့ပေးစေချင်တယ်ဆိုရင်လည်း အကူအညီတောင်းခံနိုင်ပါတယ်။ မိမိအိမ်မှာ ပြန်နာလန်ထူလာအောင် အနားယူနေစဉ်အတွင်း ရောဂါလက္ခဏာ အခြေအနေဆိုးရွားလာတယ် ဆိုရင် (けんこうフォローアップセンター )လို့ခေါ်တဲ့ နောက်ဆက်တွဲကျန်းမာရေး စစ်ဆေးပေးတဲ့စင်တာတွေကို ဆက်သွယ် ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ စင်တာက ဆေးကုသဖို့ ဆေးဘက် ဆိုင်ရာ ဌာနတစ်ခုခုကို ဆက်သွယ်ညွှန်ကြားပေးပါမယ်။
ဆေးဘက်ဆိုင်ရာဌာနတွေဟာ အရင်ကလို ကိုဗစ်ကူးစက်ထားသူတွေ ရဲ့အခြေအနေကို စောင့်ကြည့်တော့မှာ မဟုတ်တဲ့အတွက် ရုတ်တရက် ရောဂါအခြေအနေဆိုးရွားလာတဲ့အခါ လူနာတွေကို ဆေးကုသဖို့ ဆေးရုံဆေးခန်းတွေနဲ့ အမြန်ချိတ် ဆက်နိုင် အောင် (けんこうフォローアップセンター )လို့ခေါ်တဲ့ နောက်ဆက်တွဲကျန်းမာရေး စစ်ဆေးပေးတဲ့စင်တာတွေရဲ့လိပ်စာ စတဲ့ ဆက်သွယ်နည်းတွေကို အများသိအောင် ဖြန့်ဝေဖို့နဲ့ လူတွေက မိမိဖာသာ သီးခြားခွဲ နေထိုင်ကြဖို့ တောင်းဆိုတာလိုမျိုး ရောဂါပိုးကူးစက်မှု ကာကွယ် တားဆီးရေး အစီအမံတွေကိုဘယ်လို ဆက်လုပ်သွားမလဲဆိုတာလည်း စဉ်းစားရပါဦးမယ်။
အသေးစိတ်အစီရင်ခံတဲ့စနစ်ကို ဖြေလျှော့လိုက် တာကြောင့် အုပ်စုလိုက် ကိုဗစ်ကူးစက်ပြီဆိုရင် သတင်း အချက်အလက်တွေ စုဆောင်း ရရှိဖို့ ခက်ခဲသွားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့ပါတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ တွေနဲ့ ကူးစက်နိုင်မယ့်အန္တရာယ်များတဲ့ ဆေးကုသရေးနေရာတွေမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှု မကြီးထွားလာအောင် ကာကွယ်တားဆီးရေး အစီအမံ တွေကို ဆက်လက်လုပ်ဆောင်ကြဖို့ ခရိုင်တွေကို တိုက်တွန်းနေပါ တယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(475) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၂ ကူးစက်ခံရသူတွေ ကို ဘယ်လို ခြေရာခံရှာဖွေမလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့စနစ်ဟာ စက်တင်ဘာ ၂၆ ရက်က စတင်အသက်ဝင်ခဲ့ပါတယ်။ အဲဒီစနစ်သစ်မှာ ဘာတွေ ပြောင်းလဲ သွားသလဲ။ စိုးရိမ်စရာ ဘာတွေရှိသလဲ လေ့လာနေပါတယ်။ အခု အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရသူ အသစ် ရှိရင် ဘယ်လို ခြေရာခံလိုက်ပြီးသိအောင် စီစဉ်ထား သလဲ ဆိုတာကို လေ့လာကြပါမယ်။
ဂျပန်အစိုးရဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေအကြား ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အလုပ်ဝန်ကို လျှော့ချဖို့နဲ့ အသက်အရွယ်ကြီးသူတွေနဲ့ ရောဂါပြင်းထန် လာနိုင်ခြေမြင့်မားသူတွေကို ပိုမိုအာရုံစိုက် ကုသမှုပေးနိုင်ဖို့ ရည်ရွယ် ပြီး ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့အစီရင်ခံ စနစ် တစ်ခုကို စတင် ကျင့်သုံး ခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ အရင်ကဆိုရင် ကိုဗစ်လူနာ အားလုံးရဲ့ နာမည်အပြင် အခြားအသေးစိတ် အချက်အလက်တွေ ဖြစ်တဲ့ ရောဂါလက္ခဏာ စပြီးဖြစ်ပေါ်တဲ့အချိန်၊ ကူးစက်ခံရသူတွေကို ဆက်သွယ်ဖို့ လိပ်စာဖုန်းနံပါတ် စတာတွေကို HER-SYS (ဟားစ(စ်) လို့ခေါ်တဲ့ အစိုးရကချုပ်ကိုင်ထားတဲ့ COVID-19 ဆိုင်ရာ ကွန်ပြူတာကွန်ရက်စနစ်ထဲကို ထည့်ပြီး ပြည်သူ့ကျန်းမာရေးစင်တာ တွေဆီ သတင်းပို့ရပါတယ်။ အခုစနစ်သစ်မှာတော့ အသက် ၆၅နှစ်နဲ့ အထက်ရှိသူတွေ၊ ဆေးရုံတက်ဖို့ လိုအပ်သူတွေလိုမျိုး ရောဂါပြင်းထန် လာမယ့်အန္တရာယ် မြင့်မားသူတွေနဲ့ ပတ်သက်ပြီးတော့ပဲ အစီရင်ခံ တင်ပြဖို့ လိုအပ်ပါတယ်။
ရောဂါလက္ခဏာမပြင်းထန်သူတွေအပါအဝင် ရောဂါပိုးကူးစက်ခံရသူ အသက်အရွယ်အုပ်စု တစ်ခုစီတိုင်းရဲ့ အရေအတွက် စုစုပေါင်း ကို "HER-SYS"(ဟားစ(စ်) စနစ်က ဆက်ပြီးခြေရာခံ နိုင်ဖို့လုပ်ထားပါ တယ်။
တစ်ချိန်တည်းမှာပဲ ကူးစက်ခံရသူတစ်ဦးချင်းစီက ပြန်ပြီး နာလန်ထူ သက်သာလာတဲ့အထိ မိမိနေအိမ်မှာပဲ စိတ်ချလက်ချ နေနိုင်အောင် အထောက်အကူပြုမယ့် နည်းလမ်းတွေကိုလည်း စတင်လုပ်ဆောင်နေ ပါတယ်။ ဥပမာ antigen ကို စစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် test kitတွေ အွန်လိုင်းမှာရောင်းချခွင့် ပိတ်ထားတာကို ဖွင့်ပေးလိုက်ပါတယ်။ ခရိုင်တွေအလိုက်(けんこうフォローアップセンター )လို့ခေါ်တဲ့ နောက်ဆက်တွဲကျန်းမာရေး စစ်ဆေးပေးတဲ့စင်တာတွေ ဖွင့်လှစ်ထားတဲ့အပြင် Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးထိုးပေးတာကို လည်း စတင်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေဟာ ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ပျံ့နှံ့မှုတွေ အရမ်းဖြစ်ပွားလာတာကို ကာကွယ် တားဆီးနိုင်မယ်လို့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(474) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၁ ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့စနစ် ဆိုတာဘာလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့ နည်းနဲ့ပဲ အစီရင်ခံတဲ့စနစ်ကို စက်တင်ဘာ ၂၆ ရက်က စတင်ခဲ့ တာကြောင့် နိုင်ငံတစ်ဝန်းက ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ ရောဂါပြင်းထန်တဲ့ လူနာတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုပဲ ဂျပန်အစိုးရဆီကို အစီရင်ခံဖို့ လိုအပ်ပါတယ်။
အစီရင်ခံတဲ့စနစ်မှာ ဘာတွေ ပြောင်းလဲသွားသလဲ။ အဲဒီလို စနစ် ပြောင်းလဲလိုက်တာကြောင့် စိုးရိမ်စရာ ဘာတွေရှိသလဲ။ အဲဒီအစီရင်ခံ စနစ်ကို ဘယ်လို ရှင်းလင်းလွယ်ကူအောင် ပြုလုပ်ထားလဲ ဆိုတာကို အခုတစ်ခါ လေ့လာကြည့်ကြရအောင်။
ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေအလုပ် ဝန်ပိနေတာကို လျှော့ချဖို့ အတွက် ဗဟိုအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ပတ်သက်ပြီး အစီရင်ခံတဲ့ အချက်အလက်တွေကို ရိုးရှင်းအောင် လုပ်လိုက်ပါတယ်။
အသေးစိတ် အချက်အလက် ကို အစီရင်ခံရမယ့်သူတွေက
■အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေ၊
■ဆေးရုံတက်ဖို့ လိုအပ်သူတွေ၊
■ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကိုဗစ်ကူးစက်ခံရတဲ့အခါ ရောဂါ ပြင်းထန်နိုင်ခြေ မြင့်မားသူတွေဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ အဲဒီလို ကန့်သတ်ချက်ထဲ မပါတဲ့ ကိုဗစ်ကူးစက်ခံရသူတွေကိုစုစုပေါင်းဦးရေနဲ့ အသက်အရွယ် အုပ်စုကိုပဲ အစီရင်ခံ တင်ပြဖို့ လိုအပ်ပါတယ်။
အရင်အစီရင်ခံတဲ့စနစ်တုန်းက ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ သူတို့စစ်ဆေးတွေ့ရှိတဲ့ ကိုဗစ်ကူးစက်ခံရသူ အားလုံးရဲ့မှတ်တမ်းကို အစိုးရရဲ့ ကွန်ပြူတာအွန်လိုင်းကွန်ရက်စနစ်ထဲမှာ အသေးစိတ် ထည့်သွင်းရပါတယ်။ အခုစနစ်သစ်ကို စတင်ကျင့်သုံးနေတဲ့ ခရိုင်တွေ က သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အလုပ်ဝန် ပေါ့သွားတယ် ဆိုပါတယ်။
ဒါပေမဲ့ အပျော့စားရောဂါလက္ခဏာပဲ ပြလို့ အစီရင်ခံတဲ့ အထဲမှာ မပါတဲ့ ကူးစက်ခံရသူတွေ ရောဂါအခြေအနေဆိုးလာတဲ့အခါ ဆရာဝန်အမြန်ပြလို့ ရအောင် ပေါင်းကူးဆက်သွယ်ပေးမယ့် စနစ်တစ်ခု ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေနဲ့ တခြားပညာရှင်တွေက ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ သင့်တော်တဲ့ဆောင်ရွက်ချက်တွေ ပြင်ဆင်လုပ်ဆောင်ကြဖို့နဲ့ အပျော့စား ရောဂါလက္ခဏာပဲ ပြတဲ့ ကိုဗစ်ကူးစက်သူတွေဟာ အရင်လိုပဲ သတ်မှတ်ကာလတစ်ခုအထိ သီးခြားခွဲနေထိုင်စေဖို့ ဗဟိုအစိုးရက တိုက်တွန်းထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(473) ကာလတို သီးခြားခွဲနေထိုင်ခြင်း− အန္တရာယ်တွေနဲ့ သတိထားရမယ့်အချက်များ။
အပိုင်း− ၅ ဆင့်ပွားကူးစက်နိုင်ခြေ အနည်းဆုံးဖြစ်အောင် ဘာတွေကို လုပ်ဆောင်သင့်သလဲ။

အဖြေ− ဂျပန်အစိုးရဟာ စက်တင်ဘာလ ၇ ရက်က စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် လူနာတွေ မိမိဖာသာ သီးခြားခွဲနေထိုင်ရမယ့်အချိန်ကို ကာလတိုအဖြစ် ပြောင်းလဲပြီး ၁၀ ရက်ကနေ ၇ ရက်ကို ရက်လျှော့ချလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ‌စိစစ်ထား တဲ့ အခြေခံ အချက်အလက်တွေနဲ့ အဲဒီစည်းမျဉ်းသစ် သတ်မှတ်ချက် ဟာ ဘေးကင်းစိတ်ချရမှုရှိသလား ဆိုတာကို တင်ဆက်ပေးပါမယ်။
မိမိကနေ သူတပါးကို ဆင့်ပွားကူးဆက်နိုင်ခြေ အနည်းဆုံးဖြစ်အောင် ဘာတွေကိုလုပ်ဆောင်သင့်သလဲ ဆိုတာကို လေ့လာကြည့်ပါမယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ကျွမ်းကျင်ပညာရှင်များအဖွဲ့ရဲ့ အကြီးအကဲ Wakita Takaji က မိမိဖာသာ သီးခြားခွဲနေထိုင်တဲ့ ကာလကို လျှော့ချလိုက်ပြီးနောက် ဆင့်ပွားကူးစက်နိုင်မှု အန္တရာယ်နဲ့ပတ်သက်ပြီး လူတွေကို သတိပေးဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆင့်ပွားကူးစက်တဲ့အန္တရာယ်ကို လျှော့ချနိုင်ဖို့ လူတစ်ယောက်ချင်းစီ က ရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေး အစီအမံတွေကို သေချာလုပ်ဆောင်ရမယ် လို့ ပြောပါတယ်။
ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ ပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်လို့ ရောဂါဖြစ်ထားသူတွေဟာ ၁၀ ရက်မြောက်နေ့အထိ တခြားသူတွေကို ဗိုင်းရပ်စ်ဆင့်ပွားကူးစက်နိုင်လို့ အလေးထားဖို့ ပြောကြားခဲ့ပါတယ်။ အပြင်ကိုသွားတဲ့အခါ ကူးစက်မှုကာကွယ်ရေး အစီအမံတွေ လုပ်ဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာက ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ကူးစက်နိုင်ခြေများတဲ့သူတွေ နဲ့ အနီးကပ် နေ့စဉ်ထိတွေ့နေသူတွေဟာ ပိုပြီး သတိထားနေထိုင်သင့် တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အဲဒီသူတွေအနေနဲ့ လုပ်ငန်းခွင် မဝင်ခင်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရမှုရှိမရှိ စစ်ဆေးဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို ကူးစက်လို့ရောဂါဖြစ်ပြီး ၁၀ ရက် ပြည့် သည်အထိ သတိမပေါ့ကြဖို့ နှိုးဆော်သတိပေးပါလို့ ကျန်းမာရေး ဝန်ကြီးဌာနကလည်း နိုင်ငံတစ်ဝန်းက ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့တွေ ကို တိုက်တွန်းထားပါတယ်။
၁၀ရက်ပြည့်သည်အထိ မိမိဖာသာလုပ်သင့်တဲ့အစီအမံတွေကတော့ ဥပမာ − အပူချိန်တိုင်းတာဖို့၊ ကူးစက်နိုင်ခြေမြင့်မားတဲ့ အသက်အရွယ် ကြီးသူတွေဆီ မလိုအပ်ဘဲ မသွားဖို့နဲ့ ကူးစက်ခံထားရသူနဲ့ မထိ တွေ့မိအောင် ရှောင်ကြဉ်ဖို့၊ ကူးစက်မှုဖြစ်ဖို့ အန္တရာယ်ရှိတဲ့ နေရာတွေ မသွားဖို့၊ အတူဝိုင်းဖွဲ့ စားသောက်တာတွေကို ရှောင်ကြဉ်ကြဖို့နဲ့ နှာခေါင်းစည်းတပ်ဆင်ဖို့ စတဲ့ အသေးစိတ်ကျတဲ့ အချက်အလက်တွေ ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
မိမိဖာသာ သီးခြားခွဲနေထိုင်ရမယ့်ကာလကို လျှော့ချလိုက်တာဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ သဘာဝလက္ခဏာရပ်တွေက ပြောင်းလဲသွား လို့ မဟုတ်ပါဘူး။ ဒါကြောင့် ရောဂါပိုး ကူးစက်ခံရပြီး ၇ ရက်ပြည့်တဲ့ နောက်ပိုင်းမှာတောင် ဗိုင်းရပ်စ်ဆင့်ပွားကူးစက်နိုင်ခြေ ရှိနေသေးတယ် ဆိုတာကို သတိပြုစေလိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(472) ကာလတို သီးခြားခွဲနေထိုင်ခြင်း− အန္တရာယ်တွေနဲ့ သတိထားရမယ့်အချက်များ။
အပိုင်း− ၄ ကျွမ်းကျင်ပညာရှင်တွေရဲ့ သဘောထားအမြင်တွေက ဘယ်လိုရှိသလဲ။

အဖြေ− ဂျပန်အစိုးရဟာ စက်တင်ဘာလ ၇ ရက်က စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် လူနာတွေ မိမိဖာသာ သီးခြားခွဲနေထိုင်ရမယ့်အချိန်ကို ကာလတိုအဖြစ် ပြောင်းလဲခဲ့ပြီး ၁၀ ရက်ကနေ ၇ ရက်ကို လျှော့ချလိုက်ပါတယ်။ အဲဒီလို ရက်လျှော့ချလိုက်တာနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ‌‌သုတေသန လုပ်ထားတဲ့ အခြေခံအချက်အလက်တွေနဲ့ အဲဒီစည်းမျဉ်းသစ် သတ်မှတ်ချက်ဟာ ဘေးကင်းစိတ်ချရရဲ့လား ဆိုတာကို တင်ဆက်ပေးနေပါတယ်။
အဲဒီစည်းမျဉ်းသစ်သတ်မှတ်ချက်အပေါ် ပညာရှင်တွေရဲ့ အမြင်ကို လေ့လာကြည့်ပါမယ်။
စက်တင်ဘာ ၇ ရက်နေ့က ကျင်းပတဲ့ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင်များ အစည်းအဝေးမှာ အစိုးရက သီးခြားခွဲနေထိုင်ရမယ့်အချိန်ကို ကာလတိုသတ်မှတ် လိုက်တဲ့အပေါ် ထောက်ခံသူရော ကန့်ကွက်သူပါရှိတာကို တွေ့ရပါ တယ်။
လူနာတစ်ဦးမှာ ရောဂါပိုးကြောင့် လက္ခဏာတွေ စပြလာချိန်က စပြီး ၇ ရက်အတွင်းဟာ ဗိုင်းရပ်စ်အကူးစက်နိုင်ဆုံးအချိန် ဖြစ်တယ်ဆိုတာကို နားလည်တယ်လို့ လက်ခံသူတွေက ဆိုကြပါတယ်။ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်မရှိအောင် ပြင်ဆင်ထားဖို့နဲ့ လူတွေသွားလာလှုပ်ရှားမှု အပေါ် ထိန်းချုပ်တဲ့အစီအမံတွေ ဆက်လုပ်ဖို့ လိုအပ်တယ် ဆိုတဲ့ အကြံပေးကြသူတွေ ရှိခဲ့ပါတယ်။
ကန့်ကွက်တဲ့သူတွေကတော့ “ကူးစက်မှုအန္တရာယ် ဘယ်လောက်ရှိ သလဲ ဆိုတဲ့ အချက်အပေါ် အကဲဖြတ်ထားတဲ့ အခြေခံ လေ့လာ ဆွေးနွေးမှုတွေ မလုပ်ထားသေးဘူး”လို့ ပြောကြပါတယ်။ “ကူးစက်နိုင်မှုအန္တရာယ် ၁၀ ရာခိုင်နှုန်းကျော် ရှိနေသေးတဲ့အဆင့်မှာ သီးခြားခွဲနေထိုင်မှုကာလကို အဆုံးသတ်ဖို့ ဆုံးဖြတ်တာဟာ သိပ္ပံနည်းကျ ခွင့်ပြုနိုင်တဲ့ အတိုင်းအတာကို ကျော်ပြီးလုပ်တာ ဖြစ်တယ်”လို့လည်း ပြောဆိုခဲ့ကြပါတယ်။
ဒါ့အပြင် အသက်အရွယ်ကြီးသူတွေနေထိုင်တဲ့ ဂေဟာတွေနဲ့ ဆေးရုံ တွေမှာ သီးခြားခွဲနေထိုင်တဲ့အချိန်ကို ကာလတိုမသတ်မှတ်သင့်ဘူးလို့ တချို့ကျွမ်းကျင်သူတွေက ပြောကြားခဲ့ကြပါတယ်။ ကျိုတို တက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi က "ကူးစက်ထားတဲ့ လက္ခဏာပြတာ ၈ ရက်မြောက်နေ့ကနေစပြီး ရောဂါပိုး ကူးစက်မှု ကာကွယ်တားဆီးရေး အစီအမံတွေ ဘယ်လိုလုပ်ဆောင်ထားသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး အခြေအနေ ကွာခြားမှု ကြီးမားသွားမယ်” လို့ဆိုပါတယ်။ “ကူးစက်မှုအခြေအနေအပေါ် သက်ရောက်မှုကို တိုင်းတာဖို့ ခက်ပေမဲ့ လူတစ်ယောက်ကနေ ဘယ်နှစ်ယောက်ကို ထပ်ပြီးကူးစက်သလဲ ဆိုတာကို ဖော်ပြနိုင်တဲ့ ပိုးတွေထပ်ဆင့် မျိုးပွားမှုကတော့ များနေမှာလို့ ပြောနိုင်တယ်။ ဒီအချက်အလက် သုံးသပ်ချက်တွေကို အခြေခံပြီး နောက်ထပ် ကူးစက်မှုလှိုင်း ဖြစ်လာတဲ့အခါမှာ ကူးစက်ခံရသူ အရေအတွက် လျင်လျင်မြန်မြန် တိုးလာမယ်။ အဲဒီလိုဆိုရင် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအပေါ် ဝန်ပိလာမယ်။ လူနာတင်ယာဉ်ခေါ်ဖို့ ဖုန်းဆက်မရနိုင်တဲ့ အခြေအနေ မျိုးတွေ ပိုဖြစ်လာဖို့များတယ်“ လို့ သူ့ရဲ့ စိုးရိမ်မှုကို ထုတ်ဖေါ် ပြောပြခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(471) ကာလတို သီးခြားခွဲနေထိုင်ခြင်း− အန္တရာယ်တွေနဲ့ သတိထားရမယ့်အချက်များ။
အပိုင်း− ၃ ရောဂါဖြစ်တာ ၈ ရက်ကျော်ရင် ကိုယ်ကတစ်ဆင့် တခြားသူကို ကူးစေနိုင်တဲ့ အန္တရာယ် ရှိသေးသလား။

အဖြေ− ဂျပန်အစိုးရဟာ စက်တင်ဘာလ ၇ ရက်က စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် လူနာတွေ မိမိဖာသာ သီးခြားခွဲနေထိုင်ရမယ့်အချိန်ကို ၁၀ ရက်ကနေ ၇ ရက်ကို လျှော့ချလိုက်ပါတယ်။ ဒီလို ပြောင်းလဲ လိုက်တာနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ အခြေခံအချက်အလက်တွေနဲ့ အန္တရာယ်ရှိမရှိ ဆိုတာကို တင်ဆက်ပေးနေပါတယ်။
အခုတစ်ခါ ရောဂါလက္ခဏာစပြတာ ၈ ရက်ပြည့်ပြီးတဲ့နောက် ကိုယ်ကတစ်ဆင့် တခြားသူကို ပြန်ကူးစက်စေနိုင်တဲ့အန္တရာယ်ရှိနိုင်သေး သလား ဆိုတာကို လေ့လာကြည့်ပါမယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ဂျပန်နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာ ဌာန Japan's National Institute of Infectious Diseases က ကိုဗစ် ရောဂါပိုးကူးစက်ပြီး လက္ခဏာတွေ ပြနေတဲ့ ကူးစက်ခံရသူတွေမှာ ဗိုင်းရပ်စ်ပိုးဟာ ဘယ်လောက်ကြာကြာ ရှိနေနိုင်သလဲဆိုတာကို ဆန်းစစ်လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။
ရောဂါလက္ခဏာတွေ စပေါ်လာတဲ့နေ့ကို နေ့ သုည Day 0 လို့ သတ်မှတ်ပြီး လေ့လာကြည့်ခဲ့ရာမှာ ပထမနေ့ Day 1 မှာ ရောဂါပိုးဟာ ၉၆.၃ ရာခိုင်နှုန်း၊ စတုတ္ထမြောက်နေ့ Day 4 မှာ ၆၀.၃ ရာခိုင်နှုန်းနဲ့ ၇ ရက်ပြည့်တဲ့နေ့ Day 7 မှာ ဗိုင်းရပ်စ်ပိုး ၂၃.၉ ရာခိုင်နှုန်း ရှိနေတာကို တွေ့ရပါတယ်။ ၈ ရက်ပြည့်တဲ့နေ့ Day 8 မှာတော့ ရောဂါပိုး ၁၆.၀ ရာခိုင်နှုန်းအထိ ကျသွားတာ တွေ့ရပြီး ၉ ရက်မြောက်နေ့မှာ ၁၀.၂ ရာခိုင်နှုန်း၊ ၁၀ ရက်မြောက်မှာ ၆.၂ ရာခိုင်နှုန်း၊ ၁၁ ရက်ပြည့်မှာ ၃.၆ ရာခိုင်နှုန်း၊ ၁၂ ရက်မှာ ၂.၀ ရာခိုင်နှုန်း၊ ၁၃ ရက်မှာ ၁.၁ ရာခိုင်နှုန်းနဲ့ ၁၄ ရက်မြောက်နေ့မှာတော့ ၀.၆ ရာခိုင်နှုန်းအထိ ဆက်ပြီး ကျဆင်းသွား တာကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် စည်းမျဉ်းသစ်အရ မိမိဖာသာ သီးခြားခွဲနေထိုင်တဲ့ကာလ ပြီးဆုံးတဲ့ ၈ရက်မြောက်နေ့မှာ ကူးစက်ခံထားရသူ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုး ၁၀ ရာခိုင်နှုန်းကျော် ရှိသေးတယ်ဆိုတာ တွေ့ရပါတယ်။
ကျိုတိုတက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi က အမေရိကန် ပြည်ထောင်စုက ဟားဗတ်တက္ကသိုလ်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ သုတေသန ရလဒ်တွေကို စက်တင်ဘာ ၇ ရက်က လုပ်တဲ့ ပညာရှင်များ အဖွဲ့ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ အဲဒီ သုတေသန ရလဒ်အရ ၅ မြောက်နေ့မှာ လူနာ ၅၀ ရာခိုင်နှုန်းကျော်မှာ ဗိုင်းရပ်စ်ရှိနေသေးပြီး ၈ရက်မြောက် မှာတော့ လူနာ၂၅ ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ်ရှိနေသေး တာကို တွေ့ရတယ်လို့ သိရပါတယ်။ ပါမောက္ခ Nishiura က ရောဂါလက္ခဏာတွေ စပေါ်ပြီး သတ်မှတ်ထားတဲ့ အချိန်အတိုင်း အတာတစ်ခု ကျော်လွန်သွားတဲ့တိုင်အောင် မိမိကနေ တခြားသူကို ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့စေနိုင်တဲ့ အန္တရာယ် ရှိနေသေးတယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(470) ကာလတို သီးခြားခွဲနေထိုင်ခြင်း− အန္တရာယ်တွေနဲ့ သတိထားရမယ့်အချက်များ။
အပိုင်း− ၂ သိပ္ပံနည်းကျ လေ့လာထားတဲ့ အခြေခံအချက်အလက်တွေက ဘာတွေလဲ။

အဖြေ− ဂျပန်အစိုးရဟာ စက်တင်ဘာလ ၇ ရက်က စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် လူနာတွေ မိမိဖာသာ သီးခြားခွဲနေထိုင်ရမယ့်အချိန်ကို ကာလတိုအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
အဲဒီလို ရက်လျှော့ချလိုက်တာနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ‌‌သုံးသပ်ထားတဲ့ အခြေခံအချက်အလက်တွေကို ကြည့်ပြီး အဲဒီ စည်းမျဉ်းသစ် သတ်မှတ်ချက်ဟာ ဘေးကင်းစိတ်ချရမှုရှိသလား ဆိုတာကို လေ့လာကြည့်ပါမယ်။
ကိုဗစ်ပိုးရဲ့ရောဂါလက္ခဏာရှိနေသူတွေအတွက် သီးခြားခွဲ နေထိုင်ရမယ့်ကာလကို ၁၀ ရက်ကနေ ၇ ရက်ကို လျှော့ချလိုက်တာ ဘယ်လို အချက်အလက်တွေအပေါ် အခြေခံပြီး စည်းကမ်းကို ပြောင်းလဲလိုက်တာလဲဆိုတာ ကြည့်ကြရအောင်။
စက်တင်ဘာ ၇ ရက်က ပြုလုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပညာရှင်အဖွဲ့ အစည်းအဝေးမှာ ကိုဗစ်ပိုးကူးပြီး ရောဂါလက္ခဏာ ပြသသူ လူနာ ၅၉ ဦးရဲ့ ဗိုင်းရပ်စ်ပိုးခန္ဓာကိုယ်ထဲမှာ ဘယ်လောက် ရှိသလဲဆိုတဲ့ အချက်တွေကို တင်ပြခဲ့ကြပါတယ်။
ရောဂါလက္ခဏာစတွေ့တဲ့နေ့ကို သုည Day 0 အဖြစ်သတ်မှတ်ပြီး ၇ ရက်ပြည့်တဲ့နေ့ Day 7 ကနေ Day 13 ၁၃ ရက်ပြည့်တဲ့ အချိန်အတွင်းမှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗိုင်းရပ်စ်ပမာဏဟာ ၃ ရက် မြောက်နေ့ Day 3 မှာရှိတဲ့ ပမာဏရဲ့ခြောက်ပုံတစ်ပုံလောက် နည်းသွားတာကို တွေ့ရပါတယ်။ အဲဒီအချက်အလက်တွေဟာ Omicron ရဲ့မျိုးကွဲ BA.I ကူးစက်ပြန့်ပွားနေချိန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလကနေ စပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ဂျပန်နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာဌာန Japan's National Institute of Infectious Diseases က ပြုလုပ်တဲ့ ဆန်းစစ်လေ့လာမှုအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။
လူနာတွေဟာ ရောဂါလက္ခဏာပြပြီး ၇ ရက်ပြည့်တဲ့နေ့ Day 7 ကျော်တဲ့အထိ ဗိုင်းရပ်စ်တွေ ဆက်ပွားနေပေမဲ့လည်း တခြားသူတွေကို ရောဂါပိုး ကူးစက်နိုင်ခြေ လျော့ကျသွားပြီလို့ စဉ်းစားနိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(469) ကာလတို သီးခြားခွဲနေထိုင်ခြင်း− အန္တရာယ်တွေနဲ့ သတိထားရမယ့်အချက်များ။
အပိုင်း− ၁ ပြောင်းလဲပြင်ဆင်လိုက်တဲ့ စည်းမျည်းစည်းကမ်းတွေက ဘာတွေလဲ။

အဖြေ− ဂျပန်အစိုးရဟာ စက်တင်ဘာလ ၇ ရက်က စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် လူနာတွေ မိမိဖာသာ သီးခြားခွဲနေထိုင်ရမယ့်အချိန်ကို ကာလတိုအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီး ကန့်သတ်ချက်တွေ ကိုလည်း ဖြေလျှော့ပေးခဲ့ပါတယ်။ ကိုဗစ်ပိုးရဲ့ရောဂါလက္ခဏာတွေ ရှိနေသူတွေဟာ သီးခြားခွဲနေထိုင်ရမယ့်ရက်ကို ၁၀ ရက်ကနေ ၇ ရက် ကို လျှော့ချလိုက်ပါတယ်။
အခုလို ရက်ကို လျှော့ချလိုက်တာနဲ့ ပတ်သက်ပြီး ဒီတစ်ကြိမ်မှာတော့ သိပ္ပံနည်းကျ‌‌ဝေဖန်ပိုင်းခြားထားတဲ့ အခြေခံအချက်အလက်တွေနဲ့ အခုလို စည်းမျဉ်းသစ်သတ်မှတ်ချက်အပေါ် ကျွမ်းကျင်သူတွေက ဘယ်လိုမြင်သလဲ ဘေးကင်းစိတ်ချရမှုရှိသလား ဆိုတာကို လေ့လာ ကြည့်ပါမယ်။
စက်တင်ဘာလ ၇ ရက်နေ့ကစတင်ပြီး သီးခြားခွဲ နေထိုင်ရမယ့် စည်းမျဉ်းစည်းကမ်းသစ်တွေကို ပြောင်းလဲလိုက်တာကို ပထမပိုင်း အနေနဲ့ ကြည့်ကြရအောင်။
ကိုဗစ်ရဲ့ရောဂါလက္ခဏာတွေ ပြနေသူတွေဟာ
ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်ပြီးနောက်တစ်နေ့ကနေ စရေတွက်ရင် ၇ရက်ပြည့်ပြီးတဲ့သူ၊ ရောဂါလည်း သက်သာပြီး ၂၄ နာရီကြာပြီးသွားတဲ့သူဟာ ၈ ရက်ပြည့်မြောက်တဲ့နေ့မှာ သီးခြားခွဲ နေထိုင်ရမယ့် ကာလပြီးဆုံးမှာ ဖြစ်ပါတယ်။
ကိုဗစ်ပိုးရဲ့ရောဂါလက္ခဏာမပြတဲ့သူတွေကတော့
ကိုဗစ်ပိုးတစ်ကြိမ် စစ်ပြီး ၅ ရက်မြောက်နေ့မှာ test kit နဲ့ ကိုယ့်ဖာသာ စစ်ပြီး ကိုဗစ်ဗိုင်းရပ်စ်ပိုး မတွေ့ရှိကြောင်း အထောက်အထား ထွက် တယ်ဆိုရင် ၆ ရက်မြောက်နေ့မှာ သီးခြားခွဲနေထိုင်မှုကာလကို အဆုံးသတ်နိုင်ပါတယ်။
ဒါပေမဲ့ သီးခြားခွဲနေထိုင်မှုကာလပြီးပြီဆိုပြီး သက်ကြီးရွယ်အိုတွေနဲ့ တွေ့ဆုံတာ ဒါမှမဟုတ် လူအများနဲ့အတူ စားသောက်တာတွေ ပြုလုပ်ရင် ရောဂါကူးစက်နိုင်သေးတဲ့ အန္တရာယ်ရှိပါတယ်။ ရောဂါ လက္ခဏာပြသူတွေအနေနဲ့ ရောဂါလက္ခဏာတွေ စတင်ပေါ်လာပြီး ၁၀ ရက် အကြာအထိ တခြားသူတွေဆီ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပါ တယ်။ ရောဂါလက္ခဏာ မပြတဲ့သူတွေကတော့ ၇ ရက်ကြာတဲ့အထိ ကိုယ့်ဆီကနေ တခြားသူတွေဆီ ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ကာကွယ်တားဆီးရေး အစီအမံတွေကို အသေအချာ လုပ်ဆောင်ပြီးမှ လူတွေနဲ့တွေ့ဆုံသင့်ပါတယ်။
ဆေးရုံတင်ရမယ့် လူနာတွေနဲ့ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ဂေဟာမှာ အဆောက်အဦတွေမှာ ဝင်ရောက်ရမယ့်သူတွေလည်း အထက်ပါ ကန့်သတ်ချက်အတိုင်းပဲ အပြောင်းအလဲမရှိပါဘူး။ ရောဂါ လက္ခဏာ စဖြစ်ပြီးနောက်နောက်နေ့ကနေ စရေတွက်ပြီး ၁၀ရက်မြောက်နေ့မှာ၊ ရောဂါသက်သာလာပြီး အနည်းဆုံး ၇၂ နာရီကြာပြီ ဆိုရင် သီးခြားခွဲနေထိုင်ရမယ့် ကာလကို ၁၁ ရက်မြောက် နေ့မှာ အဆုံးသတ်နိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(468) ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်များ။
အပိုင်း− ၅ အခြားရောဂါ ကုသ ဆေးများ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကုသဆေးတွေ နဲ့ပတ်သက်ပြီး ဂျပန်မှာ အတည်ပြုထားတဲ့ နောက်ဆုံးရ အချက်အလက်တွေကို တင်ဆက်ပေးနေပါတယ်။ ဒီတခါ ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာလည်း ထိရောက်တဲ့ တခြားရောဂါတွေကုသဖို့ အရင်ကတည်းက တီထွင်ထားတဲ့ ဆေးဝါးတွေနဲ့ပတ်သက်ပြီး လေ့လာကြည့်ကြပါမယ်။

ဗိုင်းရပ်စ်ပိုးသတ်ဆေး remdesivir ကို အီဘိုလာရောဂါကိုကုသဖို့ ပထမဆုံးတီထွင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆေးဟာ ၂၀၂၀ ပြည့်နှစ် မေလမှာ ဂျပန်က ကိုဗစ်လူနာတွေကို ကုသရာမှာ အရေးပေါ်အသုံးပြုဖို့အတွက် ပထမဆုံး ခွင့်ပြုချက်ပေးခဲ့ပါတယ်။ ဒီဆေးကို ကနဦးမှာ ကိုဗစ်ကြောင့်ရောဂါလက္ခဏာ အသင့်အတင့် ဖြစ်နေသူကနေ ရောဂါပြင်းထန်တဲ့ လူနာတွေကိုကုသဖို့ အသုံးပြုခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မတ်လမှာတော့ ကျန်းမာရေးဝန်ကြီးဌာနဟာ ရောဂါလက္ခဏာ ပြင်းထန်လာနိုင်ခြေရှိပြီး  လက္ခဏာအပျော့စား ခံစားနေရသူကနေ အသင့်အတင့် ရောဂါလက္ခဏာ ပြသသူ လူနာတွေမှာပါ သုံးစွဲခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနဟာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ကုသဖို့အတွက် စတီးရွိုက် steroid ဆေး တစ်မျိုးဖြစ်တဲ့ dexamethasone ကို ထောက်ခံချက် ပေးခဲ့ပါတယ်။ အဲဒီဆေးဟာ အဆုတ်ရောင်ရောဂါ ပြင်းထန်တဲ့သူတွေနဲ့ ခန္ဓာကိုယ်ရောင်ရမ်းနာကျင်ပြီး ဓာတ်မတည့်တဲ့ ဝေဒနာ ခံစားနေရသူတွေကို ကုသတဲ့ဆေးဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင်ပြီး အောက်စီဂျင်ပေးဖို့ အသက်ရှူစက်တပ်ရတဲ့ လူနာတွေမှာ COVIDရဲ့လက္ခဏာ အသင့်အတင့်ကနေ ပြင်းပြင်းထန်ထန် ပြသလာရင် အဲဒီဆေးကို အသုံးပြုမှာ ဖြစ်ပါတယ်။

ကိုဗစ်လူနာတွေမှာ သုံးဖို့ ၂၀၂၁ ခုနှစ် ဧပြီလမှာ ဂျပန်အစိုးရက အတည်ပြုပေးလိုက်တဲ့ Baricitinib က အရောင်ကျဆေး ဖြစ်ပါတယ်။ ရောဂါလက္ခဏာ အသင့်အတင့်ဆိုးတာ ဒါမှမဟုတ် ရောဂါပြင်းထန်တဲ့ ကိုဗစ်လူနာတွေကို ကုသရာမှာ သုံးပါတယ်။ ဒီဆေးဟာ လေးဘက်နာလို အဆစ်အမြစ်ရောင် ရောဂါခံစားနေရသူတွေအတွက် တီထွင်ထားတဲ့ သောက်ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဂျပန်မှာ ဒီဆေး Remdesivir ဆေးနဲ့သာ တွဲသောက်ရမယ်လို့ ကန့်သတ်ထားပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အတည်ပြုခဲ့တဲ့ Actemra ဆေးကတော့ Tocilizumab ဆေးလို့ လူတွေသိထားတဲ့ ရောင်ရမ်းနာကျင်မှု သက်သာစေတဲ့ဆေးပါ။ အဲဒီ ဆေးကို COVID ရောဂါလက္ခဏာ အသင့်အတင့် ခံစားနေရသူအပြင် ပြင်းထန်တဲ့ဝေဒနာခံစားနေရတဲ့ လူနာတွေ မှာ steroid ဆေးနဲ့ တွဲပေးပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(467) ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်များ။
အပိုင်း− ၄ ပဋိပစ္စည်း ကုထုံး

အဖြေ− ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဆေးတွေရဲ့ ထိရောက်မှု အပါအဝင် ဂျပန်မှာ အတည်ပြုထားတဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်တွေကို လေ့လာကြရပါမယ်။ အခုတခါ ပဋိပစ္စည်းကုထုံးအကြောင်း ကြည့်ကြရအောင်။

ဖန်တီးထားတဲ့ လူလုပ်ပဋိပစ္စည်းတွေဟာ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ မျက်နှာပြင်ပေါ်က ဆူးချွန်ပရိုတိန်းတွေမှာ သွားကပ်လိုက်ပြီး လူသားဆဲလ်တွေထဲကို ဗိုင်းရပ်စ်တွေ ထိုးဖေါက် မဝင်ရောက်နိုင်အောင် တားဆီးပေးပါတယ်။

ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ကို ကုသဖို့အတွက် "antibody cocktail treatment" “ပေါင်းစပ်ပဋိပစ္စည်း ကုထုံး” ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ အတည်ပြုခဲ့ပါတယ်။ Ronapreve ပေါင်းစပ် ပဋိပစ္စည်း ကုထုံးတစ်မျိုးဖြစ်ပြီး အပျော့စားရောဂါလက္ခဏာရှိတဲ့ COVID-19 လူနာတွေမှာ အသုံးပြုဖို့အတွက် ဂျပန်မှာ ပထမဆုံး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီကုထုံးဟာ Casirivimab နဲ့ Imdevimab လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရဲ့ အာနိသင်ကို ပြယ်စေတဲ့ ပဋိပစ္စည်း ၂မျိုးကို ပေါင်းစပ်ပြီး အကြောဆေးအနေနဲ့ ထိုးပြီး ကုသတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အဲဒီ ဝန်ကြီးဌာနက ယေဘုံယျအားဖြင့် Sotrovimab ကို အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။ စျေးကွက်ထဲမှာ Xevudy ဆိုတဲ့နာမည်နဲ့ ရောင်းတဲ့ ပဋိပစ္စည်းတစ်မျိုးဖြစ်ပြီး ဒရစ်ပ်ပိုက်နဲ့ချိတ်ပြီး သွင်းရတဲ့ အကြောဆေး ဖြစ်ပါတယ်။

သက်ကြီးရွယ်အို လူနာတွေ ဒါမှမဟုတ် ရောဂါအခံ ရှိသူတွေ၊ ရောဂါပြင်းထန်လာနိုင်ခြေရှိတဲ့ အဆုတ်ရောင်တဲ့လက္ခဏာ ရှိတဲ့လူနာတွေကို ဒီဆေးပေးလို့ ရပါတယ်။ ဒါ့အပြင် ရောဂါလက္ခဏာ အပျော့စားကနေ အလယ်အလတ် ရောဂါလက္ခဏာတွေ ပြနေတဲ့ ကိုဗစ်လူနာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ဒီဆေးနဲ့ ကုသပေး လို့ရပါတယ်။

ဒီဆေးကတော့ COVID-19 ရောဂါလက္ခဏာတွေ ပေါ်လာပြီး ၇ ရက်အတွင်း မှာ ဆေးတစ်ကြိမ် ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် အားနည်းတာကြောင့် ရောဂါကူးစက်ခံရရင် ပြင်းပြင်းထန်ထန် ဖျားနာနိုင်တဲ့ အန္တရာယ်ရှိတဲ့ အနီးကပ် ထိတွေ့မိသူတွေအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီဆေးကို ပေးနိုင်တယ်လို့လည်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ လက်တွေ့စမ်းသပ်မှုရလဒ်တွေအရ Ronapreve ပေါင်းစပ် ပဋိပစ္စည်း ကုထုံးနဲ့ ကုသမှုခံယူထားတဲ့ ကိုဗစ်လူနာတွေဟာ ဆေးရုံတက် ကုသရလောက်အောင် ရောဂါ မပြင်းထန်တော့တာ တွေ့ရပြီး သေဆုံးဖို့ အန္တရာယ်ကနေ ၇၀ ရာခိုင်နှုန်းလောက် ကာကွယ်ပေးတာ တွေ့ရှိခဲ့ပါတယ်။ Xevudy ဆေးနဲ့ စမ်းသပ်ကုသမှုမှာတော့ အဲဒီလို ရောဂါဆိုးလာနိုင်ခြေ ကို ၈၅ ရာခိုင်နှုန်းလောက် လျှော့ချပေးတာ တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ ပဋိပစ္စည်းဆေးဝါးတွေနဲ့ ကုထုံးမှာ ချို့ယွင်းချက်တွေ ရှိနေပါတယ်။ မျိုးဗီဇပြောင်းနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆူးချွန် ပရိုတင်း ကွဲသွားရင် ထိရောက်မှု နည်းတာ တွေ့ရပါတယ်။ အထူးသဖြင့် အခု နောက်ဆုံး ကူးစက်မှုအမြင့်ဆုံး ဖြစ်စေခဲ့တဲ့ omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ်  သိသိသာသာ ထိရောက်မှု နည်းပါးတယ်လို့ သိရှိရပါတယ်။

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့  COVID-19 ကုထုံးဆိုင်ရာ လမ်းညွှန်ချက်မှာတော့ ဆရာဝန်တွေအနေနဲ့ တခြားနည်းလမ်းနဲ့ ကုသဖို့ ရွေးချယ်စရာ မရှိတဲ့အခါမှာမှ ဒီ ပဋိပစ္စည်း ကုထုံးကို အသုံးပြုဖို့ စဉ်းစားကြပါလို့ အကြံပြုထားပါတယ်။

၂၀၂၂ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့က ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca ကထုတ်လုပ်တဲ့ Evusheld လို့ခေါ်တဲ့ ကိုယ်ခံအား မြှင့်တင်ပေးတဲ့ ထိုးဆေး တစ်မျိုးကို ဂျပန်နိုင်ငံမှာ အတည်ပြုခဲ့ပါတယ်။ အဲဒီထိုးဆေးကို အဓိကအားဖြင့် ကိုယ်ခံအားစနစ် အားနည်းပြီး ကာကွယ်ဆေးထိုးထားလည်းပဲ ကာကွယ်ဆေးမတိုးတဲ့သူတွေမှာ သုံးရမှာ ဖြစ်ပါတယ်။ 

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(466) ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်များ။
အပိုင်း− ၃ Xocova ဆေး

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ရင် ကုသနိုင်တဲ့ဆေး တွေနဲ့ပတ်သက်ပြီး နောက်ဆုံးရ အချက်အလက်တွေကို လေ့လာကြရပါမယ်။ အခုတစ်ကြိမ်မှာ Xocova ဆေးအကြောင်း ကြည့်ကြရအောင်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်နိုင်ခြေ နည်းတဲ့သူတွေလည်း သောက်နိုင်တဲ့ Xocova ဆေးကို ဂျပန်ဆေးဝါးကုမ္ပဏီ Shionogi က ခွင့်ပြုချက်ရဖို့ လျှောက်ထားခဲ့ပါတယ်။
Xocova ဆေးဟာ ကိုရိုနာ ဗိုင်းရပ်စ်က လူရဲ့ဆဲလ်တွေထဲ ထိုးဖောက်ဝင်ပြီး မျိုးပွားဖို့ အတွက် RNA တွေကို ကော်ပီကူးဖို့လုပ်နေတဲ့အချိန်မှာ ဇီဝဓာတ်ကူပစ္စည်းပရိုတိန်း တစ်မျိုးဖြစ်တဲ့ အင်ဇိုင်း (Enzyme)က အလုပ်မလုပ်နိုင်အောင် တားဆီးပေးတဲ့ ဆေးဖြစ်ပါတယ်။

ဇန်န၀ါရီကနေ ဖေဖော်ဝါရီလအတွင်း အဲဒီကုမ္ပဏီက လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ပြီး ရလဒ်တွေကို အခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။
ရောဂါလက္ခဏာ အနည်းငယ်ရှိသူကနေ အလယ်အလတ် ရောဂါလက္ခဏာရှိတဲ့ အသက် ၁၂ နှစ်ကနေ အသက် ၇၀ အောက် ကိုဗစ်လူနာ ၄၂၈ ဦး ကို တစ်နေ့မှာ Xocova တစ်လုံး တိုက်ခဲ့ပြီး ၃ ရက် ပြည့်ပြီးနောက်မှာ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတာ၊ အဖျားတက်တာ စတဲ့ လက္ခဏာ ၅မျိုး သက်သာလာတာကို တွေ့ရတယ်လို့ Shionogi ကုမ္ပဏီက ပြောပါတယ်။ အာနိသင်မဲ့ဆေး တိုက်ထားတဲ့ အုပ်စုနဲ့ နှိုင်းယှဉ်ရင် ရောဂါလက္ခဏာ သက်သာတာတွေ့ရပါတယ်။
ကူးစက်နိုင်စွမ်းရှိတဲ့ ဗိုင်းရပ်စ်ပိုးရှိတဲ့ လူနာ အချိုးအစားဟာ ၉၀ ရာခိုင်နှုန်း လျော့ကျသွားပြီး ဗိုင်းရပ်စ်မရှိတော့တဲ့အထိ ကြာရှည်ချိန်ကလည်း ၁ရက်ကနေ ၂ရက် အချိန်ပိုတိုသွားတယ်လို့လည်း Shionogi ကုမ္ပဏီက ပြောပါတယ်။
ဒါပေမဲ့ ဝမ်းလျှောတာ၊ အော့အန်တာစတဲ့ ရောဂါလက္ခဏာ ၁၂ မျိုး ပျောက်ကင်းမှုကို အာနိသင်မဲ့ဆေး သောက်ထားတဲ့ လူနာအုပ်စုနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ သိသိသာသာ ကွာခြားမှု မရှိတာတွေ့ရတယ်လို့ ဆိုပါတယ်။
ဆေးရဲ့ ထိရောက်မှုနဲ့ ဘေးကင်းစိတ်ချမှုကို အကဲဖြတ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက အကဲဖြတ်အဖွဲ့တစ်ဖွဲ့က ဇွန်လနဲ့ ဇူလိုင်လမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဒီဆေးဟာ ပြင်းပြင်းထန်ထန် မဖျားနာအောင် ကာကွယ်ရာမှာ ထိရောက်မှုရှိတယ်လို့ ယူဆကြောင်း အဖွဲ့ဝင်တချို့က ဆိုပါတယ်။ ဒါပေမဲ့ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေအပေါ် အမှန်တကယ် ထိရောက်မှုရှိရဲ့လားလို့ မေးခဲ့ကြပါတယ်။
အဲဒါကြောင့် ဒီဆေးကို အတည်ပြုမပြု ကော်မတီက ဆုံးဖြတ်ချက်ပေးဖို့ ရွေ့ဆိုင်းလိုက်ပြီး ဆက်လက် အကဲဖြတ်ဖို့ သဘောတူခဲ့ကြပါတယ်။ Shionogi ဆေးဝါးကုမ္ပဏီက နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှုကရတဲ့ အချက်အလက်တွေကို စက်တင်ဘာလကုန်မှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(465) ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်များ။
အပိုင်း− ၂ Paxlovid ဆေး

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကုသတဲ့ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး တင်ဆက်နေပါတယ်။ ဂျပန်မှာ အတည်ပြုထားတဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်တွေကို လေ့လာကြည့်ကြရအောင်။

ဂျပန်အစိုးရက အပျော့စားရောဂါလက္ခဏာရှိသူတွေ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသဖို့အတွက် အခုအထိ သောက်ဆေး ၂ မျိုးကို အတည်ပြုထားပါတယ်။ အဲဒီဆေးဝါးတွေထဲက တစ်မျိုးက အမေရိကန်ဆေးဝါး ကုမ္ပဏီကြီး Merck က ထုတ်လုပ်ထားတဲ့ Lagevrio ဖြစ်ပြီး ကျန်တစ်မျိုးကတော့ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer က ထုတ်လုပ်တဲ့ Paxlovid ဖြစ်ပါတယ်။ အဲဒီ ဆေးဝါး ၂ မျိုးလုံးကို ပြင်းထန်တဲ့လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ကိုဗစ်လူနာတွေအတွက် အသုံးပြုနေပြီး လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲမှာရောက်နေတဲ့ ကိုဗစ်ဗိုင်းရပ်စ်တွေ ဆက်ပြီးမျိုးပွားလို့ မရအောင် ထိထိရောက်ရောက် တားဆီးပေးနိုင်ပါတယ်။

Paxlovid ဆေး နဲ့ လက်တွေ့စမ်းသပ်မှုတွေအရ ရောဂါလက္ခဏာ စပေါ်ပြီး ၃ရက်အတွင်းမှာ ဒီဆေးနဲ့ကုသရင် ဆေးရုံတက် မကုသရပါဘူး။ သေဆုံးနိုင်ခြေကိုလည်း ၈၉ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ ရောဂါ လက္ခဏာစပေါ်ပြီး ၅ရက်အတွင်းမှာ ဒီဆေးနဲ့ ကုသပေးရင်တော့ ၈၈ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ Pfizer က ပြောကြားခဲ့ပါတယ်။

ဆေးသောက်ပြီးနောက်ပိုင်း ဖြစ်ပေါ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ နဲ့ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါ တကယ့်ဆေးတိုက်တဲ့သူနဲ့ အာနိသင်မရှိတဲ့ဆေး ပေးပြီးကုသတဲ့ သူကို နှိုင်းယှဉ်ကြည့်ရာမှာ  အများစုမှာ အပျော့စားလက္ခဏာတွေပဲဖြစ်ပေါ်ပြီး ကွာခြားမှု သိပ်မရှိတာကို တွေ့ရပါတယ်။ ဒီဆေးပေးလို့ရတဲ့ သူတွေကတော့ အသက် ၁၂ နှစ် နဲ့အထက် COVID-19လက္ခဏာ အလယ်အလတ် ပြသနေပြီဖြစ်တဲ့ လူနာတွေနဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ခြေ မြင့်မားတဲ့လူနာတွေ ဖြစ်တယ်လို့ ဆေးညွှန်းမှာ ရေးသားထားပါတယ်။ တစ်ရက်ကို ဒီဆေး ၂ ကြိမ်သောက်ရမှာ ဖြစ်ပြီး ၅ ရက်ဆက်တိုက် သောက်ရပါမယ်။

Paxlovid ဆေးနဲ့ တွဲသောက်လို့မရတဲ့ ဆေးအမျိုးပေါင်း ၄၀ လောက် ရှိပါတယ်။ ဒါ့ကြောင့် ဒီဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတာ မရှိသေးပါဘူး။ ကျောက်ကပ်ချို့ယွင်းနေတဲ့ လူနာကို တိုက်ရင်လည်း ဆေးပမာဏကို ချိန်ညှိဖို့ လိုအပ်ပါတယ်။ ဂျပန်ကျန်းမာရေး ဝန်ကြီးဌာန မှာ လူပေါင်း ၂ သန်းစာအတွက် ဒီဆေးကို လုံလုံလောက်လောက် စုဆောင်းထားရှိပါတယ်။ ဒါပေမယ့်ဇူလိုင်လ ၂၆ ရက်အထိ လူပေါင်း ၁၇,၆၀၀ လောက်ကိုပဲ ဒီဆေးဝါးနဲ့ ကုသပေးခဲ့တယ်လို့ သိရပါတယ်။ Lagevrio လိုမျိုးပဲ Paxlovid ဆေးကိုလည်း မျိုးဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ဖို့အတွက် ဆက်ပြီး အသုံးပြုလို့ရပါတယ်။ တခြားမျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကိုလည်း ထိထိရောက်ရောက် တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(464) ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်များ။
အပိုင်း− ၁ Lagevrio ဆေး

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါကို ကုသတဲ့ဆေးဝါး တွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါမယ်။ ဂျပန်မှာ အတည်ပြုထားတဲ့ ကိုဗစ်ကုသတဲ့ဆေးဝါးတွေနဲ့ပတ်သက်ပြီး နောက်ဆုံးရ အချက်အလက်တွေကို လေ့လာကြည့်ကြရအောင်။

ဂျပန်အစိုးရက အသိအမှတ်ပြုထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပျော့စားရောဂါလက္ခဏာ ရှိသူတွေကနေစပြီး သောက်သုံးနိုင်တဲ့ ဆေး ၂မျိုး ရှိပါတယ်။ အဲဒါတွေကတော့ အမေရိကန်ဆေးဝါး ကုမ္ပဏီကြီး Merck က ထုတ်လုပ်ထားတဲ့ Lagevrio နဲ့ အမေရိကန် က Pfizer ဆေးဝါးကုမ္ပဏီထုတ် Paxlovid တို့ ဖြစ်ပါတယ်။ အဲဒီ ဆေး ၂ မျိုးလုံးကို ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်တဲ့ ကိုဗစ်လူနာတွေအတွက် အသုံးပြုနေပါတယ်။

 Molnupiravir လို့ လူသိများတဲ့ Lagevrio ဆေးဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဂျပန်အစိုးရက အထူး ခွင့်ပြုချက်ကို အရေးပေါ်ထုတ်ပေးခဲ့ပါတယ်။

လူသားခန္ဓာကိုယ်ထဲကို ကိုဗစ်ဗိုင်းရပ်စ်က ထိုးဖောက်ဝင်ပြီး လူ့ခန္ဓာကိုယ်ထဲ ဆဲလ်တွေထဲက RNA ကို ကူးယူမျိုးပွားဖို့လုပ်တဲ့ အခါမှာ အထောက်အကူပြုတဲ့ ဇီဝဓာတ်ကူပစ္စည်း အင်ဇိုင်း(Enzyme)ကို ဆေးကထိန်းချုပ်လိုက်ပါတယ်။ ပြီးတော့ ဗိုင်းရပ်စ်ရဲ့မျိုးဗီဇကို လွဲချော်အောင် လုပ်လိုက်တဲ့အတွက် ဗိုင်းရပ်စ်တွေ ခန္ဓာကိုယ်ထဲမှာ ထပ်မပွားနိုင်တော့ပါဘူး။

အဲဒီဆေးတွေဟာ သက်ကြီး ရွယ်အိုတွေ၊ အဝလွန်သူတွေ ဒါမှမဟုတ် ဆီးချိုရောဂါရှိသူတွေအပါအဝင် အပြင်းဖျားနိုင်ခြေရှိတဲ့ အသက် ၁၈ နှစ်နဲ့အထက် ကိုဗစ်ရောဂါလက္ခဏာ အတော်အသင့်ရှိတဲ့ လူနာတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာစပြပြီး ၅ ရက်အတွင်း တစ်နေ့မှာ နှစ်ကြိမ်သောက်ရင် ထိရောက်တယ်လို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရှိနေသူ ဒါမှမဟုတ် ကိုယ်ဝန်ရနိုင်ခြေ ရှိသူတွေအနေနဲ့ သန္ဓေသားအပေါ် သက်ရောက် နိုင်ခြေ ရှိတဲ့အတွက် အဲဒီဆေးကို မသောက်သင့်ပါဘူး။ ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်နိုင်ခြေများတဲ့ လူနာတွေကို Lagevrio ဆေးတိုက်တဲ့အခါ ဆေးရုံတက် မကုသရအောင် ဒါမှမဟုတ် သေဆုံးနိုင်ခြေကို ၃၀ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ ဆေးအစစ်နဲ့အသွင်တူပေမဲ့ အာနိသင် မရှိတဲ့ဆေးပေးပြီး အုပ်စု ၂ စုကို လက်တွေ့စမ်းသပ်ကြည့်တဲ့အခါ ဆေးသောက်ပြီးနောက် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးကတော့ ကွာခြားမှု သိသိသာသာ မရှိတာ တွေ့ရပါတယ်။

အခုအချိန်အထိ ဂျပန်နိုင်ငံမှာ Lagevrio ဆေးနဲ့ လူပေါင်း ၃၈၀,၀၀၀ ကျော်ကို ကုသပေးခဲ့ပါတယ်။ ဒီဆေးထုတ်တဲ့ ကုမ္ပဏီက ဒီကုသဆေးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ထုတ်နိုင်ပြီလို့  ပြောပါ တယ်။ ဂျပန်အစိုးရက ဒီဆေးနဲ့ကုသဖို့ ကုန်ကျစရိတ်ကို အပြည့်အဝ တာဝန်ယူ ကျခံပေးနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

463. Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအသစ်။
အပိုင်း− ၅ လက်ရှိကာကွယ်ဆေးကိုပဲ စတုတ္ထအကြိမ် အားဖြည့်ထိုးနှံခြင်းက ထိရောက်မှု ဘယ်လောက်ရှိလဲ။

အဖြေ− လက်ရှိ ကိုဗစ်ကာကွယ်ဆေးကိုပဲ စတုတ္ထအကြိမ် အားဖြည့်ထိုးနှံတာက ဘယ်လောက် ထိရောက်မှုရှိသလဲ?
ဂျပန်မှာ စုစည်းထားတဲ့ အချက်အလက်တွေကို လေ့လာကြပါမယ်။
တိုကျိုမြို့တော် ဆေးပညာသိပ္ပံဌာနက စတုတ္ထအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံထားကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ သွေးနမူနာတွေ ထဲမှာ ဗိုင်းရပ်စ်ရဲ့အာနိသင်ကိုပြယ်စေတဲ့ ပဋိပစ္စည်းပမာဏ ဘယ်လောက်ရှိသလဲဆိုတာကို ဇူလိုင်လမှာ အချက်အလက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၆၀နဲ့ ၇၀တန်း အသက်အရွယ်ရှိသူတွေဟာ တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံအပြီး လေးလအကြာမှာ ဗိုင်းရပ်စ်ပိုးရဲ့ အာနိသင်ကို ပြယ်စေတဲ့ပဋိပစ္စည်း အဆင့်ဟာ ၈၅၅ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် စတုတ္ထမြောက်အကြိမ် ကာကွယ်ဆေးထိုးနှံအပြီးမှာ ၃၉၄၂ အထိ ပဋိပစ္စည်း ပမာဏမြင့်တက်လာပါတယ်။
ပျမ်းမျှအားဖြင့် အဲဒီလူတွေဟာ တတိယအကြိမ် အားဖြည့် ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဗိုင်းရပ်စ်ပိုးရဲ့ အာနိသင်ကို ပြယ်စေတဲ့ ပဋိပစ္စည်း အဆင့်ဟာ မြင့်မားနေသေးတာကိုတွေ့ရပေမဲ့ ပဋိပစ္စည်း ပမာဏအနည်းအများကတော့ လူတစ်ဦးချင်းစီကိုလိုက်ပြီး ကွာခြားမှု ရှိနေခဲ့ပါတယ်။ ဒါပေမဲ့လည်း စတုတ္ထအကြိမ် အားဖြည့် ကာကွယ်ဆေး ထိုးပြီးသူတိုင်းကတော့ ပဋိပစ္စည်းပမာဏ မြင့်မားလာတာကို တွေ့ရပါတယ်။
Omicronက နောက်ထပ်ကူးစက်မှုတွေမြင့်တက်လာအောင် လုပ်မယ့် ကိုဗစ်ပိုးမဟုတ်ဘူးလို့ ဂျပန်နိုင်ငံရဲ့ ကိုဗစ်ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ရဲ့ အဖွဲ့ဝင် Toho တက္ကသိုလ်က ပါမောက္ခ Tateda Kazuhiro က ဆိုပါတယ်။
တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်မထိုးနှံရသေးသူတွေအနေနဲ့ ကာကွယ်ဆေးကို အမြန်ထိုးနှံဖို့လိုကြောင်း၊ စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးဖို့ ကူပွန်လက်မှတ် ရရှိထားသူတွေအနေနဲ့လည်း အမြန်ဆုံး ကာကွယ်ဆေးသွားရောက် ထိုးနှံဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။ ကာကွယ်ဆေးကို အမြန်ထိုးနှံကြမှ ကူးစက်မှု မမြင့်တက်အောင် ထိန်းထားနိုင်မယ်လို့ ဆိုပါတယ်။
မိမိနေထိုင်ရာနေရာမှာ ရရှိနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေးကိုပဲ အကြိမ်ရေများများ ထိုးနှံထားနိုင်ရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါ ပြင်းထန်မလာအောင် ကာကွယ်ပေးနိုင်မယ်လို့ ပြောပါတယ်။ ရောဂါပိုးကူးစက်မှု မများအောင်လည်း အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် ထိန်းနိုင်မယ်လို့ ယုံကြည်ရပါတယ်။ ခုခံစွမ်းအား ဆိုင်ရာ၊ ဗိုင်းရပ်စ်နဲ့ ကူးစက်ရောဂါဗေဒ ဆိုင်ရာ ကျွမ်းကျင်သူတွေက ကာကွယ်ဆေးကို သတ်မှတ်စံနှုန်းအတိုင်း အကြိမ်ရေပြည့်အောင်ပဲ အမြန်အားဖြည့်ထိုးနှံကြဖို့ စဉ်းစားသင့်တယ်လို့ ပြောပါတယ်။ ဘယ်ကာကွယ်ဆေး အမျိုးအစားကို ထိုးနှံရမလဲ ဆိုတာနဲ့ ပတ်သက် ပြီးလည်း အလွန်အမင်း ရွေးချယ်ပြီး စိုးရိမ်မနေကြဖို့ အကြံပြုထားပါ တယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

462. Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအသစ်။
အပိုင်း− ၄ စတုတ္ထအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံခြင်းက ထိရောက်မှု ဘယ်လောက်ရှိလဲ။

အဖြေ− စတုတ္ထအကြိမ် အားဖြည့် ကာကွယ်ဆေးက ဘယ်လောက် ထိရောက်မှုရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ အမေရိကန်နိုင်ငံတွေမှာ သုတေသန လုပ်ထားတဲ့ အချက်အလက်တွေကို လေ့လာကြပါမယ်။
ကမ္ဘာတစ်ဝန်းက အစီရင်ခံစာတွေမှာတော့ စတုတ္ထမြောက် ကာကွယ်ဆေး အားဖြည့်ထိုးနှံတာဟာ ဆေးရုံတက် ကုသရတဲ့အထိ ရောဂါပြင်းထန်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ကိုဗစ်ကြောင့် သေဆုံးနိုင်တာကို ရာခိုင်နှုန်းလျော့ကျသွားအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံက သုတေသီအဖွဲ့တစ်ဖွဲ့ဟာ ကျန်းမာရေးဝန်ထမ်း ၂၉,၀၀၀ ကျော်ကို စတုတ္ထမြောက်ကာကွယ်ဆေး အားဖြည့် ထိုးနှံပေးပြီး သုတေသနလုပ်ထားတဲ့ ရလဒ်တွေကို ဆေးပညာဂျာနယ် JAMA Network Open မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဩဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အဲဒီအစီရင်ခံစာအရ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုတွေ အရမ်းဖြစ်နေတဲ့အချိန်မှာဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၅၃၀၀ ကျော်ကို စတုတ္ထအကြိမ် ကာကွယ်ဆေး အားဖြည့် ထိုးနှံပေးခဲ့ပါတယ်။ အဲဒီ လူတွေထဲက ၃၆၈ ဦး ပဲ ကိုဗစ်ကူးစက်တာ ခံခဲ့ရပါတယ်။ တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံထားသူ ၂၄,၀၀၀ ကျော်ထဲက ဗိုင်းရပ်စ်ကူးစက်ခံရသူကတော့ ၄,၈၀၂ ဦး ရှိခဲ့ပါတယ်။ အလွယ်ပြောရရင် ကာကွယ်ဆေး ၃ကြိမ်ထိုးထားသူ တွေမှာ ကူးစက်မှုနှုန်းက ၁၉.၈ ရာခိုင်နှုန်းရှိပေမဲ့ ကာကွယ်ဆေး ၄ ကြိမ် ထိုးထားသူတွေမှာ ၆.၉ ရာခိုင်နှုန်းပဲရှိတယ်လို့ ဆိုနိုင်ပါတယ်။ ၄ကြိမ်မြောက်ထိုးထားရင် ကူးစက်ခံရဖို့ ရာခိုင်နှုန်း နည်းပါးတယ်လို့ ပြောနိုင်ပါတယ်။
အမေရိကန်မှာလည်း BA.2 အပါအဝင် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေ ကူးစက်ပျံ့နှံ့နေချိန်မှာ ပြည်နယ် ၁၀ ခုမှာရှိတဲ့ အရွယ်ရောက်ပြီးသူတွေအကြား mRNA COVID-19 ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ CDC က သုတေသနပြုပြီး ဇူလိုင်လမှာ အကဲဖြတ်ထားတဲ့ ရလဒ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ အသက် ၅၀နဲ့အထက် ရှိသူတွေ တတိယအကြိမ် အားဖြည့် ကာကွယ်ဆေးထိုး ပြီးနောက် ၄ လကျော် ကြာတဲ့အချိန်မှာ ဆေးရုံတက် မကုသရအောင် ကာကွယ်နိုင်စွမ်း ၅၅ ရာခိုင်နှုန်း ရှိလာတယ်လို့ ဖော်ပြထားပါတယ်။ စတုတ္ထအကြိမ် အားဖြည့်ကာကွယ်ဆေး ထိုးပြီးတဲ့နောက်မှာတော့ သီတင်း တစ်ပတ်ကျော်မှာတင် ကာကွယ်ဆေးရဲ့ ထိရောက်မှုအစွမ်းက ၈၀ ရာခိုင်နှုန်းအထိ တက်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ကာကွယ်ဆေးထိုးဖို့ အကြံပြုထားပြီး အချိန်ဆွဲပြီး နှောင့်နှေးနေတာမျိုးမလုပ်ဘဲ အားဖြည့်ထိုးနှံကြဖို့ CDC က ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

461. Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအသစ်။
အပိုင်း− ၃ ကာကွယ်ဆေးအသစ်ကို ဘယ်တော့ထိုးနှံနိုင်မလဲ။

အဖြေ− အရင် ကာကွယ်ဆေးထိုးပြီးနောက် အချိန် ဘယ်လောက်အကြာမှာ အားဖြည့်ကာကွယ်ဆေး အသစ်ကို ထိုးနှံ ရမလဲ ဆိုတာကို လေ့လာကြပါမယ်။
ဂျပန်အစိုးရဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးအသစ်ကို အစောဆုံး အောက်တိုဘာလလယ်မှာ စတင်ထိုးပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
အဲဒါကြောင့် တတိယအကြိမ်နဲ့ စတုတ္ထအကြိမ်မြောက် အားဖြည့် ကာကွယ်ဆေး မထိုးရသေးသူတွေဟာ ဒီကာကွယ်ဆေးသစ်ကို စောင့်သင့်သလား?
ဒါမှမဟုတ် အရင်ကတည်းက ရှိတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကိုပဲ ထိုးနှံသင့်ပါသလား?
ဂျပန်မှာတော့ သြဂုတ်လ ၂၂ ရက်နေ့အထိ စာရင်းပြုစုထားတာ အရဆိုရင် လူဦးရေရဲ့ ၆၄ ရာခိုင်နှုန်း၊ ကိန်းဂဏန်းနဲ့ဆိုရင် လူပေါင်း ၈၁.၀၁ သန်းဟာ ကာကွယ်ဆေးကို တတိယအကြိမ် အားဖြည့် ထိုးနှံပြီးပါပြီ။ ဒီကိန်းဂဏန်းတွေကို ဝန်ကြီးချုပ်ရုံးရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အသက်အရွယ်ကြီးရင့်သူတွေလိုမျိုး ကာကွယ်ဆေး ဦးစားပေး ထိုးနှံ ပေးသင့်သူတွေ အုပ်စုထဲက လူပေါင်း ၂၁.၅၄ သန်းလည်း ကာကွယ်ဆေး စတုတ္ထအကြိမ် အားဖြည့် ထိုးနှံပြီးသွားပြီလို့ သိရပါ တယ်။
ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ ကျွမ်းကျင် သူများအဖွဲ့ရဲ့ အကြီးအကဲလည်းဖြစ် ဂျပန်နိုင်ငံ့ကူးစက်ရောဂါ ဆိုင်ရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်တဲ့ Wakita Takaji က ကာကွယ်ဆေးအသစ်ကို အောက်တိုဘာလလယ်မှာ ထိုးနှံလို့ ရပြီဆို ရင်တောင် လူတိုင်း ချက်ခြင်းထိုးနှံနိုင်ဖို့ လုံလောက်တဲ့ ပမာဏ ရနိုင်မလား ဆိုတာတော့ မသိသေးဘူးလို့ သတင်းထောက်တွေကို သြဂုတ်လ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ လက်ရှိ ကာကွယ်ဆေး တွေကလည်း Omicron ကူးစက်မှုကြောင့် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် တတိယအကြိမ် ဒါမှမဟုတ် စတုတ္ထအကြိမ် ကာကွယ်ဆေးကို အားဖြည့်ထိုးနှံရာမှာ လက်ရှိကာကွယ်ဆေးတွေကိုပဲ အမြန်ဆုံး ထိုးနှံဖို့ စဉ်းစားသင့်တယ်လို့ ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

460. Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအသစ်။
အပိုင်း− ၂ ကာကွယ်ဆေး အသစ်က ဘယ်လောက်ထိရောက် သလဲ။

အဖြေ− ကာကွယ်ဆေးသစ်က ထိရောက်မှု ဘယ်လောက် ရှိသလဲဆိုတာကို လေ့လာကြပါမယ်။
Pfizer ဆေးကုမ္ပဏီကြီးက အခုကာကွယ်ဆေးသစ်ကို အသက် ၅၆ နှစ်နဲ့အထက် ရှိသူ ၁,၂၀၀ ကျော်နဲ့ စတုတ္ထအကြိမ် အားဖြည့်ထိုးနှံပြီး လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရာမှာ Omicronရဲ့မျိုးကွဲ BA.I အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ရဲ့ အာနိသင်ကိုပြယ်စေတဲ့ ပဋိပစ္စည်း ထွက်ရှိမှုဟာ လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးထက် ၁.၅၆ ဆ တိုးလာတာကို တွေ့ရပါတယ်။ ဒီကာကွယ်ဆေးအသစ်ဟာ ဘေးကင်းစိတ်ချရပြီး အန္တရာယ်မရှိဘူးလို့ Pfizer က ပြောပါတယ်။
Moderna ဆေးကုမ္ပဏီက သူတို့ရဲ့ကာကွယ်ဆေးသစ်ကို တခြားပညာရှင်တွေရဲ့ စံသုံးသပ်ချက်တွေ မပြုလုပ်ခင် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ အမေရိကန်ပြည်ထောင်စုမှာ Omicron ကို ပစ်မှတ်ထားတဲ့ လက်တွေ့ စမ်းသပ်မှု တွေအရ စတုတ္ထအကြိမ် အားဖြည့်ထိုးနှံတဲ့ သူတို့ရဲ့ လက်ရှိကာကွယ်ဆေးနဲ့ နှိုင်းယှဉ်ရင် ကာကွယ်ဆေးအသစ်က BA.I ရဲ့ အာနိသင်ကို ပြယ်စေတဲ့ ပဋိပစ္စည်း ၁.၇၅ ဆ ပိုထွက်စေတယ်လို့ ဖော်ပြထားပါတယ်။
ဒီကာကွယ်ဆေးသစ် ရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် ထိုးနှံပြီးတဲ့အခါ အပျော့စားလက္ခဏာတွေကနေ အလတ်စားရောဂါလက္ခဏာတွေ ဖြစ်တတ်ပါတယ်။ လက်မောင်းတစ်ဝိုက် နာကျင်မှု ၇၇ ရာခိုင်နှုန်း၊ မောပန်းနွမ်းနယ်ပြီး နုံးနေတာက ၅၅ ရာခိုင်နှုန်း နဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်တာ ၄၄ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ Moderna က ပြောပါတယ်။
အဲဒီကာကွယ်ဆေးသစ်တွေဟာ လက်ရှိ ကူးစက်မှုမြင့်မားနေတဲ့ Omicron ရဲ့မျိုးကွဲ BA.5 ကို တိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်းတွေကိုလည်း တိုးလာစေမယ်လို့ ယုံကြည်ရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

459. Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အသစ်။
အပိုင်း− ၁ ကာကွယ်ဆေး အသစ်က ဘယ်လို အလုပ်လုပ်သလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ အိုမီခရွန်အမျိုးအစားကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးအသစ်ကို ထိုးနှံဖို့ အစောဆုံး အောက်တိုဘာလလယ်မှာ စတင်မယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီး ဌာနက ဆုံးဖြတ်ထားပါတယ်။ ဒီအစီအစဉ်မှာ အဲဒီကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသစ်ရဲ့ အလုပ်လုပ်ပုံ၊ ထိရောက်မှုနဲ့ အရင်ကာကွယ် ဆေးထိုးပြီးနောက် အချိန်ဘယ်လောက်အကြာမှာ ထိုးနှံနိုင်တယ် ဆိုတာတွေကို တင်ဆက်ပေးပါမယ်။ အခု ကာကွယ်ဆေးသစ်က ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ လေ့လာ ကြည့်ကြရအောင်။
အဲဒီ ကာကွယ်ဆေးအသစ်ကို Pfizer နဲ့ Moderna ဆေးကုမ္ပဏီကြီး တွေက တီထွင်နေပါတယ်။ bivalent vaccine လို့ခေါ်တဲ့ နှစ်မျိုးစပ် ကာကွယ်ဆေးဟာ လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးတွေမှာ အသုံးပြုထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ BA.I က ဒြပ်ပစ္စည်းတွေကို ပေါင်းစပ် ဆေးဖေါ်ထားပါတယ်။
Pfizer နဲ့ Moderna က ထုတ်လုပ်ထားတဲ့ လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေဟာ ခန္ဓာကိုယ်ထဲမှာ spike protein လို့ခေါ်တဲ့ ဆူးချွန်ပရိုတင်းတွေကို ဖွဲ့စည်းတည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ “ခုခံအားစနစ်”က အဲဒီ ဆူးချွန်ပရိုတင်းတွေကို တန်ပြန် တိုက်ဖျက်ဖို့ ပဋိပစ္စည်း အများအပြားကို ထုတ်ပေးရာကနေ တကယ့် ကိုရိုနာ ဗိုင်းရပ်စ်အစစ်တွေ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့အခါ ပြန်လည်တိုက်ထုတ် နိုင်စွမ်း တိုးလာစေပါတယ်။
ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်က မျိုးဗီဇပြောင်းလဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး ဆူးချွန်ပရိုတင်းရဲ့ ပုံသဏ္ဍာန်ကလည်း ပြောင်းလဲ သွားပါတယ်။ အဲဒါကြောင့် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ရဲ့မျိုးကွဲတွေ ကူးစက်ရင် ကာကွယ်ဆေးရဲ့ ထိရောက်မှု ကျဆင်းလာ ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေရဲ့ ဆူးချွန်ပရိုတင်းအချက်အလက်တွေကို အသုံးပြုပြီး ကာကွယ်ဆေး ထုတ်ရင် ပိုမိုထိရောက်လာမယ်လို့ ယုံကြည်ပြီး တီထွင်နေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

458. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၉ ရောဂါပိုးကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထပ်မံဖြစ်ပွားချိန်မှာ ဘာတွေသတိထားရမလဲ။

အဖြေ− ကိုဗစ်ကူးစက်ခံရသူတွေနဲ့ အနီးကပ် ထိတွေ့မိသူတွေ အနေနဲ့ ရောဂါပိုး ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထပ်ဖြစ်လာချိန်မှာ သတိထားရမယ့်အချက်တွေ ကို  လေ့လာကြပါမယ်။

Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ တခြား မျိုးဗီဇပြောင်း  ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေလိုပဲ လေဝင်လေထွက် မကောင်းတဲ့ နေရာတွေမှာ လူ့ခန္ဓာကိုယ်က ထွက်တဲ့ အမှုန်အမွှားတွေ၊ တံတွေး၊ အရည်အစက်တွေက တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုး မကူးစက်အောင် ကာကွယ်တားဆီးရေး အစီအမံတွေကို အသေအချာ လုပ်ဆောင်မယ်ဆိုရင် ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ပါတယ်။ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ မိသားစုဝင် တွေကြားမှာ ကူးစက်မှုတွေ ပိုပြီးဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် အိမ်ထဲမှာ ဗိုင်းရပ်စ် မကူးစက်အောင် ​ ကြိုတင် ကာကွယ်တဲ့ လုပ်ဆောင်ချက်တွေ ကို  စေ့စေ့စပ်စပ် သေသေချာချာ လုပ်ကြဖို့ အရမ်းအရေးကြီးပါတယ်။ Omicron မျိုးဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ် အဓိက ကူးစက်မှု ပြန့်ပွားမှုတွေ ဖြစ်ပြီး နောက်ပိုင်း ရောဂါပိုး ရှိသူတွေနဲ့ အနီးကပ် ထိတွေ့မိသူတွေအပေါ် ကန့်သတ်ချက်တွေကို ဂျပန်အစိုးရက ဖြေလျှော့ပေးခဲ့ပါတယ်။

ဒါပေမဲ့ မပေါ့ဆဘဲ ရောဂါပိုးတားဆီးကာကွယ်ရေး အစီအမံတွေ ကို တစ်ဦးတစ်ယောက်ချင်းစီက ဆက်ပြီးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ NHK နဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အစိုးရအကြံပေး အဖွဲ့ရဲ့အကြီးအကဲ Omi Shigeru က ရောဂါပိုး ကူးစက်လွယ်တဲ့ နေရာတွေနဲ့ ကူးစက်မှု လမ်းကြောင်းတွေဟာ အရင်အတိုင်းဘဲ ဘာမှမပြောင်းလဲသေးဘူးလို့ ပြောကြားခဲ့ပါတယ်။  မစ္စတာ Omi က လူစုလူဝေးရှိတဲ့နေရာ၊ လူများတဲ့နေရာတွေဟာ ကူးစက်လွယ်လို့ ရှောင်ရှားဖို့နဲ့ လူတွေ အသံကျယ်ကျယ်နဲ့ စကားပြောကြတဲ့ နေရာတွေကို မသွားဖို့ တိုက်တွန်းထားပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့တွေ့ဖို့ရှိရင် သွားမတွေ့ခင်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးဖို့လည်း သူက ဆက်ပြီး အကြံပြုထားပါတယ်။ ကပ်ရောဂါကာလအတွင်း မိမိတို့ သင်ယူရရှိထားတဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေကိုထိထိရောက်ရောက် အသုံးချပြီး ကိုဗစ်ကူးစက်မှုကာကွယ်တားဆီးရေး အစီအမံတွေကို တစ်ဦးချင်းစီ က ဆက်လက် လုပ်ဆောင်သင့်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

457. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၈ အနီးကပ် ထိတွေ့မိသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများ ။

အဖြေ− ကိုဗစ်ကူးစက်ခံရသူတွေနဲ့ အနီးကပ် ထိတွေ့မိသူတွေအဖြစ် သတ်မှတ်ခံထားရသူတွေနဲ့ သွားပြီး အနီးကပ်နေမိရင် ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ လေ့လာကြည့်ကြပါမယ်။

တကယ်လို့ မိမိရဲ့ မိသားစုဝင်တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် လူနာနဲ့ "အနီးကပ်ထိတွေ့သူ" ဖြစ်လာတယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင် ပါသလဲ။ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ကူးစက်ရောဂါ ကာကွယ်ရေး အစီအမံမှာ “အနီးကပ် ထိတွေ့မိသူတွေနဲ့ အနီးကပ် ထိတွေ့သူနဲ့ပတ်သက်ပြီး စည်းမျဉ်း  စည်းကမ်း သတ်မှတ်ထားတာ မရှိဘူး” လို့အရာရှိက ပြောပါတယ်။  “ကိုဗစ်ကူးစက်ခံထားရသူ နဲ့ အနီးကပ်ထိတွေ့မိသူကလွဲပြီး ကျန်တဲ့ မိသားစုဝင်တွေကို သွားလာလှုပ်ရှား ကန့်သတ်တာ တစ်စုံတစ်ရာ မရှိဘူးလို့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေ က ဆိုပါတယ်။

ဒါပေမဲ့ မိမိတို့ရဲ့ အလုပ်တွေ၊ ကျောင်းတွေမှာ "အနီးကပ် ထိတွေ့မိသူတွေ" နဲ့ ပတ်သက်ပြီး အဖွဲ့အစည်းအလိုက် သတ်မှတ်ထား တဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိတာကြောင့်   သူ့စည်းမျဉ်းအတိုင်း လိုက်နာသင့်တယ်လို့ အရာရှိတွေက ပြောပါတယ်။

အနီးကပ်ထိတွေ့မိသူက ရောဂါကူးစက်ခံလိုက်ရတာမျိုး ရှိနိုင်တာ ကြောင့် သူရဲ့မိသားစုဝင်တွေအနေနဲ့ သတိထားရမယ့် အချက်တွေကို အခုလိုအကြံပြုထားပါတယ်။

(၁) အိမ်က မိသားစုဝင်တွေ မျက်နှာသုတ်ပုဝါ တစ်ထည်တည်း အတူအသုံးမပြုပါနဲ့၊ အစားအစာတွေကို သီးခြားခွဲ စားပါ။ အနီးကပ်ထိတွေ့မိသူက တခြားမိသားစုဝင်တွေနဲ့ အတတ်နိုင်ဆုံး သီးခြားခွဲ နေထိုင်ပါ။

(၂) အိမ်မှာလည်း နှာခေါင်းစည်းတပ်ထားပါ။ လက်ကို ပိုးသတ်ဆေးနဲ့ ဆပ်ပြာနဲ့ ဂရုတစိုက် ဆေးကြောသန့်စင်ပါ။

(၃) တံခါးလက်ကိုင်တွေ၊ လျှပ်စစ်ပစ္စည်းရဲ့ခလုတ်တွေ လိုမျိုး မကြာခဏ လက်နဲ့ထိတွေ့ရတဲ့အရာတွေရဲ့ မျက်နှာပြင်တွေကို ပိုးသတ်ဆေးရည်နဲ့ သုတ်ပါ။

(၄) အခန်းတွင်း လေ၀င်လေထွက် ကောင်းအောင် ပုံမှန် လုပ်ဆောင်ပါ။

Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ပြင်းပြင်းထန်ထန် ဖျားနာနိုင်ခြေ နည်းပါးတာကြောင့် လူတွေက ပေါ့ပေါ့ဆဆနေတာမျိုး ရှိပါတယ်။ ဒါပေမဲ့ မိမိရဲ့ မိသားစုဝင်တွေက အသက်အရွယ်ကြီး သူတွေနဲ့ အခြားရောဂါအခံ ရှိသူတွေ ဆိုရင် မကူးစက်အောင် သတိ ထားနေဖို့ လိုအပ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

456. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၇ မိမိဘာသာ သီးခြားခွဲ နေထိုင်တဲ့ ကာလအတွင်း ဆောင်ရန် ရှောင်ရန်အချက်များ။

အဖြေ− ကိုဗစ်ကူးစက်ခံရသူတွေနဲ့ အနီးကပ် ထိတွေ့မိသူတွေအနေနဲ့ မိမိဘာသာ သီးခြားခွဲနေထိုင်ရမယ့် ကာလအတွင်း လိုက်နာရမယ့် အချက်တွေကို ကြည့်ကြရအောင်။

သီးခြားခွဲ နေထိုင်စဉ်အတွင်း အတတ်နိုင်ဆုံး မလိုအပ်ဘဲ အပြင်ထွက်တာကို ရှောင်ကြဉ်ရပါမယ်။ မဖြစ်မနေ အပြင်ထွက်ဖို့ လိုအပ်လာတယ် ဆိုရင်  နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ နဲ့ တခြားသူနဲ့ အနီးကပ် ထိတွေ့တာ စတဲ့ ရောဂါပိုးကာကွယ်တားဆီးရေး အစီအမံတွေကို လုပ်ဆောင်ထားရပါမယ်။ သီးခြားခွဲနေထိုင်တဲ့ ကာလအတွင်း အလုပ် ဒါမှမဟုတ် ကျောင်း မသွားသင့်ပါဘူး။

တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

(၁) မလိုအပ်ဘဲ အပြင်ထွက်တာ၊ အလုပ်သွားတာ၊ ကျောင်းသွား တာတွေကို ရှောင်ကြဉ်ပြီး အိမ်မှာနေပါ။

(၂) နေ့စဉ် မနက်တစ်ခါ ညနေမှာတစ်ခါ မိမိရဲ့ခန္ဓာကိုယ်အပူချိန်ပုံမှန် ဟုတ်မဟုတ် တိုင်းတာ စစ်ဆေးပေးပါ။

(၃) ဖျားတာ၊ ချောင်းဆိုးတာလိုမျိုး လက္ခဏာတွေ ရှိလာတယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စမ်းသပ်စစ်ဆေးပါ။ မိသားစု ဆရာဝန်တွေ ဒါမှမဟုတ် ဆေးရုံဆေးခန်းသွားပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၄) အများနဲ့စီးရတဲ့ သယ်ယူပို့ဆောင်ရေးတွေကို အသုံးပြုတာ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

တိုကျိုမှာရှိတဲ့ St Luke's International Hospital က ကူးစက်ရောဂါ ဆိုင်ရာ ကျွမ်းကျင်သူ Sakamoto Fumie က ရောဂါပိုးကူးစက်မှုတွေ များပြားလာချိန်မှာ ဆရာဝန်နဲ့ချက်ခြင်းတွေ့ဖို့ ခက်ခဲနိုင်တာကြောင့် ဆောင်ထားသင့်တဲ့ အသုံးဝင်မယ့် ပစ္စည်းတွေနဲ့ပတ်သက်ပြီး အခုလို အကြံပြုထားပါတယ်။

(၁)   ဆေးဆိုင်တွေမှာ ဆေးစာမပါဘဲလဲ ရရှိနိုင်တဲ့ Antipyretics နဲ့ အကိုက်အခဲပျောက်ဆေးတွေ။

(၂)  ရေဓါတ်ဖြည့်ဖို့အတွက် Isotonic အချိုရည်တွေ။

(၃) ဂျယ်လီအချိုရည်တွေလိုမျိုး အလွယ်တကူ စားသုံးနိုင်တဲ့ အစားအစာတွေ။

(၄)  နေ့စဥ်အသုံးပြုရတဲ့ လူသုံးကုန်ပစ္စည်းတွေကို ခပ်များများလေး စုထားပါ။

(၆)   ရောဂါအခံရှိသူတွေကတော့ ပုံမှန်သောက်နေရတဲ့ ဆေးဝါးတွေ ကို အပို ဆောင်ထားပါ။

ကာကွယ်ဆေးထိုးထားဖို့လည်း လိုအပ်သလို၊ သီးခြားခွဲနေထိုင်စဉ် ကာလအတွင်း တိုင်ပင်ဆွေးနွေးဖို့ ဒေသန္တရကျန်းမာရေး အာဏာပိုင် တွေနဲ့ ဆက်သွယ်နိုင်မယ့်လိပ်စာ၊ ဖုန်းနံပါတ် စတာတွေကို မှတ်သား ထားကြဖို့လည်း Sakamoto Fumie က အကြံပြုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

455. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၆ အလုပ်ခွင်အတွင်း ကူးစက်မှုတွေ ရှိလာရင် ဘယ်လို လုပ်ဆောင်ရမလဲ။

အဖြေ− ကိုဗစ်ကူးစက်ခံရသူတွေနဲ့ အနီးကပ် ထိတွေ့မိသူတွေနဲ့ပတ်သက်ပြီး လုပ်ငန်းခွင်တွေမှာ ကိုရိုနာကူးစက်မှုတွေ ဖြစ်လာရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာကို ပြောပြပါမယ်။

လုပ်ငန်းခွင်က တစ်ဦးဦး  ဗိုင်းရပ်စ် ကူးစက်ခံရရင် ရောဂါပိုးတွေ့ရှိသူရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ မူအားဖြင့် အိမ် ဒါမှမဟုတ် တခြားနေရာတွေမှာ သီးခြားခွဲနေထိုင်ရမယ်လို့ သတ်မှတ် ထားတာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါ တယ်။

ဒါပေမဲ့ ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေဟာ ရောဂါပိုးရှိသူနဲ့ နောက်ဆုံးထိတွေ့ခဲ့တဲ့နေ့ကနေ ၇ ရက်ကြာတဲ့အထိ သက်ကြီးရွယ်အို တွေဆီသွားတွေ့တာ ဒါမှမဟုတ် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေကို သွားတာ၊ လူအများနဲ့ ဝိုင်းဖွဲ့စားသောက်တာနဲ့ လူ အများအပြားနဲ့ ပြုလုပ်တဲ့ ပွဲတွေ သွားတာလိုမျိုး ကူးစက်မှုအန္တရာယ် မြင့်မားစေမယ့် သွားလာ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ဖို့ တောင်းဆို ထားပါတယ်။

နှာခေါင်းစည်းတပ်တာလိုမျိုး ရောဂါပိုးကူးစက်မှု ကာကွယ် တားဆီးရေးအစီအမံတွေ မလုပ်ဆောင်ဘဲ အလုပ်ခွင်ထမင်း တူတူ စားတာမျိုး ကူးစက်ခံရသူနဲ့ လုပ်ခဲ့ရင် ၅ ရက်ကြာ သီးခြားခွဲ နေထိုင်တာကို လုပ်ပြီး မိမိဘာသာ ကိုဗစ်ရှိမရှိ သွားစစ်တာမျိုး လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဆေးရုံဆေးခန်း ဒါမှမဟုတ် သက်ကြီးရွယ်အို  စောင့်ရှောက်ရေး ဂေဟာတွေလိုမျိုး လူတွေကို ကူးစက်ခံရရင် ပြင်းပြင်းထန်ထန် ရောဂါလက္ခဏာ ဖြစ်ပွားနိုင်ခြေများတဲ့ သူတွေ ရှိတဲ့နေရာတွေမှာ ကိုဗစ်ကူးစက်သူ ရှိကြောင်း အတည်ပြုတဲ့အခါ အထူးသတိထားဖို့ လိုအပ် ပါတယ်။ အဲဒီလိုနေရာတွေမှာ ကိုဗစ် ကူးစက်သူနဲ့ အနီးကပ် ထိတွေ့ခဲ့သူ ဖြစ်ခဲ့တယ်ဆိုရင် ၅ ရက်ကြာ သီးခြားခွဲနေထိုင်ဖို့ လိုအပ်ပါတယ်။ ရောဂါပိုး ရှိမရှိ Antigen စစ်ဆေးမှုလုပ် ပြီး ဒုတိယနေ့ Day 2 နဲ့ တတိယနေ့ Day 3 တွေမှာ ပိုးမရှိကြောင်း ပြနေတယ်ဆိုရင် Day 3 ကစပြီး သီးခြားခွဲနေထိုင်စရာ မလိုတော့ပါ ဘူး။ ဒီလမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ရမယ့်သူတွေဟာ လူမှု အသိုင်းအဝန်းမှာ မရှိမဖြစ်တဲ့ အလုပ်သမား၊ ဝန်ထမ်းတွေ တင်မကဘဲ ဝန်ထမ်းအားလုံးလိုက်နာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ရောဂါပိုးရှိသူတွေနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ၊ လူမမာပြုစုစောင့်ရှောက်ပေးသူတွေဟာ နေ့စဉ် ပိုးရှိ မရှိ စစ်ဆေးမှုခံယူရပါမယ်။ ပိုးမရှိကြောင်း ရလဒ်ထွက်တယ်ဆိုရင် လုပ်ငန်းခွင်ကို သွားနိုင်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

454. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၅ သီးသန့်ခွဲခြား နေထိုင်ပြီးနောက်ပိုင်း ဘယ်လို ပြုမူနေထိုင်ရမလဲ။

အဖြေ− ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုတွေ ကာလရှည်ဖြစ်ပွားနေတဲ့ အတောအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူတွေနဲ့  အနီးကပ်ထိတွေ့မိသူတွေနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေကို မကြာသေးခင်က ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

အခု အနီးကပ်ထိတွေ့မိသူက မိမိဘာသာ  သီးခြားခွဲနေထိုင်ပြီး နောက်ပိုင်းမှာ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ လေ့လာကြည့် ကြရအောင်။

ကိုဗစ်ဖြစ်သူတွေနဲ့ "အနီးကပ်ထိတွေ့မိသူ" အဖြစ် သတ်မှတ်ခြင်း ခံရသူတွေဟာ မိမိဘာသာ သီးခြားခွဲ နေထိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီလို သီးခြားခွဲနေထိုင်ရမယ့်ကာလ ပြီးဆုံးသွားပြီ ဆိုရင်တော့ မိမိတို့ လုပ်ငန်းခွင်ကိုသွားတာ ဒါမှမဟုတ် ကျောင်းတက် ခွင့်ရှိပါတယ်။

ဂျပန်နိုင်ငံ့ကူးစက်ရောဂါဆိုင်ရာဌာနက ၂၀၂၂ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ လူတွေမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် ၃ရက်အတွင်း ရောဂါလက္ခဏာ ပြသနိုင်ခြေမှာ ၅၃.၀၅ ရာခိုင်နှုန်း၊ ၅ရက်အတွင်း ရောဂါလက္ခဏာပြသူ ၈၂.၆၅ ရာခိုင်နှုန်းနဲ့ ၇ရက်အတွင်းမှာ ရောဂါလက္ခဏာ ခံစားလာရသူ ၉၄.၅၃ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

ဒီကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် မိမိအိမ်မှာ သီးခြားခွဲနေထိုင်ချိန် ၅ရက်ဟာ မိမိကို ဗိုင်းရပ်စ်ပိုးကူးစက်တာ ရှိမရှိ သေချာအောင် စောင့်ကြည့်ဖို့ မလုံလောက်ဘူးဆိုတာ ပြသနေပါတယ်။

ဒါကြောင့် ဗိုင်းရပ်စ်ရှိသူနဲ့“အနီးကပ်ထိတွေ့မိသူ” အဖြစ် သတ်မှတ်ခံရသူတွေဟာ သီးခြားခွဲနေထိုင်တဲ့ကာလ ပြီးသွားတာတောင် ၇ ရက်ပြည့်တဲ့နေ့အထိ ကိုယ်အပူချိန် ပုံမှန်တိုင်းပြီး စောင့်ကြည့်ဖို့ လိုသလို၊ တခြားကျန်းမာရေးဆိုင်ရာ အခြေအနေတွေကိုလည်း ဂရုတစိုက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကူးစက်ပြန့်ပွားမှု ဖြစ်နိုင်ခြေများတဲ့ နေရာတွေသွားတာနဲ့ အုပ်စုလိုက် စားသောက်တာမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။ ရောဂါပိုးမကူး စက်ရအောင် ကာကွယ်တားဆီးရေး အစီအမံတွေကို လည်း အသေအချာလုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။ ၇ရက်ကျော်သွား လည်းပဲ ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားတာမျိုး မဖြစ်အောင် ကာကွယ်တားဆီးရေး အစီအမံတွေကို ပုံမှန်ဆက်လုပ်သွားဖို့ လိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

453. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၄ အနီးကပ်ထိတွေ့မိသူအဖြစ်နဲ့ အိမ်မှာပဲသီးခြားခွဲ နေထိုင်နေစဉ်မှာ တခြားမိသားစုဝင်ထဲက တစ်ဦးမှာ ရောဂါကူးစက်ခံ ရရင် ဘာတွေ လုပ်ဆောင်ရမလဲ။

အဖြေ− ကိုဗစ်ဖြစ်သူနဲ့ အနီးကပ်ထိတွေ့မိသူတွေနဲ့ပတ်သက်ပြီး သိသင့်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးနေပါတယ်။

အခုစတုတ္ထပိုင်းမှာတော့ မိသားစုဝင်ထဲက နောက်တစ်ဦးမှာ ကိုဗစ်ရောဂါ ကူးစက်ခံရပြီဆိုရင် ဘာတွေလုပ်ဆောင်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး လေ့လာကြည့်ကြပါမယ်။
မိသားစုအတွင်းမှာ တစ်ဦးက အနီးကပ်ထိတွေ့ခဲ့သူဖြစ်နေပြီး ဒုတိယတစ်ယောက်မှာလည်း ကိုဗစ်ဗိုင်းရပ်စ်ကူးစက်ခံရပြီ ဆိုရင် တခြားမိသားစုဝင်တွေဟာလည်း သီးခြားခွဲ နေထိုင်တဲ့ကာလကို တစ်ကနေပြန်စပြီး အသစ်ပြန်တွက်ဖို့ ဂျပန်အစိုးရက လမ်းညွှန်ထားပါတယ်။ ဥပမာ ကလေးတစ်ဦးမှာ ကိုဗစ်ကူးနေတာ တွေ့ရှိပြီး ရောဂါလက္ခဏာ အနည်းငယ်ပဲ ပြရာကနေ ပြန်နေကောင်း သက်သာလာတယ် ဆိုပါစို့။ လမ်းညွှန်ချက်တွေထဲမှာ ဘာတွေ ပြောထားသလဲ ကြည့်ကြရအောင်။

(၁) အိမ်သူအိမ်သားတွေဟာ ရောဂါပိုးကာကွယ်တားဆီးရေး အစီအမံ တွေကို မှန်မှန်ကန်ကန် လုပ်ဆောင်ထားတယ်ဆိုရင် ကိုဗစ်ရှိမရှိ စမ်းသပ်မှုရလဒ်တွေ မထွက်သေးရင်တောင်၊ ကလေးမှာ ရောဂါလက္ခဏာတွေ စပေါ်လာတဲ့နေ့ကို Day 0 အဖြစ် သတ်မှတ်နိုင်ပါတယ်။ ကျန်တဲ့ မိသားစုဝင်တွေဟာ ၅ ရက် သီးခြားခွဲ နေထိုင်ရပါမယ်။ Day 6 ပြည့်မှ ပုံမှန်အတိုင်း နေလို့ရပါမယ်။

(၂) ကလေးက ရောဂါလက္ခဏာပြပြီး ရောဂါပိုးရှိမရှိစစ်ဆေး နေချိန်ကနေ ကိုဗစ်ရှိကြောင်း အတည်ပြုတဲ့အချိန်အထိ ရောဂါပိုး ကာကွယ်တားဆီးရေး အစီအမံတွေကို အိမ်မှာ မလုပ်ဆောင်ခဲ့ဘူးဆိုရင် ပိုးရှိကြောင်း အတည်ပြုတဲ့နေ့ကို Day 0 အဖြစ်သတ်မှတ်ပါ။ ကျန်ရှိတဲ့ အိမ်သူအိမ်သားတွေက အဲဒီနေ့ကနေနောက်ထပ် ၅ ရက်ကြာ သီးခြားခွဲပြီး အကန့်အသတ်နဲ့နေထိုင်ရမှာ ဖြစ်ပါတယ်။

(၃) ကလေးမှာ ရောဂါလက္ခဏာ စပေါ်တဲ့နေ့ကို Day 0 အဖြစ် သတ်မှတ်ပြီး နောက်တစ်နေ့ကနေ ၁၀ ရက်အတွင်း ဆေးမစစ်ခင် နေကောင်းသက်သာသွားတယ် ဆိုပါစို့။ အဲဒီနောက် အနည်းဆုံး ၇၂ နာရီအကြာအထိ ရောဂါလက္ခဏာပြန်မပေါ်ဘူးဆိုရင် ကူးစက်မှု လုံးလုံးပျောက်ကင်းပြီလို့ ယူဆလို့ရပါတယ်။ ဒီအတောအတွင်း ရောဂါလက္ခဏာပြန်ပေါ်ပြီး အခြေအနေ ပိုဆိုးလာတယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေကို ချက်ချင်းဆက်သွယ် အကြံဉာဏ်ရယူပါ။

(၄) ကလေးမှာ ရောဂါပိုးရှိနေပေမယ့် လက္ခဏာမပြဘူးဆိုရင် ရောဂါပိုး စစ်ဖို့ နမူနာစယူတဲ့နေ့ကို Day 0 အဖြစ်ရေတွက်ပြီး အဲဒီနေ့ကနေနောက်ပိုင်း ၇ရက်ပြည့်တဲ့နေ့ရောက်မှသာ ကူးစက်မှုတွေ မဖြစ်နိုင်တော့ဘူး၊ ပြန်ကောင်းမွန်ပြီလို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ ရောဂါပိုးကူးစက်ထားကြောင်း ဆေးစစ်ထားတဲ့ အတည်ပြုချက် ထွက်တဲ့နေ့အထိ အိမ်မှာ ရောဂါပိုးကာကွယ်တားဆီးရေးအတွက် လိုအပ်တဲ့ အစီအမံတွေ မလုပ်ဆောင်ထားဘူး ဆိုရင်တော့ ကျန်မိသားစုဝင်တွေဟာ ပိုးရှိကြောင်းအတည်ပြုတဲ့နေ့ကို Day 0 အဖြစ် သတ်မှတ်ပြီး သီးသန့်ခွဲနေထိုင်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

452. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၃ မိသားစုဝင်တစ်ဦး ကူးစက်ခံရပြီဆိုရင် ကာလ ဘယ်လောက်ကြာ အသွားအလာ ကန့်သတ်ပြီး အိမ်မှာသီးသန့်ခွဲ နေထိုင်သင့်သလဲ။

အဖြေ− ကိုဗစ်ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူတွေနဲ့ ပတ်သက်ပြီး အခု တတိယပိုင်းမှာတော့ မိသားစုဝင်တစ်ဦးဦး ကူးစက်ခံရပြီဆိုရင် အနီးကပ်ထိတွေ့မိသူက အချိန်ကာလ ဘယ်လောက်ကြာအထိ အိမ်မှာ သီးသန့်ခွဲ နေထိုင်သင့်သလဲ ဆိုတာကို လေ့လာကြရအောင်။

အိမ်ထောင်စုတစ်ခုမှာ မိသားစုဝင်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ထားတာ တွေ့ရှိပြီး တခြားမိသားစုဝင်တွေကို အနီးကပ်ထိတွေ့မိသူအဖြစ် သတ်မှတ်ခံရပြီဆိုရင် အဲဒီသူတွေဟာ အသွားအလာကန့်သတ်ခံရပြီး အိမ်မှာပဲ  သီးခြားခွဲနေထိုင်ဖို့ တောင်းဆိုခံရမှာ ဖြစ်ပါတယ်။

အရင်ကတော့ အနီးကပ်ထိတွေ့မိသူတွေဟာ မူအားဖြင့် အိမ်ထဲမှာပဲ ၇ ရက်ကြာနေရမှာဖြစ်ပြီး အသွားအလာ ကန့်သတ်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်က စပြီး လူတွေရဲ့ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာအလုပ်တွေ လုပ်ဆောင်နိုင်ဖို့ ကန့်သတ်နေထိုင်ရမယ့် ကာလကို ၅ ရက်အထိ လျှော့ချခဲ့ပါတယ်။ ဘယ်ရက်ကနေစပြီး အသွားအလာ ကန့်သတ်နေထိုင်ရမလဲဆိုတာကို  Day Zero တွက်ချက်နည်းလို့ခေါ်တဲ့ ရက်တွက်နည်း ၃မျိုးနဲ့ သတ်မှတ်ထားပါတယ်။ အဲဒါတွေကတော့

−   ၁ ကိုဗစ်ရောဂါပိုးရှိသူမှာ ရောဂါလက္ခဏာတွေ စပြတဲ့နေ့

− ၂ ရောဂါလက္ခဏာမပြတဲ့ ကိုဗစ်ပိုးရှိသူမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ  စမ်းသပ် စစ်ဆေးတဲ့နေ့

−   ၃ ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အစီအမံတွေ စတင်ဆောင်ရွက်တဲ့နေ့ တွေ ဖြစ်ပါတယ်။

ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့မိသူတွေဟာ အဲဒီ ရက် ၃မျိုးထဲက တစ်ရက်ရက်ကို  Day Zero လို့ သတ်မှတ်ပြီး ၅ ရက်ကြာ သီးခြားခွဲ နေထိုင်ဖို့ လိုအပ်ပါတယ်။ ၆ ရက်မြောက်နေ့ကစပြီး  သီးခြားခွဲနေထိုင်တာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အနီးကပ်ထိတွေ့သူတွေဟာ Day 2 နဲ့ Day 3 နှစ်ခုစလုံးမှာ အစိုးရက သတ်မှတ်ထားတဲ့ ရောဂါပိုး စစ်ဆေးတဲ့ ပစ္စည်းတွေနဲ့ စစ်ဆေးကြည့်ပြီး ၂ရက်စလုံး ရောဂါပိုးမရှိဘူး Negative ပြနေတယ်ဆိုရင် သီးခြားခွဲနေထိုင်တာကို Day 3 အထိ ပဲ သတ်မှတ်ပါတယ်။

အိမ်မှာလုပ်ရမယ့် ရောဂါပိုးမကူးစက်အောင် ကာကွယ်တားဆီးတဲ့ အစီအမံတွေကတော့ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ လက်ကို ပိုးသတ်ဆေးနဲ့ပိုးသတ်တာ၊ အခန်းတွင်း လေအဝင်အထွက် ကောင်းအောင် မကြာခဏ လုပ်ဆောင်တာ ဖြစ်ပါတယ်။ မိသားစုဝင်တွေဟာ ရောဂါပိုးရှိသူနဲ့ သီးခြားအခန်းတွေ ခွဲနေရမယ်လို့ မဆိုလိုပါဘူး။

နှာခေါင်းစည်းတပ်ပေးဖို့ ခက်ခဲတဲ့ ကလေးငယ်တွေရှိမယ်ဆိုရင်လည်း လက်ကို သေချာသန့်စင်အောင် ဆေးကြောပေးတာ၊ မျက်နှာသုတ်ပဝါတစ်ခုစီ ခွဲပြီးသုံးတာ စတဲ့ ဆောင်ရွက်မှုတွေကို စဉ်းစားလုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် အခန်းတွေကို လေဝင်လေထွက် ကောင်းမွန်အောင် ထားတာနဲ့ အတတ်နိုင်ဆုံး ရောဂါပိုးရှိသူနဲ့ အနီးကပ် မထိတွေ့အောင် ရှောင်ကြဉ်နေတာ စတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် အခြေခံ အချက်တွေကိုတော့ စီမံလုပ်ဆောင်သင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

451. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၂ အနီးကပ်ထိတွေ့မိသူ အဖြစ် ဘယ်လိုသတ်မှတ်မလဲ။

အဖြေ-  ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ကာလရှည် ဖြစ်ပွားနေတဲ့အချိန်မှာ ကိုဗစ်ကူးစက်ခံရသူတွေနဲ့ အနီးကပ် ထိတွေ့မိသူအဖြစ် သတ်မှတ်တဲ့ သူတို့ရဲ့ လမ်းညွှန်ချက်တွေကို မကြာခင်ကမှ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

အခုဒုတိယပိုင်းမှာလည်း အနီးကပ်ထိတွေ့မိသူအဖြစ် ဘယ်လို သတ်မှတ်သလဲ ဆိုတာကို ဆက်လေ့လာကြရအောင်။

ရောဂါကူးစက်မှုတွေ မြင့်တက်လာတဲ့အချိန်တွေမှာ ရောဂါပိုး ကူးစက်ခံရသူနဲ့  အနီးကပ်ထိတွေ့မိသူ ဟုတ်၊ မဟုတ်ဆိုတာကို ဒေသအလိုက် အခြေအနေပေါ် မူတည်ပြီး ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ က ဆုံးဖြတ်ချက်ချဖို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုထား ပါတယ်။ ဒါ့အပြင် ရောဂါပိုးကူးစက်သူက ဘယ်နေရာမှာ ကူးစက်ခဲ့သလဲ ဆိုတဲ့အပေါ် မူတည်ပြီး တုံ့ပြန်လုပ်ဆောင်ရမယ့် အချက်တွေက ကွဲပြားမှာဖြစ်တယ်လို့  ဝန်ကြီးဌာနက ဆိုပါတယ်။

ရောဂါပိုးရှိသူဟာ အိမ်မှာမိသားစုနဲ့နေထိုင်ရင်း ကူးစက်ခဲ့တာဆိုရင် ကျန်းမာရေးအာဏာပိုင်တွေက မိသားစုဝင်တွေထဲက အနီးကပ် ထိတွေ့မိသူကို သတ်မှတ်ပြီး သူတို့ကနေတစ်ဆင့် ထပ်ပြီး ကူးစက်နိုင်ခြေ မြင့်မားတာကြောင့် အပြင်သွားလာလှုပ်ရှားမှုတွေ ကန့်သတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအာဏာပိုင်တွေက အိမ်သားတစ်ဦးချင်းစီကို တွေ့ဆုံမေးမြန်းတာမျိုးတော့ ပြုလုပ်မှာ မဟုတ်ပါဘူး။

လုပ်ငန်းခွင်အတွင်း ရောဂါပိုးကူးစက်သူ ရှိလာပြီဆိုရင် အချင်းချင်း ကူးစက်ခံရနိုင်ခြေဟာ အိမ်ထောင်စုအတွင်းမှာထက် နည်းပါးတယ်လို့ ယူဆထားပြီး၊ လုပ်ငန်းခွင်အတွင်း အနီးကပ် ထိတွေ့သူတွေကို ကျန်းမာရေးအာဏာပိုင်တွေဟာ လာရောက် သတ်မှတ်ပေးမှာ မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာ COVID-19 ကူးစက်သူတစ်ဦးဦး ရှိခဲ့မယ်ဆိုရင် အဲဒီသူနဲ့ အနီးကပ်ထိတွေ့မိသူ ဟုတ်မဟုတ်ကို မိမိဘာသာ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ရောဂါကူးစက်ခံရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာဖြစ်ဖို့ အန္တရာယ်များတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွေနဲ့ မသန်စွမ်းသူဂေဟာတွေအပြင် ဆေးဘက်ဆိုင်ရာဌာန အမျိုးမျိုးမှာတော့ COVID-19 ကူးစက်သူတစ်ဦးဦး ရှိခဲ့မယ်ဆိုရင် ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေဟာ အနီးကပ်ထိတွေ့မိသူတွေကို လျင်လျင်မြန်မြန် ရှာဖွေဆုံးဖြတ်မှာ ဖြစ်ပါတယ်။

နေ့ကလေးထိန်း၊ မူကြို၊ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေ မှာတော့ ရောဂါပိုးကူးစက်သူ ရှိလာရင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်း နဲ့ ပညာရေးဆိုင်ရာ ဘုတ်အဖွဲ့တွေက ကြိုတင်ပြီး စည်းမျဉ်း စည်းကမ်းတွေကို ဆုံးဖြတ်ထားသင့်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။ မူကြိုတက်တဲ့ကလေးတွေ၊ မူလတန်းကျောင်းတက်နေတဲ့ ကလေးတွေနဲ့ အလယ်တန်းတက်တဲ့ ကျောင်းသူ၊ကျောင်းသားတွေကြားမှာ  နှာခေါင်းစည်းတပ်တဲ့ စည်းမျဉ်းစည်းကမ်း စတာတွေကလည်း ကွာခြားတာမျိုး ရှိနိုင် ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

450. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၁ အနီးကပ်ထိတွေ့မိသူ ဆိုတာ ဘာကို ဆိုလိုသလဲ။

အဖြေ- ကိုရိုနာဗိုင်းရပ်စ်တွေ ကူးစက်ပျံ့နှံ့နေချိန်မှာ ဘယ်လိုပဲ ဂရုစိုက်စိုက် မည်သူကိုမဆို ကူးစက်နိုင်တဲ့အနေအထားကို ရောက်နေတဲ့အတွက် သတိထားဖို့ လိုအပ်ပါတယ်။ ဂျပန်မှာတော့ ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေက လူမှုရေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရောဂါကူးစက်ပျံ့နှံ့မှုတွေဖြစ်ရင် သက်ရောက်မှုအနည်းဆုံး  ဖြစ်အောင် ရောဂါဖြစ်သူနဲ့ အနီးကပ် ထိတွေ့မိသူဖြစ်ရင် လုပ်ဆောင်ရမယ့်အချက် စံနှုန်းတွေကို အရင်ကလို မဟုတ်ဘဲ ပြောင်းလဲခဲ့ပါတယ်။

ကိုဗစ်ရောဂါဖြစ်သူနဲ့ အနီးကပ်ထိတွေ့သူတွေအနေနဲ့ လုပ်ဆောင်ဖို့ လိုအပ်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါမယ်။

ပထမအပိုင်းအနေနဲ့ အနီးကပ်ထိတွေ့မိသူ ဆိုတာ ဘာကို ဆိုလိုသလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်ဦးဦးရဲ့အနီးမှာ ရှိခဲ့သူ ဒါမှမဟုတ် အဲဒီသူနဲ့ အချိန်အတော်ကြာ အတူရှိနေခဲ့သူတွေဟာ ကိုဗစ်ကူးနေနိုင်တာကြောင့် အနီးကပ်ထိတွေ့သူတွေအဖြစ် သတ်မှတ် ပါတယ်။ အဲဒီသူတွေဟာ ဗိုင်းရပ်စ်နဲ့ ထိတွေ့ခဲ့တယ်လို့ ယူဆတာ ကြောင့် ရောဂါကူးစက်နိုင်တဲ့ အနီးကပ်ထိတွေ့သူဖြစ်ပါတယ်။

၁− ရောဂါပိုးကူးစက်ခံထားရသူမှာ  ကိုဗစ်ရဲ့ ရောဂါလက္ခဏာစ မပြခင် (၂)ရက်အလို ဒါမှမဟုတ် ရောဂါလက္ခဏာစပြပြီး ၁၀ ရက်အတွင်းမှာ  အဲဒီ သူနဲ့တွေ့ဆုံခဲ့ရင် အနီးကပ်ထိတွေ့သူလို့ သတ်မှတ်ပါတယ်။ ရောဂါလက္ခဏာသက်သာပြီး ၇၂-နာရီအတွင်းမှာ တွေ့ထားရင်လည်း အနီးကပ်ထိတွေ့သူလို့ သတ်မှတ်ပါတယ်။ ဒါ့အပြင် ရောဂါလက္ခဏာမပြတဲ့ ကိုဗစ်လူနာမျိုးဆိုရင် သူတို့ ဆေးမစစ်ခင် ၂  ရက်အလိုကနေ ၇ ရက်အတွင်းကို အနီးကပ်ထိတွေ့မှု ကာလအဖြစ် သတ်မှတ်ပါတယ်။

၂− ကိုဗစ်လူနာနဲ့ နှာခေါင်းစည်းမတပ်ထားဘဲ ထိတွေ့တာ ဒါမှမဟုတ် လူနာရဲ့ အရည်အစက်ကပ်နေတဲ့ အရာရာ တစ်ခုခုကို ကိုင်မိ၊ ထိတွေ့မိတာ ဆိုရင်လည်း အနီးကပ်ထိတွေ့သူ ဖြစ်ပါတယ်။ လူနာနဲ့ လက်တစ်ကမ်း အကွာအဝေးမှာ ၁၅ မိနစ်ကျော် အတူရှိနေရင်လည်း အနီးကပ်ထိတွေ့မိသူ လို့ သတ်မှတ်နိုင်ပါတယ်။

၃− ဒါပေမဲ့ မိမိရဲ့ မိသားစုအတွင်း ကိုဗစ်လူနာရှိရင် ဒါမှမဟုတ် လူနာကို ပြုစုစောင့်ရှောက်နေရင် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဘိုးဘွားရိပ်သာတွေမှာ ပြုလုပ်သလို ကူးစက်မှုကာကွယ်ရေး အစီအမံတွေကို စေ့စေ့စပ်စပ် သေသေချာချာ လုပ်ဆောင်မယ်ဆိုရင် အနီးကပ်ထိတွေ့သူအဖြစ် သတ်မှတ်ဖို့ မလိုအပ်ပါဘူး။

၄− ရောဂါပိုးရှိသူရဲ့ အနီးဝန်းကျင်မှာ ၁၅ မိနစ်ကျော်ကြာ ရှိနေခဲ့တယ် ဆိုရင်လည်း စကားပြောသလား၊မပြောဘူးလား။ အတူရှိနေတဲ့နေရာ ဒါမှမဟုတ် အခန်းက လေဝင်လေထွက် ကောင်းသလား၊  အားလုံး mask တပ်ထားသလား စတဲ့ အချက်တွေကို ကြည့်ပြီး အနီးကပ်ထိတွေ့မိသူ ဟုတ်မဟုတ် စဉ်းစားဆုံးဖြတ်ဖို့ လိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

449. Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 ဆိုတာ ဘာလဲ။ အပိုင်း(၆) မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့ တခြား စိုးရိမ်စရာ မျိုးကွဲတွေရှိသလား။

အဖြေ- Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 နဲ့ပတ်သက်ပြီး တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အခုတစ်ခါ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့ တခြား စိုးရိမ်စရာ မျိုးကွဲတွေရှိသလားဆိုတာကို လေ့လာကြည့်ကြပါမယ်။

ဇူလိုင်လ ၁၂ ရက်နေ့က ဂျပန်နိုင်ငံအနောက်ပိုင်း ကိုဘေးမြို့မှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲအသစ် BA.2.75  ကူးစက်မှုကို ပထမဆုံး တွေ့ခဲ့ရတယ်လို့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ Quarantine Centre ကကြေညာခဲ့ပါတယ်။

ဇွန်လက အိန္ဒိယမှာ အဲဒီမျိုးကွဲသစ် ပထမဆုံး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဗြိတိန်၊  ဂျာမနီနဲ့ အမေရိကန်နိုင်ငံတွေ မှာလည်း အဲဒီ မျိုးကွဲကို တွေ့ရှိခဲ့ရပါတယ်။

အဲဒီမျိုးကွဲဟာ BA.5 မျိုးကွဲလိုမျိုးပဲ လူ့ခန္ဓာကိုယ်က ကိုယ်ခံအားကနေရှာမတွေ့ဘဲ ဗိုင်းရပ်စ်လွတ်မြောက်သွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ အဲဒီမျိုးကွဲဟာ အိန္ဒိယမှာ BA.5 မျိုးကွဲထက် ပိုပြီးလျင်လျင်မြန်မြန် ပျံ့နှံ့နေတယ်လို့ အစီရင်ခံစာတွေမှာ ပြသနေပါတယ်။

တိုကျို ဆေးပညာ တက္ကသိုလ်က ပါမောက္ခ Hamada Atsuo က BA.2.75 မျိုးကွဲဟာ ကိုယ်ခံအားစနစ် ကနေ ဗိုင်းရပ်စ်ကို ရှာမတွေ့ဘဲ လွတ်သွားအောင် လုပ်ဆောင်နိုင်စွမ်း ပိုရှိတယ်လို့ ပြောပါတယ်။  BA.2 မျိုးကွဲထက် ကူးစက်နိုင်စွမ်းပိုရှိတာကြောင့် ကိုယ်ခံအား ရှိထားပြီးသူတွေမှာလည်း ကူးစက်ခံရနိုင်တဲ့ အန္တရာယ်မြင့်မားတယ်လို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က အဲဒီ မျိုးကွဲကို သတိထား စောင့်ကြည့်ရမယ့် စိုးရိမ်ရတဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ် (VOC-LUM) အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဂျပန် ကျန်းမာရေး အာဏာပိုင်တွေအနေနဲ့ လည်း ဒီ BA.2.75 မျိုးကွဲသစ်ရဲ့ ရောဂါလက္ခဏာတွေကို သတိထား စောင့်ကြည့်သင့်တယ်လို့ ပါမောက္ခ Hamada Atsuo က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

448.  Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 ဆိုတာ ဘာလဲ။ အပိုင်း(၅) BA.5 အပေါ် ကာကွယ်ဆေး ရဲ့ ထိရောက်မှု

အဖြေ- Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 အပေါ် ကာကွယ်ဆေး ရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး ပြောပြပါမယ်။

ဗြိတိန် ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေရဲ့ ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မေလကုန်အထိ တစ်လတာ အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရဲ့  သုတေသနအချက်အလက် တွေအရ BA.5 ကူးစက်ခံရသူနဲ့ BA.2 မျိုးကွဲ ကူးစက်ခံရသူတွေအကြား ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ သိသိသာသာ ကွာခြားမှုမရှိခဲ့တာကို တွေ့ရပါတယ်။

ဒီအတောအတွင်း အမေရိကန်အစားအစာနဲ့ဆေးဝါး ကွပ်ကဲရေးဌာန FDA က ဆေးဝါးကုမ္ပဏီတွေကို သူတို့ရဲ့ အားဖြည့်ကာကွယ်ဆေး တွေမှာ BA.4 မျိုးကွဲသစ် နဲ့ BA.5 မျိုးကွဲသစ်တွေကို တိုက်ခိုက်ဖို့ လိုအပ်ချက်နဲ့အံဝင်အောင် စီမံဖို့ နောက်ထပ် spike protein ဆူးချွန်ပရိုတင်းတွေ ထည့်သွင်းဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ FDA က လက်ရှိ ကာကွယ်ဆေးတွေက ဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာတွေကို ရောဂါ လက္ခဏာတွေ ပြင်းပြင်းထန်ထန် မဖြစ်ပေါ်အောင် တားဆီး ပေးနိုင်တယ် လို့ ဆိုပါတယ်။ အခု ထိုးနေတဲ့ ကာကွယ်ဆေးကို ပြောင်းလဲထိုးဖို့  တောင်းဆိုတာမျိုး လည်း မရှိပါဘူး။

တိုကျို ဆေးပညာ တက္ကသိုလ်က ပါမောက္ခ Hamada Atsuo က ဂျပန်မှာ အခုဆောင်းဦးရာသီကို  စဝင်နေပြီ ဖြစ်တာကြောင့် ကူးစက်မှုလှိုင်း ပိုမိုကြီးမားနိုင်တယ်လို့ သတိပေးထားပါတယ်။ ဆောင်းဦးရာသီနောက်ပိုင်းမှာ ကာကွယ်ဆေးထိုးဖို့ အစီအစဉ်နဲ့   ကာကွယ်ဆေး အလုံအလောက် ရရှိနိုင်ရေး အစီအမံတွေကိုလည်း အစိုးရ အနေနဲ့ ကြိုတင်ဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

447. Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 ဆိုတာ ဘာလဲ။ အပိုင်း(၄) BA.5 မှာ ကူးစက်ပြီးနောက် ရောဂါဖြစ်ပွားစေနိုင်တဲ့ စွမ်းအားပိုများသလား။

အဖြေ- Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 မှာ ကူးစက်ပြီးနောက်ရောဂါဖြစ်ပွားစေနိုင်တဲ့ စွမ်းအားပိုများသလား ဆိုတာကို လေ့လာကြည့်ကြပါမယ်။

တိုကျိုတက္ကသိုလ်၊ ဆေးပညာသိပ္ပံဌာနက ပါမောက္ခ Sato Kei ဦးဆောင်တဲ့ G2P-Japan အဖွဲ့က သူတို့ရဲ့ တွေ့ရှိချက်တွေကို တရားဝင် စာတမ်းမထုတ်ခင် အွန်လိုင်းမှာ တင်ခဲ့တဲ့ အချက်အလက်တွေကို ကြည့်ပါမယ်။

သုတေသီတွေဟာ BA.5 နဲ့ BA.2 မျိုးစိတ်တွေနဲ့လက္ခဏာတူတဲ့ လူလုပ် ဗိုင်းရပ်စ်တွေကို ဖန်တီးခဲ့ကြပါတယ်။

အဲဒီနောက် သူတို့ မွေးမြူထားတဲ့ဆဲလ်တွေထဲကို အဲဒီ ဗိုင်းရပ်စ်အတု တစ်ခုစီ ထည့်သွင်းကူးစက်စေပြီး ဆဲလ်ထဲမှာ ဗိုင်းရပ်စ်ဘယ်လောက် ပွားနိုင်သလဲဆိုတာကို စစ်ဆေးခဲ့ပါတယ်။

၂၄ နာရီအတွင်းမှာ BA.5 ဟာ BA.2 ထက် ဗိုင်းရပ်စ်အကောင်ရေ တိုးပွားမှု ၃၄ ဆ ပိုမြင့်တာကို တွေ့ရှိခဲ့ရပါတယ်။

Hamster လို့ခေါ်တဲ့ ကြွက်တစ်မျိုးကို အသုံးပြုပြီး စမ်းသပ် ကြည့်ရာမှာတော့ BA.2 မျိုးကွဲ ကူးစက်ခံရတဲ့ Hamster တွေက ကိုယ်အလေးချိန် လျော့ကျတာမရှိခဲ့ပေမဲ့ BA.5 မျိုးစိတ် ကူးစက် ခံရတဲ့ Hamster တွေမှာတော့ ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းလောက် ကျသွားခဲ့တယ်လို့လည်း အဲဒီအဖွဲ့က ဆိုပါတယ်။

BA.5 ကူးစက်ခံရတဲ့အခါ BA.2 ကူးစက်ခံရတာထက် အဆုတ် ယောင်ယမ်းမှု အဆင့်က သိသိသာသာ ပိုမြင့်မားတယ်လို့ ပြောပါတယ်။

လူတွေမှာ ဖြစ်ပေါ်တဲ့ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ ပိုမို လုပ်ဆောင်ဖို့ လိုအပ်နေပေမဲ့ သူတို့ရဲ့ စမ်းသပ်ချက်တွေအရ BA.5 ဟာ BA.2 ထက် ရောဂါ ပိုမိုဖြစ်ပွားစေနိုင်တာကို ညွှန်ပြနေတယ်လို့ အဲဒီအဖွဲ့က ပြောကြားခဲ့ပါ တယ်။

ပါမောက္ခ Sato က ဗိုင်းရပ်စ်ရဲ့ အာနိသင်အစွမ်းဟာ အမြဲတမ်းတော့ အားနည်းနေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်းလဲမှုတွေ ဆက်ဖြစ်နေတာကြောင့် သတိရှိနေဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

446. Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 ဆိုတာ ဘာလဲ။ အပိုင်း(၃) BA.5 ကြောင့် ပြင်းပြင်းထန်ထန် ဖျားနာနိုင်ခြေ ဘယ်လောက်ရှိသလဲ

အဖြေ- Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 နဲ့ပတ်သက်ပြီး အခုတစ်ကြိမ်မှာ မျိုးကွဲသစ် BA.5 ကြောင့် ပြင်းပြင်းထန်ထန် ဖျားနာနိုင်ခြေ ဘယ်လောက်ရှိသလဲ ဆိုတာ လေ့လာကြည့်ကြ ရအောင်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ အပတ်စဉ်ထုတ် အစီရင်ခံစာမှာ BA.5 ဟာ BA.2 နဲ့ နှိုင်းယှဉ်ရင် ပြင်းပြင်းထန်ထန် ဖျားနာနိုင်ခြေမှာ အပြောင်းအလဲရှိတယ် ဆိုတဲ့ သက်သေ အထောက်အထား မရှိဘူးလို့ ဆိုထားပါတယ်။ ဒါပေမဲ့ နိုင်ငံအများအပြားမှာ ကူးစက်မှုအရေအတွက် မြင့်မားလာနေတဲ့ အတွက် ဆေးရုံတက်ရသူ ဒါမှမဟုတ် အထူးကြပ်မတ် ကုသဆောင်မှာ ဆေးရုံတက်နေရသူ အရေအတွက်လည်း တိုးလာနေပြီး သေဆုံးသူ အရေအတွက်လည်း များလာနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာက ဇွန်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း သုတေသန အချက်အလက်က အကန့်အသတ်နဲ့ပဲ ရှိပြီး ရောဂါပြင်းထန်စေတယ် ဆိုတဲ့ အထောက်အထားလည်း မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။ တစ်ချိန်တည်းမှာပဲ ဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် တိုးလာရင် သေဆုံးသူ အရေအတွက်နဲ့ ဆေးရုံတင်ဖို့ လိုအပ်တဲ့ အရေအတွက် လည်း ပိုများလာနိုင်ခြေရှိတယ်လို့  အဲဒီအစီရင်ခံစာမှာ ရေးသားထား ပါတယ်။

နိုင်ငံတကာ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ၊ တိုကျိုဆေး တက္ကသိုလ်က ပါမောက္ခ Hamada Atsuo က BA.5 မျိုးကွဲသစ်ဟာ ယခင်မျိုးကွဲတွေထက် ကူးစက်နိုင်စွမ်း အနည်းငယ် ပိုရှိနိုင်ပြီး ကိုယ်ခံစွမ်းအားရှိသူတွေကိုတောင် ကူးစက်တယ်လို့ ပြောပါတယ်။ အဲဒီမျိုးကွဲသစ်ဟာ BA.2 မျိုးကွဲနေရာကို အစားထိုး ဝင်ရောက်လာရုံ သာမက ကူးစက်ခံရသူ အရေအတွက် တိုးလာမှာကိုလည်း ရှောင်ရှားလို့မရဘူးလို့ ဆိုပါတယ်။ ကူးစက်ခံရသူတွေ ပိုများလာမယ်ဆိုရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာပြတဲ့ လူနာလည်း တိုးလာမှာကို သတိထားသင့်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

445. Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 ဆိုတာ ဘာလဲ အပိုင်း(၂)  BA.5 ရဲ့ လက္ခဏာ

အဖြေ- မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့ မျိုးကွဲသစ် BA.5 နဲ့ပတ်သက်ပြီး အခုဒုတိယအပိုင်းမှာ BA.5 ရဲ့ လက္ခဏာတွေအကြောင်း လေ့လာကြည့်ကြရအောင်။

BA.5 မျိုးကွဲသစ်မှာ လူသားဆဲလ်တွေထဲ ဝင်ရောက်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်တဲ့ ဗိုင်းရပ်စ်ရဲ့မျက်နှာပြင် ပေါ်မှာရှိတဲ့ Spike protein လို့ ခေါ်တဲ့ ဆူးချွန်ပရိုတိန်းတွေမှာ L452R မျိုးဗီဇပြောင်းလဲမှု စတာတွေရှိနေတာ တွေ့ရပါတယ်။ L452R မျိုးဗီဇ ပြောင်းလဲမှုဟာ ကိုယ်ခံအားတုံ့ပြန်မှုစနစ်က ဗိုင်းရပ်စ်ကို ရှာမတွေ့ဘဲ လွတ်ထွက်သွားအောင် ကူညီပေးပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇူလိုင်လအစောပိုင်းမှာ နောက်ဆုံးထုတ်ပြန်ချက်အရ BA.5 မျိုးကွဲသစ်ဟာ BA.1 နဲ့ယှဉ်ရင် ဗိုင်းရပ်စ်ရဲ့အာနိသင်ကို ပြယ်စေတဲ့ပဋိပစ္စည်းရဲ့ ထိရောက်မှုကို ၇ ဆကျော် လျော့နည်းသွားအောင် လုပ်နိုင်တယ်လို့ သိရပါတယ်။

ကာကွယ်ဆေး ထိုးထားတာကြောင့်ဖြစ်စေ၊ ဗိုင်းရပ်စ် ကူးစက်ဖူးလို့ ဖြစ်စေ ရရှိထားတဲ့ ကာကွယ်နိုင်စွမ်းက အချိန်ကြာလာတာနဲ့အမျှ အာနိသင်တွေ လျော့နည်းသွားတာဟာ လတ်တလော ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများနေတာလို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

ဇွန်လ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပညာရှင် အစည်းအဝေးမှာ  ဂျပန်နိုင်ငံ၊ ကျိုတို တက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi က တင်ပြခဲ့တဲ့ အချက်အလက်ထဲမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံစွမ်းအားရှိသူတွေရဲ့ ရာခိုင်နှုန်း ကျဆင်းလာနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဇွန်လအနှောင်းပိုင်း အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ အသက် ၂၀ တန်းအရွယ်တွေမှာ  ၄၄.၆ ရာခိုင်နှုန်းသာ  ကိုယ်ခံစွမ်းအားရှိသူတွေ ရှိပြီး၊ အသက် ၇၀တန်း မှာတော့ ၃၇.၄ ရာခိုင်နှုန်းပဲ ရှိတော့တာ တွေ့ရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

444. Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 ဆိုတာ ဘာလဲ။ အပိုင်း(၁) Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5

အဖြေ- Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို ဒီတစ်ကြိမ်မှာ လေ့လာသွားပါမယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအပြင် ဂျပန်မှာလည်း အဓိကကူးစက် ပျံ့နှံ့လာနေတဲ့ ဒီ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အကြောင်း အခု ပထမပိုင်းမှာ တင်ဆက်ပါမယ်။

BA.5 ဗိုင်းရပ်စ်ဟာ Omicron မျိုးဗီပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတစ်ခု ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ပထမဆုံး တောင်အာဖရိကမှာ စတွေ့ခဲ့တယ်လို့ အတည်ပြုထားပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ မေလကစပြီး အဲဒီမျိုးကွဲ ဗိုင်းရပ်စ် အဓိက ကူးစက်ပျံ့နှံ့ လာပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့ အဆိုအရ ဇွန်လလယ်လောက်အထိ အချိန်အတောအတွင်းမှာ ကမ္ဘာတစ်ဝန်း ဒီဗိုင်းရပ်စ် ကူးစက်မှုက နိုဘယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့  တွက်ဆထားပါတယ်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနရဲ့ အပတ်စဉ် အစီရင်ခံစာမှာတော့ ဇူလိုင်လ ၂ ရက်နေ့အထိ BA.5 ကူးစက်မှုဟာ နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံရမှုရဲ့ ၅၃.၆ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

လတ်တလောအချိန်မှာ ကိုရိုနာကူးစက်မှုအရေအတွက် မြင့်တက်လာ နေပြီး အဲဒီအကြောင်းရင်း တစ်ခုက  ဒီ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။

ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေက BA.5 အမျိုးအစားဟာ BA.2 မျိုးကွဲထက် ၃၅.၁ ရာခိုင်နှုန်း ပိုပြီးမြန်မြန်ဆန်ဆန် ကူးစက် နိုင်စွမ်းရှိတယ်လို့ ဇွန်လ ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ အကဲဖြတ်ရေးဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့က ဇွန်လ ၂၇ ရက်အထိ သီတင်းပတ်အတွင်း မြို့တော်တွင်း ကူးစက်မှုရဲ့ ၃၃.၄ ရာခိုင်နှုန်းဟာ BA.5 မျိုးကွဲအမျိုးအစား ကူးစက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

443. နာတာရှည် COVID ။ အပိုင်း(၈) လူနာတွေကို သင့်လျော်တဲ့ ပြုစုစောင့်ရှောက်မှု ပေးခြင်းဟာ ဘယ်လောက် အရေးပါသလဲ

အဖြေ- COVID-19 ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ နာတာရှည်ဖြစ်တဲ့ ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး လေ့လာကြပါမယ်။ COVIDဖြစ်ပြီး နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ စွဲကျန်နေတဲ့လူနာတွေကို သင့်လျော်တဲ့ ပြုစုစောင့်ရှောက်မှု ပေးခြင်းဟာ ဘယ်လောက် အရေးပါသလဲ- ဆိုတာကို ကြည့်ကြပါမယ်။

လက်ရှိအချိန်မှာ COVIDနောက်ဆက်တွဲ ရောဂါလက္ခဏာကို ဘယ်အတိုင်းအတာထိသတ်မှတ်နိုင်သလဲ?၊ ဘယ်လိုမျိုး အခြေအနေ တွေက ဒီလိုရောဂါတွေကို ဖြစ်ပွားစေသလဲ? စတဲ့ မသိနားမလည် နိုင်သေးတဲ့ အချက်တွေ အများအပြား ကျန်နေပါသေးတယ်။ ဒါပေမဲ့လည်း ဒီနောက်ဆက်တွဲရောဂါတွေကို အထူးကုသပေးနေတဲ့ ပညာရှင် ၂ ဦးကတော့ အဲဒီလို ကိုဗစ်နောက်ဆက်တွဲ ရောဂါ ခံစားနေရတဲ့လူနာတွေကို ဂရုတစိုက် ပြုစုကုသပေးဖို့ အင်မတန် အရေးကြီးတယ်လို့ အလေးပေးပြောကြားခဲ့ကြပါတယ်။

Kochi တက္ကသိုလ်က ပါမောက္ခ Yokoyama Akihito က “ဘယ်လို အကြောင်းကြောင့်ဖြစ်စေ ဗိုင်းရပ်စ်ကူးစက်ခံရလို့ ရောဂါဖြစ်ပြီး နောက်မှာ ဝေဒနာစွဲကျန်ခံစားနေရသူတွေ ရှိနေတာတော့ အမှန်ပါပဲ။ ဒါကြောင့် ဒီလူနာတွေအတွက် သင့်လျော်တဲ့ ပြုစုကုသမှုတွေ ပေးဖို့ လိုအပ်ပါတယ်” လို့ အလေးပေး ပြောကြားခဲ့ပါတယ်။

Gifu တက္ကသိုလ်က ပါမောက္ခ Shimohata Takayoshi က ဦးနှောက်ဆဲလ်တွေ ရောင်ရမ်းနေတဲ့ လူနာတချို့လည်းရှိသလို၊ နာတာရှည်ရောဂါတွေ ခံစားနေရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ရောဂါလက္ခဏာ ပိုဆိုးလာစေတဲ့ လူနာတွေလည်း ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ပါမောက္ခ Shimohata က ဘာအကြောင်းကြောင့်ပဲ ဒီလို ရောဂါလက္ခဏာတွေ ဖြစ်ပါစေ ဆရာဝန်တွေအနေနဲ့ အဲဒီလူနာတွေကို သက်သာရာရအောင် ကူညီပံ့ပိုးကုသမှုတွေ သေသေချာချာ လုပ်ပေးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရအနေနဲ့ အခုလို အသစ်ပေါ်ထွက်လာတဲ့ ရောဂါလက္ခဏာအတွက် သုတေသနလုပ်ငန်းတွေမှာ ငွေကြေးပံ့ပိုးပြီး သေချာလေ့လာရမှာ ဖြစ်ပါတယ်။ COVID နဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေကို အထူးကုသပေးတဲ့ ဆေးဘက်ဆိုင်ရာ စင်တာ ထူထောင်ပေးတာမျိုးအပြင် ဒီလိုမျိုးလူနာတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာ ရှိစေဖို့ ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းကလည်း ဒီအခြေအနေတွေကို နားလည်လာဖို့ လိုအပ်တယ်လို့ သူက အလေးပေး ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က ရရှိထားတာ ဖြစ်ပါတယ်။

442. နာတာရှည် COVID။ အပိုင်း(၇) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ COVIDရဲ့ နာတာရှည်ရောဂါလက္ခဏာများ။

အဖြေ- COVID-19 ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ နာတာရှည်ဖြစ်တဲ့ ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ COVIDရဲ့ နာတာရှည်ရောဂါလက္ခဏာတွေကို လေ့လာကြပါမယ်။

 ၂၀၂၂ ခုနှစ် ဧပြီလကနေ ၄လတာ ကာလအတွင်း Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့လူနာ ၂,၀၀၀ ကျော်ရဲ့ နာတာရှည် COVID ရောဂါလက္ခဏာတွေကို တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က စာရင်းပြုစုခဲ့ပါတယ်။

Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးသူ ၃၈.၆ ရာခိုင်နှုန်း၊ မောပန်းနွမ်းနယ်မှု ခံစားရသူ ၃၄.၀ ရာခိုင်နှုန်း၊ လျှာကအရသာပုံမှန်မရတဲ့သူ ၁၀.၆ ရာခိုင်နှုန်းနဲ့ အနံ့ခံအာရုံမှာ ပြဿနာရှိသူ ၉.၅ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

အနံ့၊ အရသာ အာရုံခံစားမှု ကျဆင်းသွားတာနဲ့ ဆံပင်ကျွတ်တာလိုမျိုး လက္ခဏာတွေကတော့ Delta မျိုးဗီဇပြောင်း နဲ့ တခြားမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားတွေ ကူးစက်တာကြောင့် ဖြစ်ပွားသလောက် မဖြစ်ကြဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဂျပန်နိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးနဲ့ ဆေးဝါးစင်တာက သုတေသီ အဖွဲ့တစ်ဖွဲ့ဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့သူတွေနဲ့ တခြားမျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို အသက်အရွယ်၊ ကျား၊ မ နဲ့ ကာကွယ်ဆေးထိုးမှု အခြေအနေတို့ကို နှိုင်းယှဉ်ပြီး သုတေသနရလဒ်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီရလဒ်အရ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေဟာ တခြားမျိုးကွဲကိုဗစ် ကူးစက်ခံရသူတွေနဲ့ နှိုင်းယှဉ်ရင် ကိုဗစ် နောက်ဆက်တွဲ ရောဂါတွေ ဖြစ်တာ ဆယ်ပုံတစ်ပုံ ပဲရှိပါတယ်။

ဒါပေမဲ့ Omicron အမျိုးအစား ကူးစက်ခံရသူ အရေအတွက်က တခြားမျိုးကွဲတွေထက် သိသိသာသာ များတာကြောင့် COVIDကြောင့် နာတာရှည်ရောဂါလက္ခဏာ ခံစားရသူ လူနာအရေအတွက်လည်း များလာဖွယ်ရှိနိုင်တယ်လို့ ကျွမ်းကျင်သူ တွေက သတိပေးထားပါတယ်။

ဗြိတိန်အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားတယ်ဆိုရင် Delta မျိုးကွဲကူးစက်ခံရသူ ထက် Omicron မျိုးကွဲ ကူးစက်ခံရပြီးနောက် COVIDရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်သူက ၅၀ ရာခိုင်နှုန်းခန့် လျော့နည်းပါတယ်။ အခုအထိရရှိထားတဲ့ အချက်အလက်တွေအရ Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားပြီး နောက်ဆက်တွဲ ရောဂါဖြစ်တာ ကာလပိုရှည်တယ်ဆိုတဲ့ သတင်းပို့မှုမျိုး မရှိပါဘူး။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

441. နာတာရှည် COVID။ အပိုင်း(၆) "brain fog" လို့ခေါ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ လက္ခဏာဆိုတာဘာလဲ။

အဖြေ- COVID-19 ကူးစက်ခံရပြီးနောက်ပိုင်းမှာဖြစ်တဲ့ ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး ဒီနေ့မှာတော့ "brain fog"  လို့ခေါ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ လက္ခဏာတွေအကြောင်း လေ့လာကြည့်ကြပါမယ်။

"Brain fog" ဆိုတာက COVID ဖြစ်ပြီး နောက်ပိုင်းမှာ ဖြစ်တဲ့ နာတာရှည် ရောဂါလက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီလိုဖြစ်သူ အများစုဟာ အာရုံစူးစိုက်နိုင်မှု လျော့ပါးလာပြီး ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်မှု ခံစားရတဲ့ အခြေအနေ ဖြစ်ပါတယ်။ COVID ရဲ့ နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာ ကုသရေး လမ်းညွှန်စာအုပ် ပြုစုခဲ့သူတွေထဲက တစ်ဦး ဖြစ်တဲ့ Gifu တက္ကသိုလ်က ပါမောက္ခ ဦးနှောက်အာရုံကြောပါရဂူ Shimohata Takayoshi က "brain fog" ရောဂါဟာ MRI ရိုက်တဲ့အခါမှာရော၊ သွေးစစ်တာကနေပါ တစ်စုံတစ်ရာ အဖြေမထွက်တတ်တာကြောင့် ရောဂါရှာဖွေစစ်ဆေးဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

ဒါပေမဲ့လည်း ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး သုတေသန ဆက်လုပ်နေတယ်လို့ သူက ပြောပါတယ်။ ပြည်ပမှာ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုတွေအရ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ခန္ဓာကိုယ် တစ်ခုလုံး ရောင်ရမ်းမှု ဖြစ်စေပါတယ်။   ကိုယ်ခံအားပဋိပစ္စည်းတွေက ခန္ဓာကိုယ်ကို ရောင်ရမ်းအောင် လုပ်တဲ့ သေးငယ်တဲ့ cytokines မော်လီကျူး တွေ ထုတ်လွှတ်တာကြောင့်လည်း ဖြစ်တယ်လို့ ပါမောက္ခ Shimohata က ပြောပါတယ်။ ကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်တာတွေလည်း ဖြစ်စေပါတယ်။ cytokines မော်လီကျူးလေးတွေက သွေးကြောကနေတစ်ဆင့် ဦးနှောက်ထဲအထိ ရောက်သွားရင် ဦးနှောက်ရောင်ရမ်းမှုကိုလည်း ဖြစ်စေတယ်လို့ ယူဆထားကြောင်း ပါမောက္ခ Shimohata က ပြောကြားခဲ့ပါတယ်။ လတ်တလောမှာ ကုသနည်းမရှိသေးပါဘူး။ ဒီ့ အတွက် ဆရာဝန်တွေ အနေနဲ့ ရောဂါလက္ခဏာဖြစ်လာပုံ အကြောင်းရင်းကိုပဲ နားလည်အောင် လုပ်ပြီး ကုသနေရတာ ဖြစ်တာကြောင့် ပိုမိုကောင်းမွန်တဲ့ ကုသမှုနည်းလမ်းတွေကို ရှာဖွေဖို့ အရေးကြီးတယ်လို့ သူက အလေးပေးပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

440. နာတာရှည် COVID။ အပိုင်း(၅) COVID-19 နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်က ဘာလဲ။

အဖြေ- COVID-19 နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်က ဘာလဲဆိုတာ လေ့လာကြည့်ကြပါမယ်။

အမေရိကန်ပြည်ထောင်စု၊ Yale တက္ကသိုလ်က ကိုယ်ခံအားစနစ်ကို အထူးပြုလေ့လာနေသူ ပါမောက္ခ Iwasaki Akiko က ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန်ခံစားခဲ့ရသူတွေပဲ နောက်ဆက်တွဲ ရောဂါလက္ခဏာ အမျိုးမျိုး ဖြစ်တာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အမေရိကားမှာ လုပ်ခဲ့တဲ့ လေ့လာမှုစစ်တမ်းတစ်ခုအရ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာခံစားရသူ ၇၅ ရာခိုင်နှုန်းဟာ သူတို့မှာ ဗိုင်းရပ်စ်ကူးစက်ပြီး ရောဂါဖြစ်ခဲ့တုန်းက ဆေးရုံတက်ဖို့ မလိုအပ်ခဲ့ဘူးလို့ ပြောကြပါတယ်။ ကိုဗစ်ရဲ့ ရောဂါလက္ခဏာမပြတဲ့သူ ဒါမှမဟုတ် အနည်းငယ်ပဲ ရောဂါလက္ခဏာ ပေါ်ခဲ့သူတွေတောင် ကိုဗစ်နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆကြပါတယ်။

ပါမောက္ခ Iwasaki က “ ဒီလိုလက္ခဏာတွေ ပေါ်လာတဲ့ ဖြစ်နိုင်ခြေ အရှိဆုံး အချက်ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်တွင်း တစ်နေရာရာမှာ ခိုအောင်းနေတာ၊ အဲဒီနောက် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ရောင်ရမ်းစေပြီးတဲ့နောက် ရောဂါလက္ခဏာ အမျိုးမျိုး ပေါ်လာတာ”  ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ရောဂါလက္ခဏာမခံစားခဲ့ရဘဲ ၂လ ဒါမှမဟုတ် ၃လ အကြာမှာမှ နာတာရှည်ကိုဗစ်လိုမျိုး နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ စပြတဲ့ လူနာတွေရှိတယ်လို့ သူက ဆိုပါတယ်။

ကာကွယ်ဆေးထိုးထားသူတွေမှာတော့ COVID ရဲ့ နာတာရှည် ရောဂါလက္ခဏာ ဖြစ်ပွားမှုရာခိုင်နှုန်း နည်းပါးကြောင်း ပြထားတဲ့ အစီရင်ခံစာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အစီရင်ခံစာအလိုက် ရာခိုင်နှုန်း ကွဲပြားပါတယ်။

ကာကွယ်ဆေးထိုးထားရုံနဲ့ အဲဒီနောက်ဆက်တွဲ ရောဂါတွေ မဖြစ်ဘူး လို့တော့ မဆိုနိုင်ဘူးလို့ လည်းပါမောက္ခ Iwasaki က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

439. နာတာရှည် COVID။ အပိုင်း(၄) COVID-19 နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဘယ်လို ဖြစ်ပေါ်လာသလဲ။

အဖြေ- "COVID-19 နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဘယ်လိုဖြစ်ပေါ်လာတယ်" ဆိုတာကို ပြောပြပါမယ်။

အမေရိကန်ပြည်ထောင်စု၊ Yale တက္ကသိုလ်က ကိုယ်ခံအားစနစ်ကို အထူးပြုလေ့လာနေသူ ပါမောက္ခ Iwasaki Akiko က ယူဆချက် ၄ ခုကို ပြောပြပါတယ်။

၁) ချောင်းဆိုးတာနဲ့ ဖျားနာတာလိုမျိုး ကနဦးမှာဖြစ်တဲ့ ရောဂါလက္ခဏာတွေ သက်သာသွားပေမဲ့လည်း ကျန်နေတဲ့ ဗိုင်းရပ်စ်တွေနဲ့ ဗိုင်းရပ်စ်ရဲ့ အပိုင်းအစတွေကြောင့် ကာလရှည်ကြာ ရောင်ရမ်းနေတာမျိုး။

(၂) ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်တာမျိုး။

(၃) ရောဂါပိုးကူးစက်မှုကြောင့် ပျက်စီးနေတဲ့ ကိုယ်တွင်းအင်္ဂါတွေ ပြန်ကောင်းမွန်လာဖို့ အချိန်ကြာနေတာမျိုး။

(၄) ရေယုန်ဗိုင်းရပ်စ် လိုမျိုး  COVID-19 မဖြစ်ခင်ကတည်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗိုင်းရပ်စ်တွေ ပြန်အသက်ဝင် ထကြွလာတာမျိုး။

တွေဟာ ပေါင်းစပ်ပြီး နာတာရှည် COVID နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ အမျိုးမျိုး  ဖြစ်ပေါ်လာတတ်တယ်လို့ ယူဆရကြောင်း ပါမောက္ခ  Iwasaki က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

438. နာတာရှည် COVID။ အပိုင်း(၃) ဘယ်လိုအခြေအနေကို COVID-19ရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေလို့ သတ်မှတ်နိုင်မလဲ?

အဖြေ- "ဘယ်လိုအခြေအနေကို COVID-19 ရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေလို့ သတ်မှတ်နိုင်မလဲ"?  ဆိုတာကို ပြောပြပါမယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHOက ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထားရနိုင်ခြေရှိတယ် ဒါမှမဟုတ် ကူးစက်မှု အတည်ပြုခံခဲ့ရဖူးတဲ့ သူတွေမှာ ၃လအတွင်း ဖြစ်ပွားတဲ့ နေမကောင်းတဲ့ ဝေဒနာ တစ်ခုခုကို COVID-19 ရဲ့နောက်ဆက်တွဲရောဂါ လို့ သတ်မှတ်ပါတယ်။ အဲဒီ ရောဂါလက္ခဏာတွေဟာ COVID-19 စဖြစ်ပြီး သုံးလအတွင်းမှာ ဖြစ်လေ့ရှိပြီး  အနည်းဆုံး ၂လ လောက် ကြာတတ်ပါတယ်။  တခြားရောဂါ လက္ခဏာ တစ်မျိုးမျိုး ဖြစ်တာလို့  ပြောဖို့ခက်တဲ့ ဝေဒနာတွေကို ကိုဗစ်နောက်ဆက်တွဲ ရောဂါဝေဒနာလို့ ခေါ် ကြောင်း WHO က ပြောကြားခဲ့ပါတယ်။ နာတာရှည် ဖြစ်တဲ့အတွက် အင်္ဂလိပ်လိုတော့ Long COVID လို့ခေါ် ပါတယ်။  ဒါပေမဲ့ WHO သတ်မှတ်ထားတဲ့ ရောဂါလက္ခဏာ အမျိုးမျိုးရှိပြီး နိုင်ငံ အသီးသီးက ကျွမ်းကျင်ပညာရှင်တွေကြားမှာ ဒီရောဂါ တွေ အားလုံးဟာ ကိုဗစ်နောက်ဆက်တွဲ နာတာရှည် ရောဂါ ဟုတ်တယ် မဟုတ်ဘူး ဆိုတာနဲ့ ပတ်သက်ပြီး  မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဂျပန် ကျန်းမာရေးဝန်ကြီးဌာန ကသုတေသနအဖွဲ့တစ်ခုကို ဦးဆောင်နေသူ Kochi တက္ကသိုလ်က ပါမောက္ခ Yokoyama Akihito ကတော့  "ကျွန်တော်တို့ရဲ့ စစ်တမ်းမှာ ကိုရိုနာ ကူးစက်မခံရသူတွေနဲ့ ပတ်သက်ပြီး သုတေသနလုပ်ထားတဲ့ အချက်အလက်တွေ မရှိတာကြောင့် ဒီရောဂါလက္ခဏာတွေဟာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့  နောက်ဆက်တွဲ နာတာရှည် ရောဂါဟုတ်မဟုတ်ဆိုတာ ဆုံးဖြတ်ဖို့ အလွန်ခက်တယ်” ပြောပါတယ်။ “လူနာရဲ့ အဆုတ်ဟာ ပုံသဏ္ဍာန် မမှန် ဖြစ်နေပြီး အသက်ရှုရခက်ခဲတယ်ဆိုရင်တော့ ဒါဟာ ကိုဗစ် နောက်ဆက်တွဲ ဝေဒနာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါပေမဲ့ အိပ်လို့မရတာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်တာတွေ ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ဝေဒနာ အဖြစ် ပြောရခက်ပါတယ်”လို့  သူက ဆိုပါတယ်။ “အဲဒီလို ဝေဒနာတွေဟာ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပြီး သေသေချာချာ ရောဂါစစ်ဆေးမှု မလုပ်ဘူးဆိုရင် လူနာအတွက်လည်း အကျိုးယုတ်နိုင်ပါတယ်။ COVID-19 နောက်ဆက်တွဲ ရောဂါ လို့ ပြောနေပေမယ့် တခြား ရောဂါလည်း ရှိနေတတ်တာကြောင့်  ကုသပျောက်ကင်းနိုင်တယ် လို့ ဆိုပါတယ်။ နောင် အနာဂတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ၊ ကျန်းမာတဲ့လူတွေ နဲ့ တခြား အဆုတ်ရောင်ရောဂါရှိသူတွေကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့်  နာတာရှည် COVID နောက်ဆက်တွဲ ရောဂါဟုတ်မဟုတ် သေချာ အောင် လုပ်ဖို့လိုမယ်လို့ ယူဆကြောင်း ပါမောက္ခ Yokoyama Akihito က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

437. နာတာရှည် COVID။ အပိုင်း (၂) နာတာရှည် COVIDရောဂါ လက္ခဏာတွေက ဘယ်လိုလဲ။

အဖြေ- ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သုတေသနစစ်တမ်း အပိုင်း ၂ အဖြစ် COVID ရဲ့ နာတာရှည် ရောဂါလက္ခဏာတွေက ဘယ်လို လက္ခဏာတွေလည်း ဆိုတာကို လေ့လာကြည့်ပါမယ်။

Keio တက္ကသိုလ်က ပါမောက္ခ Fukunaga Koichi ဦးဆောင်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သုတေသနအဖွဲ့ဟာ COVID-19 ရောဂါလက္ခဏာ အနည်းငယ်ပဲ ဖြစ်တဲ့သူကနေ ပြင်းပြင်းထန်ထန် ရောဂါဖြစ်တဲ့သူတွေအထိ လူနာပေါင်း ၁,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူ သုတေသနပြုခဲ့ပါတယ်။ ကိုဗစ်ရောဂါလို့ သိရပြီးနောက် တစ်နှစ်တာကာလအတွင်း ဘယ်လိုလက္ခဏာတွေ ခံစားခဲ့ရသလဲ လို့ လူနာတွေကို မေးမြန်းခဲ့ကြပါတယ်။

ရောဂါဖြစ်ပြီး တစ်နှစ်အကြာမှာ ကိုဗစ်နောက်ဆက်တွဲ ဝေဒနာအနေနဲ့  မောပန်းနွမ်းနယ်တာကို ခံစားရတဲ့လူနာက ၁၂.၈ ရာခိုင်နှုန်း၊  အသက်ရှူရ ခက်ခဲသူက  ၈.၆ ရာခိုင်နှုန်း၊ ကြွက်သားတွေရဲ့ ကြံ့ခိုင်မှု လျော့ကျလာပြီး အာရုံစုစည်းလို့မရ ဖြစ်သူက ၇.၅ ရာခိုင်နှုန်း၊ မှတ်ဉာဏ်အား နည်းလာသူက ၇.၂ ရာခိုင်နှုန်း၊  အိပ်လို့မရသူက ၇ ရာခိုင်နှုန်း၊ အဆစ်အမြစ် နာကျင်ကိုက်ခဲသူက ၆.၄ ရာခိုင်နှုန်း၊  ကြွက်သားနာကျင်သူက ၅.၅ ရာခိုင်နှုန်း၊ အနံ့ခံမရသူက ၅.၄ ရာခိုင်နှုန်း ၊ သလိပ်ထွက်နေသူက ၅.၂ ရာခိုင်နှုန်း၊ ဆံပင်ကျွတ်သူက ၅.၁ ရာခိုင်နှုန်း ၊ ခေါင်းကိုက်သူက ၅.၀ ရာခိုင်နှုန်း ၊ လျှာက အရသာခံစားရတာ ပုံမှန်အတိုင်း ပြန်မဖြစ်သူက ၄.၇ ရာခိုင်နှုန်း၊ ချောင်းဆိုးနေသူက ၄.၆ ရာခိုင်နှုန်း ၊ ခြေလက်တွေ ထုံကျဉ်နေသူက ၃.၉ ရာခိုင်နှုန်း၊ အမြင်အာရုံကျလာသူက ၃.၆ ရာခိုင်နှုန်းရှိပါတယ်။ လူနာစုစုပေါင်းရဲ့  ၃၃ ရာခိုင်နှုန်းကတော့ ရောဂါလက္ခဏာတစ်ခု မဟုတ် တစ်ခု ရှိနေတတ်ပါတယ်။

ယခင် သုတေသန အဖွဲ့လိုပဲ ဗိုင်းရပ်စ် ကူးစက်မခံရတဲ့သူတွေနဲ့  နှိုင်းယှဉ်ပြီး စစ်တမ်းကောက်ထားတာ မရှိတဲ့အတွက် အခု ပြောပြခဲ့တဲ့ ရောဂါလက္ခဏာတွေဟာ COVID 19 ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ဖြစ်တဲ့ နာတာရှည်လက္ခဏာတွေ ဟုတ်တယ်လို့တော့ အတည်ပြုလို့ မရပါဘူး။ လူနာတွေဟာ ရောဂါဝေဒနာအလိုက် ကုထုံးအမျိုးမျိုးနဲ့ စမ်းသပ်ကုသမှု ခံယူကြပါတယ်။ အထူးဆေးဝါးတွေ သုံးစွဲတာမျိုး မရှိပါဘူး။  

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

436. နာတာရှည် COVID။ အပိုင်း (၁) နာတာရှည် COVIDရောဂါ လက္ခဏာတွေက ဘယ်လိုလဲ။

အဖြေ- ဂျပန်နိုင်ငံမှာ ၂၀၂၂ ခုနှစ် ဇွန်လအနှောင်းပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၉.၃ သန်းကျော်ရှိပါတယ်။ ကိုဗစ်လူနာ အများအပြားဟာ ပြန်နေကောင်းလာပြီး နောက်ပိုင်းမှာလည်း ကိုဗစ်ရဲ့ နောက်ဆက်တွဲဝေဒနာအမျိုးမျိုးကို ခံစားနေရပါတယ်။ အဲဒီလို ရောဂါ လက္ခဏာ အခြေအနေတွေထဲကမှ  နာတာရှည် COVIDရောဂါ လက္ခဏာတွေက ဘယ်လိုလဲ ဆိုတာ သိရအောင် အသေးစိတ် တင်ဆက်ပေးပါမယ်။

Kochi တက္ကသိုလ်က ပါမောက္ခ Yokoyama Akihito ဦးဆောင်တဲ့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သုတေသနအဖွဲ့က ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်း အလယ်အလတ် ပြင်းထန်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ ရောဂါလက္ခဏာကြောင့် နိုင်ငံတစ်ဝန်းက ဆေးရုံတွေမှာ တက်ရတဲ့ လူနာ ၁,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။

ဆရာဝန်တွေရဲ့ မေးမြန်းချက် မှတ်တမ်းတွေနဲ့ လူနာတွေရဲ့ ဖြေကြားမှုတွေအပေါ် အခြေခံပြီး ဘယ်လိုရောဂါလက္ခဏာတွေ ပေါ်လာသလဲဆိုတာ သုံးလမှာတစ်ကြိမ် ရှာဖွေလေ့လာခဲ့ပါတယ်။ ကိုဗစ်ကူးစက်ပြီး ၃လအကြာမှာ လူနာတွေရဲ့ ၅၀ ရာခိုင်နှုန်းက ကြွက်သားတွေ အားနည်းလာတယ်လို့ ဆိုပါတယ်။   အသက်ရှုရခက်တဲ့ ဝေဒနာခံစားရသူက ၃၀ ရာခိုင်နှုန်း ရှိပါတယ်။ မောပန်းနွမ်းနယ်တာကို ခံစားရသူက ၂၅ ရာခိုင်နှုန်း၊  အိပ်မပျော် တဲ့သူက ၂၀ ရာခိုင်နှုန်းကျော်ရှိပြီး  ၁၈ ရာခိုင်နှုန်းကတော့ အာရုံစုစည်းရ ခက်ခဲတာ ၊ ကြွက်သားနာကျင်တာနဲ့ ချောင်းဆိုးတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ကတော့ ရောဂါလက္ခဏာ အမျိုးမျိုးကို ခံစားရတယ်လို့ ပြောပြကြပါတယ်။ ကိုဗစ်ကူးစက်ပြီး နောက်ပိုင်း ရောဂါလက္ခဏာ ခံစားရသူတွေဟာ အချိန်ကြာလာတဲ့အခါမှာ တဖြည်းဖြည်း သက်သာလာကြတာကိုတွေ့ရပါတယ်။

ရောဂါပိုးကူးစက်ခံရပြီး တစ်နှစ်ကြာတဲ့အခါမှာတော့ အိပ်မပျော်တဲ့ ရောဂါလက္ခဏာရှိသူက ၁၀.၁ ရာခိုင်နှုန်း၊  ကြွက်သားတွေ အားနည်းလာတဲ့သူက ၉.၃ ရာခိုင်နှုန်း၊  အသက်ရှူရ ခက်တဲ့သူက ၆.၀ ရာခိုင်နှုန်း ပဲရှိတယ်လို့ ဆိုပါတယ်။ အာရုံစိုက်လို့မရ သူက ၅.၃ ရာခိုင်နှုန်း၊ ချောင်းဆိုးဝေဒနာ စွဲကျန်တာ၅.၀ ရာခိုင်နှုန်း၊ မောပန်းနွမ်းနယ်မှု ဝေဒနာခံစားရသူက ၄.၉ ရာခိုင်နှုန်း၊ ကြွက်သားနာကျင်မှုခံစားရသူ  ၄.၆ ရာခိုင်နှုန်း ရှိပါတယ်။ ရောဂါလက္ခဏာ တစ်မျိုးမျိုးခံစားရတယ် လို့ ပြောတဲ့လူနာက ၁၃.၆ ရာခိုင်နှုန်း ရှိပါတယ်။

COVID19 ရောဂါဖြစ်ချိန်မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ခဲ့သူတွေဟာ နောက်ဆက်တွဲ ရောဂါလက္ခဏာ ခံစားရနိုင်ခြေများတယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

435. နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ အပူဒဏ်ကာကွယ်ခြင်း။
အပိုင်း (၃) အပူလျှပ်ခြင်း မဖြစ်အောင် ဘာတွေကို သတိထားရမလဲ။

အဖြေ- COVID-19 ကူးစက်မှုကို ကာကွယ်တားဆီးဖို့အတွက်  နှာခေါင်းစည်းကို အခြေခံအားဖြင့် တပ်ရမှာဖြစ်ပေမယ့် ပူပြင်းတဲ့ရာသီမှာတော့ ဆိုးကျိုး သက်ရောက်စေနိုင်တဲ့ အချက် တချို့ ရှိပါတယ်။ 

ပူပြင်းတဲ့ရာသီမှာ နှာခေါင်းစည်း တပ်ပြီး အပူလျှပ်ခြင်းမဖြစ်စေမယ့် နည်းလမ်းတွေထဲမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို လေ့လာကြပါမယ်။

အပူလျှပ်တဲ့ အန္တရာယ် နဲ့ပတ်သက်ပြီး လေ့လာနေတဲ့ WHO ရဲ့ သုတေသနအဖွဲ့ဝင် ဖြစ်ပြီး  Nagoya Institute of Technology က ပါမောက္ခ Hirata Akimasa ကို မေးမြန်းကြည့်ခဲ့ပါတယ်။ ပါမောက္ခ Hirata က အပူချိန်နဲ့ စိုထိုင်းဆ မြင့်မားတဲ့ ရာသီမှာ  အပူလျှပ်တဲ့အန္တရာယ်ကို ပုံမှန်သတိထားနေဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ လူတွေဟာ နှာခေါင်းစည်းတပ်ထားချိန်မှာ ရေငတ်လာတာကို သတိမထားမိ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကို အရည်ဓာတ်ဖြည့်တင်းဖို့ အတွက် ရေသောက်တဲ့ အကြိမ် အရေအတွက် နည်းသွားတတ်တာကို သတိထားဖို့ လိုတယ်လို့ ပြောပါတယ်။

ရေသောက်နည်းရင် ခန္ဓာကိုယ်ဟာ အရည်ဓာတ်ဆုံးရှုံးပြီး ကိုယ်တွင်းအပူချိန် မြင့်တက်လာတဲ့အခါ အပူလျှပ်တဲ့အန္တရာယ် ဖြစ်တတ်တယ်လို့ ပါမောက္ခ Hirata က ရှင်းပြပါတယ်။ သတိထားပြီး ရေများများသောက်ကြဖို့ တိုက်တွန်းထားပါတယ်။ Mask တပ်ဆင်တာနဲ့ ပတ်သက်ပြီး ရောဂါကူးစက်နိုင်ခြေများတဲ့ နေရာတွေမှာ ဆိုရင် Mask ကို တပ်ထားသင့်ပြီး  တခြားသူတွေနဲ့ လုံလောက်တဲ့ အကွာအဝေးခြားပြီး နေလို့ရရင် Mask မတပ်လဲ ရပါတယ်လို့ ပြောပါတယ်။ နေရာနဲ့ အခြေအနေပေါ် မူတည်ပြီး Mask ကိုတပ်မယ် မတပ်ဘူး ဆုံးဖြတ်ဖို့ အရေးကြီးတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

434. နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ အပူဒဏ်ကာကွယ်ခြင်း။
အပိုင်း (၂) နှာခေါင်းစည်း mask တပ်ထားရင် အပူလျှပ်မှု အန္တရာယ် ဘယ်လောက်ရှိသလဲ။

အဖြေ- COVID-19 ကူးစက်မှုကို ကာကွယ်တားဆီးဖို့အတွက် နှာခေါင်းစည်းတပ်တာဟာ အခြေခံလုပ်ရမယ့်အချက် ဖြစ်ပေမယ့် ပူပြင်းတဲ့ရာသီမှာတော့ တခြား ဆိုးကျိုး သက်ရောက်စေနိုင်တဲ့ အချက် တချို့ ရှိပါတယ်။
နှာခေါင်းစည်း mask တပ်ထားရင် အပူလျှပ်မှု အန္တရာယ် ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ WHO နဲ့ သက်ဆိုင်တဲ့ အဖွဲ့ဝင် Nagoya Institute of Technology က ပါမောက္ခ Hirata Akimasa နဲ့ မေးမြန်းထားတာကို လေ့လာကြည့်ပါ။
အရင်ကတည်းက လုပ်လာတဲ့ သုတေသနတွေမှာ နှာခေါင်းစည်းတပ်ထားသူနဲ့ မတပ်ထားသူ နှိုင်းယှဉ်ပြီး ကိုယ်တွင်းအပူချိန် အပြောင်းအလဲကို တိုင်းတာကြည့်တဲ့အခါ mask တပ်ထားတဲ့သူက ကိုယ်တွင်းအပူချိန် ၀.၀၆ ကနေ ၀.၀၈ ဒီဂရီစင်တီဂရိတ် အထိ အပူချိန် တက်လာတာကို တွေ့ရပြီး အပူလျှပ်အန္တရာယ် ဖြစ်နိုင်ခြေရှိတဲ့ တစ်ဒီဂရီအထိ အပူချိန် တက်မလာဘူးလို့ ပါမောက္ခ Hirata က ပြောပါတယ်။
နှာခေါင်းစည်းတပ်တာ တစ်ခုထဲကြောင့် ခန္ဓာကိုယ် အပူချိန်တက်လာပြီး အပူလျှပ်တဲ့အန္တရာယ် ဖြစ်နိုင်ခြေ မရှိဘူးလို့ ပါမောက္ခ Hirata က ပြောပါတယ်။ ဒါပေမဲ့ နှာခေါင်းစည်းတပ်ပြီး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မယ်ဆိုရင်တော့ ခန္ဓာကိုယ် အပူချိန်တက်ပြီး အပူလျှပ်အန္တရာယ် ဖြစ်နိုင်ခြေ များနိုင်တယ်လို့ သူက ထောက်ပြပြောဆိုခဲ့ပါတယ်။
မွေးကင်းစ ကလေးငယ်တွေနဲ့ လမ်းလျှောက်တတ်ခါစ ကလေးတွေကို နှာခေါင်းစည်းတပ်တာကြောင့် အပူလျှပ်တဲ့ အန္တရာယ် ဖြစ်နိုင်သလား ဆိုတာကိုတော့ လေ့လာထားတဲ့ အချက်နည်းသေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးငယ်တွေ အပူလျှပ်အန္တရာယ် ဖြစ်မှာနဲ့ ပတ်သက်ပြီး အုပ်ထိန်းသူတွေအနေနဲ့ အစိုးရရဲ့လမ်းညွှန်ချက်တွေကို အထူးဂရုပြု လိုက်နာကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

433. နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ အပူဒဏ်ကာကွယ်ခြင်း။
အပိုင်း (၁) ပူပြင်းတဲ့ရာသီဥတုမှာနှာခေါင်းစည်းကို ဘယ်လို ထိထိရောက်ရောက် တပ်ဆင်မလဲ။

အဖြေ- ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တားဆီးရေး အစီအမံတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နှာခေါင်းစည်း တပ်ဆင်ရပါတယ်။ ဒါပေမဲ့ ပူအိုက်တဲ့ ရာသီမှာ နှာခေါင်းစည်း တပ်ထားရင် ခန္ဓာကိုယ်က ပိုပူလာပြီး၊ အသက်ရှူကြပ်တာနဲ့ စိတ်လည်း မွန်းကြပ်လာနိုင်ပါတယ်။
ဒါ့ကြောင့် ရာသီဥတု ပူနေချိန်မှာ အပူဒဏ်မခံစားရအောင် နှာခေါင်းစည်းကို ဘယ်လိုထိထိရောက်ရောက် တပ်ဆင်မလဲဆိုတာကို ဒီတစ်ကြိမ်မှာ ပြောပြပေးပါမယ်။
ဂျပန်မှာတော့ အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ အခြေခံမူဝါဒတွေကို မေလ ၂၃ ရက်နေ့မှာ စပြောင်းလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးရေး အစီအမံတစ်ခု အနေနဲ့ နှာခေါင်းစည်းတပ်ဆင်ခြင်းဟာ အလွန်အရေးကြီးတဲ့ လုပ်ဆောင်မှု တစ်ခုအဖြစ် ဆက်ရှိနေပါတယ်။ ဒါပေမဲ့ အခုအခါ တချို့အနေအထားမျိုးတွေမှာတော့ နှာခေါင်းစည်းကို ချွတ်ထားလည်း ရတယ်လို့ ပြောင်းလဲ ထုတ်ပြန်ထားပါတယ်။
ပြင်ပမှာရှိနေချိန် လူတစ်ဦးနဲ့တစ်ဦးအကြား ၂ မီတာနဲ့အထက် အကွာအဝေး ရှိနေမယ်ဆိုရင် နှာခေါင်းစည်းတွေကို ချွတ်ထားလို့ ရပါတယ်။ ကိုယ့်အနီးနားမှာ လူတွေရှိနေပေမဲ့လည်း စကားစမြည် ပြောဆိုတာမျိုး မလုပ်ဘူးဆိုရင်လည်း နှာခေါင်းစည်းမတပ်ထား လို့ ရပါတယ်။
ရာသီဥတု အလွန်ပူပြင်းတာကြောင့် အပူလျှပ်တဲ့အန္တရာယ်မျိုးကို ကာကွယ်ဖို့ အထူးသဖြင့် နွေရာသီမှာ နှာခေါင်းစည်းတွေကို မတပ်ထားဖို့ အစိုးရက အကြံပြုထားပါတယ်။
အဆောက်အအုံတွင်းမှာ ရှိနေစဉ်မှာလည်း လူတစ်ဦးနဲ့တစ်ဦးအကြား ၂ မီတာနဲ့အထက် အကွာအဝေး ရှိနေမယ်၊ စကားလဲ မပြောဖြစ်ကြဘူး ဆိုရင်တော့ နှာခေါင်းစည်းတွေကို မတပ်ထားလဲ ရပါတယ်။
ကျောင်းတွေမှာ အားကစားလုပ်တဲ့ အချိန်တွေအတွင်း နှာခေါင်းစည်းတွေ ချွတ်ထားနိုင်ပါတယ်။ ကျောင်းဆင်းသွားချိန်မှာ ကျောင်းတွင်းအသင်းအဖွဲ့အလိုက် လှုပ်ရှားမှုတွေ လုပ်ရင်လည်း အလားတူ နှာခေါင်းစည်းချွတ်ထားဖို့ ညွှန်ကြားထားပါတယ်။ လူတစ်ဦးနဲ့တစ်ဦးအကြား ထိတွေ့ကစားရတဲ့ အားကစားပြိုင်ပွဲတွေမှာ ဆိုရင်တော့ အားကစားအသင်းအလိုက် ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
အသက် ၂နှစ်အောက် ကလေးတွေကို နှာခေါင်းစည်း တပ်ဆင်ဖို့ အကြံပြုထားတာမျိုး မရှိပါဘူး။ အသက် ၂ နှစ်နဲ့အထက် နေ့ကလေးထိန်းကျောင်းတွေ တက်နေတဲ့ ကလေးတွေလည်း ကျောင်းတွေမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို အကွာအဝေးမှာ နေသည်ဖြစ်စေ နှာခေါင်းစည်းတပ်ဆင်ဖို့ တောင်းဆိုထားခြင်း မရှိပါဘူး။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

432. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၉) ကလေးသူငယ်တွေ ကာကွယ်ဆေး ထိုးသင့်သလား။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလကစပြီး အသက် ၅ နှစ်ကနေ ၁၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။
ကလေးတွေနဲ့ သူတို့ရဲ့ အုပ်ထိန်းသူတွေအနေနဲ့ ကာကွယ်ဆေးထိုး သင့်မသင့် အတူတကွ ဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်သစ်တွေကို မိတ်ဆက်ပေးနေပြီး နဝမပိုင်း က နောက်ဆုံးအပိုင်းဖြစ်ပါတယ်။ ကလေးတွေ ကာကွယ်ဆေးထိုးတာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက ဘယ်လိုစဉ်းစားသလဲ ဆိုတာကို လေ့လာကြည့်ကြပါမယ်။
Kitasato University က ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ Nakayama Tetsuo က သူ့ရဲ့ အမြင်တွေကို အခုလို မျှဝေထားပါတယ်။ ပြင်းထန်တဲ့ ပန်းနာရင်ကျပ်ရောဂါ လိုမျိုး ရောဂါအခံရှိတဲ့ ကလေးတွေအနေနဲ့ ကာကွယ်ဆေးထိုးကြဖို့ သူက အကြံပြုပေမဲ့ ကျန်းမာရေးပြဿနာ ထွေထွေထူးထူးမရှိတဲ့ ကလေးတွေရဲ့ မိသားစုတွေအနေနဲ့ ကလေးရဲ့နေထိုင်မှုပုံစံနဲ့ မိမိတို့ရဲ့ မိသားစု အနေအထားပေါ်မူတည်ပြီး ဆုံးဖြတ်ကြဖို့ ပါမောက္ခ Nakayama က အကြံပေးထားပါတယ်။ ကျောင်းပြင်ပလှုပ်ရှားမှုတွေ၊ ကျောင်းကလပ်အသင်း လှုပ်ရှားမှု ဒါမှမဟုတ် အားကစားလုပ်ဆောင်မှု တွေ အပါအဝင် လူစုလူဝေးနေရာတွေကို မကြာခဏ သွားလေ့ရှိတဲ့ ကလေးတွေအနေနဲ့ ကာကွယ်ဆေးထိုးကြဖို့ ပါမောက္ခ Nakayama က အကြံပြုထားပါတယ်။ အဘိုးအဘွားတွေနဲ့ အတူနေထိုင်တဲ့ ကလေးငယ် တွေကိုလည်း အဘိုးအဘွားတွေကို ကလေးကနေ တစ်ဆင့် ရောဂါ မကူးစေဖို့ ကာကွယ်ဆေးထိုးပေးဖို့ အကြံပြု ထားပါတယ်။
ယေဘုံယျအားဖြင့် ကလေးတွေဟာ ကာကွယ်ဆေးတွေအမျိုးမျိုး ထိုးကြရတာကြောင့် ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ပါတယ်လို့ ပါမောက္ခ Nakayama က ပြောပါတယ်။ ဝက်သက်ရောဂါပိုး ကူးစက်ပြီး ဝက်သက်ပေါက်ပေမယ့် ဦးနှောက်အမြှေးရောင်တဲ့အထိ ဆိုးရွားတဲ့ ရောဂါလက္ခဏာအပါအဝင် တခြား ဆိုးရွားပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပွားသူဟာ လူတစ်ထောင်မှာ တစ်ဦးသာ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် လူတွေဟာ ကာကွယ်ဆေးကိုထိုးကြပြီး ဝက်သက် ရောဂါပိုး ကူးစက်ခံရသူမရှိသလောက် ဖြစ်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကိုလည်း တခြားကာကွယ်ဆေး တွေလိုပဲ စဉ်းစားသင့်ပါတယ်။ လူတွေအနေနဲ့ ကာကွယ်ဆေးနဲ့ ကူးစက်ရောဂါတွေအကြောင်းကို ပိုသိလာ‌အောင်မိမိဘာသာ လေ့လာဖို့ အရေးကြီးတယ်လို့ သူက အလေးပေး ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

431. ကလေးသူငယ်များ ကာကွယ်ဆေးထိုးခြင်း။
အပိုင်း(၈) ကာကွယ်ဆေးနည်းပညာအသစ်ကို သုံးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်တာကြောင့် စိုးရိမ်စရာရှိမရှိ။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ဖေဖေါ်ဝါရီလကစပြီး အသက် ၅ နှစ်ကနေ ၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပါတယ်။
ကလေးတွေနဲ့ သူတို့ရဲ့ အုပ်ထိန်းသူတွေအနေနဲ့ ကာကွယ်ဆေးထိုး သင့်မသင့် အတူတကွ ဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်သစ်တွေကို မိတ်ဆက်ပေးနေပြီး အဋ္ဌမပိုင်းမှာ ကာကွယ်ဆေး နည်းပညာအသစ်ကို သုံးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်တာကြောင့် စိုးရိမ်စရာရှိမရှိ လေ့လာကြည့် ကြပါမယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ကမ္ဘာမှာ ပထမဆုံးအကြိမ်အဖြစ် "messenger RNA" နည်းပညာကို အသုံးပြုထားပါတယ်။ အဲဒီ "messenger RNA"ဆိုတာ DNAအတွက် ပရိုတင်းတည်ဆောက်ဖို့ ညွှန်ကြားချက်ပေးတဲ့ မော်လီကျူးလေးတွေ ဖြစ်ပြီး ရောဂါတွေကို ကုသရာမှာ အသုံးချဖို့ ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး သုတေသန ပြုလာကြ တာ နှစ်ပေါင်း ၃၀ ကျော်ကြာ ရှိပါပြီ။ Messenger RNA ဟာ အလွယ်တကူ ပြိုကွဲ ပျက်စီး သွားနိုင်ပြီး ကာကွယ်ဆေးထိုးပြီး တာနဲ့ ရက်အနည်းအတွင်းမှာ ဒီမော်လီကျူးလေးတွေ ပျက်စီးသွားပါတယ်။
ခန္ဓာကိုယ်ထဲမှာလည်း ကျန်ရှိနေမှာမဟုတ်သလို ဆိုးကျိုး သက်ရောက်မှုလည်း ဖြစ်မှာမဟုတ်ဘူးလို့ ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးပြီးနောက် နှစ်အတော်ကြာလာတဲ့အချိန်ကျမှ ကာကွယ်ဆေးကြောင့် နေမကောင်းဖြစ်တာမျိုး ဖြစ်နိုင်ဖွယ် မရှိဘူးလို့ဆိုပါတယ်။


ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

430. ကလေးသူငယ်များ ကာကွယ်ဆေးထိုးခြင်း။
အပိုင်း(၇) ကလေးတွေ ကာကွယ်ဆေးထိုးခြင်းကြောင့် ပြင်းပြင်းထန်ထန် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်လကျော်ကစပြီး အသက် ၅ နှစ်ကနေ ၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။
ကလေးတွေနဲ့ သူတို့ရဲ့ အုပ်ထိန်းသူတွေအနေနဲ့ ကာကွယ်ဆေးထိုး သင့်မသင့် အတူတကွ ဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်သစ်တွေကို မိတ်ဆက်ပေးနေပါတယ်။ ဒီ သတ္တမပိုင်းမှာတော့ ကလေးတွေ ကာကွယ်ဆေးထိုးခြင်းကြောင့် ဖြစ်နိုင်တဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို လေ့လာကြည့်ကြပါမယ်။
ကလေးတွေ ကာကွယ်ဆေးထိုးပြီးတဲ့နောက် နှလုံးကြွက်သား ရောင်ရမ်းမှုကြောင့် လှုပ်ရှားရခက်ခဲတဲ့ ဘေးထွက်ဆိုးကျိုး ဝေဒနာ ခံစားရသူ ရှားရှားပါးပါး ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဂျပန်မှာ ဧပြီလ ၁ရက်နေ့အထိ အသက် ၅ နှစ်ကနေ ၁၁နှစ်အကြား ကလေးငယ် ၅၃၄,၀၀၀ ကို ကာကွယ်ဆေး ထိုးပေးခဲ့ တာမှာ ကလေးတစ်ဦးသာ အဲဒီလိုလက္ခဏာ ဖြစ်ပေါ်ခဲ့ပါတယ်။
အမေရိကန်ဟာ ဂျပန်ထက်စောပြီး ကလေးတွေကို ကာကွယ်ဆေး စထိုးခဲ့ပြီး ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်တဲ့ သုတေသနပြု စမ်းသပ်မှုတွေ အများကြီးလုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာရဲ့ ထုတ်ပြန်ချက်အရ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး နှလုံး ထိခိုက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးဖြစ်သူ ယောက်ျားလေး အယောက် တစ်သန်းမှာ တစ်ယောက်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒုတိယအကြိမ် ထိုးပြီးတဲ့နောက်မှာတော့ ၄.၃ ဦး ရှိခဲ့ပါတယ်။ မိန်းကလေးတွေကို ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့နောက် အချက်အလက် လုံလုံလောက်လောက် မရှိခဲ့တဲ့အတွက် ဘေးထွက်ဆိုးကျိုးဖြစ်သူ ရှိမရှိ မပြောနိုင်ပါဘူး။ မိန်းကလေးတွေ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးတဲ့နောက်မှာ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားဖြစ်သူ တစ်သန်းမှာ ၂ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုဘေးထွက် ဆိုးကျိုးဖြစ်ပွားခဲ့သူအားလုံးဟာ ရောဂါလက္ခဏာ မပြင်းထန်ဘဲ အဲဒီနောက် ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။
ကာကွယ်ဆေးထိုးပြီးနောက် ကလေးငယ် ၂ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန်က သတင်းတွေမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီ ကလေးနှစ်ဦးစလုံးမှာ ရောဂါအခံရှိပြီး ကာကွယ်ဆေးမထိုးခင် ကတည်းက နေမကောင်းဖြစ်နေခဲ့တာပါ။ သူတို့သေဆုံးမှုနဲ့ ကာကွယ်ဆေး ဆက်စပ်တယ်ဆိုတဲ့ အချက်အလက်တွေ မရှိဘူးလို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

429. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၆) ကလေးတွေ ကာကွယ်ဆေးထိုးလို့ ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး တွေက ဘာတွေလဲ။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ဖေဖေါ်ဝါရီကစပြီး အသက် ၅ နှစ်ကနေ ၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးစထိုးပေးခဲ့ပါတယ်။
ကလေးတွေနဲ့ သူတို့ရဲ့ အုပ်ထိန်းသူတွေအနေနဲ့ ကာကွယ်ဆေးထိုး သင့်မသင့် အတူတကွ ဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်သစ်တွေကို မိတ်ဆက်ပေးလာခဲ့တာ ဆဋ္ဌမပိုင်းမှာ ကလေးတွေ ကာကွယ်ဆေးထိုးလို့ ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး တွေအကြောင်းကို လေ့လာပါမယ်။
ကာကွယ်ဆေးဆိုတာ ထိုးပြီးရင် ဘေးထွက်ဆိုးကျိုး ထွက်တာတွေလည်း ရှိပါတယ်။ ကာကွယ်ဆေးထိုးပြီးနောက် ကိုယ်ခံအား စနစ်က ခန္ဓာကိုယ်ထဲဝင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို မှတ်သားတဲ့ အခါမျိုးမှာ အဖျားတက်တာ ဒါမှမဟုတ် ဆေးထိုးထားတဲ့ နေရာက နာကျင်တာတွေ ခံစားရနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေလဲ ဆိုတာ အသေးစိတ်လေ့လာကြည့်ပါမယ်။
အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer ရဲ့ သုတေသနတစ်ခုအရ ကာကွယ်ဆေးထိုးတဲ့ ကလေးသူငယ်တွေမှာ ဆေးထိုးထားတဲ့နေရာ တစ်ဝိုက် နာကျင်မှုဖြစ်သူ ပထမအကြိမ် ထိုးပြီးနောက်မှာ ၇၄ ရာခိုင်နှုန်းရှိပြီး ဒုတိယအကြိမ်ဆေးထိုးပြီးနောက် ၇၁ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ် ။ မောပန်းနွမ်းနယ်ပြီး နှုံးနေသလိုခံစားရသူ က ပထမအကြိမ် ထိုးပြီးနောက် ၃၄ ရာခိုင်နှုန်းရှိပြီး ဒုတိယဆေး ထိုးပြီးနောက် ၃၉ ရာခိုင်နှုန်းရှိတယ်လို့ အစီရင်ခံခဲ့ပါတယ်။ ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးတဲ့နောက်မှာ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အထက်ရှိသူ ၃ ရာခိုင်နှုန်း ရှိပါတယ်။ ဒုတိယအကြိမ်ဆေးထိုးပြီးတဲ့နောက်မှာ ၇ ရာခိုင်နှုန်း အပူချိန် တက်ခဲ့ပါတယ်။
လေ့လာမှုရလဒ်တွေအရ အသက် ၅ နှစ်ကနေ ၁၁ နှစ် ကြား ကလေးတွေဟာ အရွယ်ရောက်ပြီးသူတွေထက် ဘေးထွက်ဆိုးကျိုး နည်းပါးတယ်ဆိုတာ ပြသနေပါတယ်။ ကြွက်သားနာကျင်တာ ဒါမှမဟုတ် ဆေးထိုးထားတဲ့ လက်မောင်း လှုပ်ရှားရခက်တာ လိုမျိုး လက္ခဏာအပျော့စား ကလေးတိုင်းလို ဖြစ်ပေမဲ့ အဲဒီလို ကိုယ်လက် မသက်မသာဖြစ်တာက တစ်ရက်၊နှစ်ရက်အတွင်း သက်သာသွားနိုင် ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

428. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၅) ကလေးငယ်တွေကို ကာကွယ်ဆေးထိုးတာဟာ ထိရောက်မှု ဘယ်လောက်ရှိသလဲ။

အဖြေ - ဂျပန်နိုင်ငံမှာ ၂၀၂၂ ဖေဖေါ်ဝါရီလကစပြီး အသက် ၅ နှစ်ကနေ ၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။
ပဉ္စမပိုင်းမှာတော့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးတာဟာ ထိရောက်မှု ဘယ်လောက်ရှိသလဲ ဆိုတာကို လေ့လာကြပါမယ်။
၂၀၂၁ ခုနှစ်မှာ အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer က အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြားကလေးတွေကို သူတို့ရဲ့ကာကွယ်ဆေး လက်တွေ့စမ်းသပ် ထိုးပေးခဲ့ပါတယ်။ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးနောက် ၇ရက် ဒါမှမဟုတ် အဲဒါထက်ပိုကြာပြီးချိန်မှာ ကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ လက္ခဏာမပေါ်အောင် ၉၀.၇ ရာခိုင်နှုန်း ကာကွယ်ပေးတယ်လို့ အဲဒီ ဆေးဝါးကုမ္ပဏီ Pfizer က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးဟာ ဂျပန်နဲ့ ကမ္ဘာ့တခြားနေရာတွေမှာ လတ်တလော ပျံ့နှံ့နေတဲ့ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ် မကူးစက်အောင်ကာကွယ်ဖို့မှာတော့ ထိရောက်မှု နည်းတယ်လို့ သိရှိရပါတယ်။
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) က ၂၀၂၂ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်ခုမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေကို Pfizer ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီး သုတေသနပြုစစ်ဆေးခဲ့တဲ့အခါ Omicron အမျိုးအစား ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေကို ရဲ့ ၃၁ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
မတ်လ၃၀ ရက်နေ့က အမေရိကန် သုတေသီတွေထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေကို Omicron အမျိုးအစား ကူးစက်ရင် ဆေးရုံတက် မကုသရအောင် ကာကွယ်ဆေးက ၆၈ ရာခိုင်နှုန်း ကာကွယ်ပေးတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလေ့လာမှုအရ ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်တဲ့ ကလေးတွေ အားလုံးနီးပါးဟာ ကာကွယ်ဆေး မထိုးရသေးတာကို တွေ့ရတယ်လို့ ပါရှိပါတယ်။
ကာကွယ်ဆေးဟာ ရောဂါပိုး မကူးစက်အောင် အပြည့်အဝ မတားဆီးပေးနိုင်ပေမဲ့ ဆေးရုံတက်ရသည်အထိ ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်မလာအောင် ထိထိရောက်ရောက် ကာကွယ်ပေးတယ်ဆိုတဲ့အချက်ကို သုတေသန ရလဒ်တွေက ပြသနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

427. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၄) ကလေးတွေ COVID-19 ဖြစ်တဲ့အခါ ဘယ်လို ရောဂါလက္ခဏာတွေ ဖြစ်သလဲ။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလကျော်ကစပြီး အသက် ၅ နှစ်ကနေ ၁၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေး ခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ကလေးတွေနဲ့ သူတို့ရဲ့ အုပ်ထိန်းသူတွေအနေနဲ့ ကာကွယ်ဆေးထိုး သင့်မသင့် အတူတကွ စဉ်းစားဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်တွေကို မိတ်ဆက်ပေးပါမယ်။ အခု စတုတ္ထပိုင်းမှာ ကလေးတွေ COVID-19 ဖြစ်တဲ့အခါ ဘယ်လို ရောဂါလက္ခဏာတွေဖြစ်သလဲ လေ့လာကြည့်ရအောင်။
ဧပြီလ ၁၉ ရက်နေ့အထိ သီတင်းပတ်အတွင်း ဂျပန်နိုင်ငံတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် ၃၁၄,၃၇၀ ဦး ရှိခဲ့တယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် ရဲ့ ၁၅.၂ ရာခိုင်နှုန်း ဒါမှမဟုတ် ၄၇,၆၅၉ ဦးက အသက် ၁၀ နှစ်အောက်ကလေးတွေ ဖြစ်ပါတယ်။ အသက်အရွယ် အုပ်စုအားလုံးမှာ ကူးစက်မှုအများဆုံးကတော့ ကလေးတွေ ဖြစ်ပါတယ်။
ကပ်ရောဂါကြီး စတင်ဖြစ်ပွားချိန်ကစပြီး ၂နှစ်အတွင်းမှာ အသက် ၁၀ နှစ်အောက် ကလေးသူငယ် ၉၅၉,၆၆၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။
ဧပြီလ ၁၉ ရက်နေ့အထိ သီတင်းတစ်ပတ်အတွင်းမှာ ကလေးငယ် ၄ ဦး ကိုဗစ်ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ ကလေးလူနာအများစုဟာ အပျော့စား ရောဂါလက္ခဏာတွေသာ ဖြစ်ပေမဲ့ တခါတရံမှာတော့ ကိုယ်အပူချိန်မြင့်တာ၊ အော့အန်တာနဲ့ လည်ချောင်းအတွင်းမှာ ရောင်ရမ်းတာကြောင့် အသက်ရှူရခက်ခဲတဲ့ လက္ခဏာတွေရှိတာ တွေ့ရပါတယ်။
နှလုံး ဒါမှမဟုတ် အဆုတ်ရောဂါအခံရှိတဲ့ ကလေးတွေမှာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ခြေ ပိုများတယ်လို့ ဂျပန်ကလေး အထူးကုဆရာဝန်အဖွဲ့ က ပြောခဲ့ပါတယ်။ ကိုဗစ်ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံရရင် ပျောက်သွားတာတောင်မှ ဒီလိုကလေးမျိုး တွေဟာ ကိုဗစ်ကူးစက်ခံရရင် ချောင်းဆိုးတာနဲ့ အသက်ရှုကြပ်တာ လိုမျိုး နောက်ဆက်တွဲ နာတာရှည်ဝေဒနာတွေ စွဲကျန်ခဲ့နိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

426. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၃) ကလေးသူငယ်တွေ ကာကွယ်ဆေး ထိုးသင့်သလား။

အဖြေ - ကလေးတွေကို ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး ကလေးတွေ ကိုယ်တိုင်ရော သူတို့ရဲ့ အုပ်ထိန်းသူတွေပါ ကာကွယ်ဆေးထိုး သင့်မသင့် အတူတကွ ဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်တွေကို မိတ်ဆက်ပေးပါမယ်။ တတိယပိုင်းမှာ ကလေးသူငယ်တွေ ကာကွယ်ဆေး ထိုးသင့်သလား ဆိုတဲ့အချက်ကို လေ့လာကြည့်ပါမယ်။
မိသားစုတစ်စုနဲ့တစ်စု အနေအထားတွေ မတူကြသလို စဉ်းစား တွေးခေါ်ပုံနည်းလမ်းတွေဟာလည်း မတူညီတာကြောင့် ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ ဆုံးဖြတ်တဲ့အခါ ဘယ်အချက်ကို စဉ်းစားပြီး ကာကွယ်ဆေး ထိုးမယ်မထိုးဘူး ဆုံးဖြတ်ကြမလဲဆိုတာ ရှိပါတယ်။ အရေးကြီးတဲ့အချက်ကတော့ ကာကွယ်ဆေးထိုး တာကြောင့် ရရှိမယ့် အကျိုးကျေးဇူးနဲ့ ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုး ဘယ်အရာက အလေးသာသလဲ ဆိုတာကို ချိန်ဆဖို့ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးတာကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ ကူးစက်ခံရရင် ပြင်းပြင်းထန်ထန် မဖျားနာအောင် ကာကွယ်ပေးတာ၊ တခြားသူတွေကို ဗိုင်းရပ်စ်ကူးပြီးပြန့်ပွားသွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးတာနဲ့ ကျောင်းနဲ့ တခြားနေရာတွေကို စိတ်ချလက်ချ သွားလာနိုင်တာတို့ ပါဝင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့နောက် မလိုလားအပ်တဲ့ ပုံစံနဲ့ ခန္ဓာကိုယ်က တုံ့ပြန်မှုတွေရှိတာ၊ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ နောက်အချက်တွေကတော့ ဂျပန်မှာ ကလေးငယ်တွေ အကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပေမယ့် ကူးစက်ခံထားရပေမယ့် ကလေးတွေမှာ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှု ဂျပန်မှာ အတော်ရှားပါးပါတယ်။
ဂျပန်နဲ့ ကမ္ဘာတစ်ဝန်းမှာ အဓိကကူးစက် ပျံ့နှံ့လာနေတဲ့ Omicron အမျိုးအစား မျိုးဗီဇ ပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ် ကာကွယ်ဆေးရဲ့ ထိရောက်မှုနည်းပါးလာတာကလည်း စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။
တခြားအသက်အရွယ် အုပ်စုတွေလိုမျိုးပဲ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးပါတယ်။ ဒါပေမဲ့ ဝက်သက်၊ ရေကျောက်နဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံတာလိုမျိုး
အုပ်ထိန်းသူတွေအနေနဲ့ ကြိုးပမ်းဖို့လိုအပ်တယ် ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးမရှိဘဲ ကာကွယ်ဆေးထိုးဖို့ မထိုးဖို့ကို မိမိကလေးနဲ့အတူ အသေအချာ စဉ်းစား ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

425. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၂) ကာကွယ်ဆေးက ဘယ်လို အလုပ်လုပ်လဲ။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ဖေဖေါ်ဝါရီလကစပြီး အသက် ၅ နှစ်ကနေ ၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။
ဒီအသက်အရွယ်အုပ်စု ကလေးတွေရဲ့ ၉ ရာခိုင်နှုန်းလောက်က ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသွားပြီ ဖြစ်ပါတယ်။ ကလေးတွေဟာ ဗိုင်းရပ်စ်ပိုးကြောင့် ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ခြေ မရှိပါဘူး။ ဒါပေမဲ့ ကလေးသူငယ်တွေအကြား ရောဂါကူးစက်မှု အရေအတွက်ကတော့ မကျဆင်းသေးတာကတော့ စိုးရိမ်စရာ ဖြစ်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ကလေးတွေရဲ့ အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေကို ကာကွယ်ဆေးထိုး ပေးသင့်မသင့် ဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်တွေကို မိတ်ဆက်ပေးပါမယ်။ အခုဒုတိယပိုင်းမှာ ကာကွယ်ဆေးက ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို လေ့လာကြည့်ရအောင်။
ကာကွယ်ဆေးဆိုတာဟာ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေလိုမျိုး ပြင်ပက ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ခိုက်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ "ခုခံအားစနစ်" ရဲ့လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။
အသေးစိတ်လေ့လာကြည့်ကြပါမယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်မှာ ထိုးထွက်နေတဲ့ ဆူးချွန်ပရိုတင်း "spike proteins"ဆိုတာတွေ ပါရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေမှာတော့ ဆူးချွန်ပရိုတင်းရဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အချက်အလက်တွေကို သတင်းပို့တဲ့ အလုပ်လုပ်ဖို့စီစဉ်ထားတဲ့ "messenger RNA(m-RNA)"လို့ခေါ်တဲ့ ပရိုတင်း ထွက်အောင် လှုံ့ဆော်ပေးတဲ့ မော်လီကျူးတွေ ပါဝင်ပါတယ်။ ကာကွယ်ဆေးကို ထိုးလိုက်ရင်(m-RNA)ရဲ့အစီအစဉ်အတိုင်း ဆူးချွန်ပရိုတင်းကို ဖွဲ့စည်းတည်ဆောက်ပါတယ်။
ဆူးချွန်ပရိုတင်းဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ "ခုခံအားစနစ်"က ဒီပရိုတင်းတွေကို လူ့ခန္ဓာကိုယ်ထဲမှာ မရှိသင့်တဲ့အရာတွေအဖြစ် မှတ်သားထားတဲ့ ဗိုင်းရပ်စ်ကို တိုက်ခိုက်တဲ့ "antibodies" ပဋိပစ္စည်းတွေကို ထုတ်ပေးပါတယ်။ လူ့ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပိုး အမှန်တကယ် ဝင်ရောက်လာချိန်မှာ ဒီ"antibodies" ပဋိပစ္စည်းတွေက ရောဂါပိုးကို ဘယ်လို တိုက်ထုတ်ရမယ်ဆိုတာကို မှတ်သားထားတာကြောင့် တိုက်ခိုက်နိုင် ပါတယ်။
ကာကွယ်ဆေးမထိုးရသေးချိန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ လူ့ခန္ဓာကိုယ်က ဝင်ရောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ပုံသဏ္ဍာန်နဲ့ ကိုက်ညီမယ့် ပဋိပစ္စည်း"antibodies" ကိုယ်ခံအားစနစ်ကို ထုတ်ပေးပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကနေ လုံလောက်တဲ့ ပဋိပစ္စည်း ကို လျင်လျင်မြန်မြန် မထုတ်နိုင်တာမျိုး ဒါမဟုတ် ဗိုင်းရပ်စ်အရေအတွက် များလွန်းတာကြောင့် တိုက်ထုတ်ဖို့ မစွမ်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလို ဖြစ်လာတဲ့အချိန်မှာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူတွေဟာ ချောင်းဆိုးတာ၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်တာတွေလိုမျိုး ရောဂါတွေခံစားလာရပြီး တစ်ခါတစ်ရံမှာ အပြင်းဖျားနာတာတွေ ဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးထားမယ်ဆိုရင်တော့ လူ့ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်း "antibodies"တွေ ကို ကြိုပြီး ထုတ်ပေးထားပါတယ်။ မိမိ ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်အောင် အသင့်ပြင်ထားတာ ကြောင့် ရောဂါပိုး မကူးစက်အောင်နဲ့ ဗိုင်းရပ်စ်ကြောင့် ရောဂါလက္ခဏာတွေမပေါ်လာအောင်၊ ဝေဒနာ ပြင်းထန်မလာအောင်၊ ကာကွယ်နိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

424. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၁) ကာကွယ်ဆေးထိုးမှု ခံယူပြီးတဲ့ ကလေးသူငယ် ဘယ်လောက်ရှိသလဲ။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့၂လပိုင်းကစပြီး အသက် ၅ နှစ်ကနေ ၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။
ဒီအသက်အရွယ်အုပ်စု ကလေးတွေရဲ့ ၉ ရာခိုင်နှုန်းလောက်က ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသွားပါပြီ။ ကလေးတွေဟာ ဗိုင်းရပ်စ်ပိုး ကူးစက်လို့ ရောဂါဖြစ်ပွားလည်း ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ခြေ မရှိပါဘူး။ ဒါပေမဲ့ ကလေးသူငယ်တွေအကြား ရောဂါ ကူးစက်မှု အရေအတွက်ကတော့ ကျဆင်းသွားတာမရှိပါဘူး။
ကလေးတွေကို အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer က ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အသုံးပြု ထိုးပေးတာ ဖြစ်ပြီး သီတင်း ၃ပတ်ခြားပြီး နှစ်ကြိမ်ထိုးပေးနေပါတယ်။ ထိုးပေးတဲ့ ဆေးပမာဏကတော့ အရွယ်ရောက်ပြီးသူတွေကို ထိုးပေးတဲ့ ပမာဏရဲ့ သုံးပုံတစ်ပုံ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့အထိ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေး ၉၉၈,၀၀၀ ကျော်ဟာ အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီးပြီ ဖြစ်ပါတယ်။ ဒါဟာ ဂျပန်မှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးဦးရေ ၇,၄၁၀,၀၀၀ ရှိပြီး ၁၃.၅ ရာခိုင်နှုန်းလောက် ဆေး တစ်ကြိမ်ထိုးပြီးတာ ဖြစ်ပါတယ်။ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးတဲ့ ကလေးက ၆၆၀,၀၀၀ နီးပါး ရှိပြီး ကလေးအားလုံးရဲ့ ၈.၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။
နိုင်ငံတချို့မှာတော့ ဂျပန်ထက်စောပြီး အဲဒီအသက်အရွယ် အုပ်စုက ကလေးသူငယ်တွေကို ကာကွယ်ဆေး စထိုးပေးခဲ့ကြပါတယ်။ အမေရိကားမှာ ဧပြီလ ၂၀ ရက်နေ့အထိ အဲဒီအသက်အရွယ်အုပ်စု ကလေးအားလုံးရဲ့ ၂၈.၃ ရာခိုင်နှုန်းကို ကာကွယ်ဆေး နှစ်ကြိမ်ထိုး ပေးခဲ့ပြီး၊ ကနေဒါမှာတော့ ဧပြီလ ၁၀ ရက်နေ့အထိ အဲဒီ အသက်အရွယ် အုပ်စုက ကလေးငယ်ပေါင်း ၄၀.၇ ရာခိုင်နှုန်း ကို နှစ်ကြိမ်ကာကွယ်ဆေး ထိုးပြီးသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

423. မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ "BA.2" နဲ့ "XE" မျိုးကွဲများ။
အပိုင်း (၆) ရောဂါပိုး ကာကွယ်တားဆီးရေးအတွက် နေ့စဉ်လုပ်ဆောင်ရမယ့် အစီအမံများ။

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေနဲ့ အဲဒီမျိုးကွဲတွေ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေးဆိုင်ရာ စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဒီနောက်ဆုံးအပိုင်းမှာတော့ ရောဂါပိုး ကာကွယ်တားဆီးရေးအတွက် နေ့စဉ်လုပ်ဆောင်ရမယ့် အစီအမံတွေကိုလေ့လာပါမယ်။
မျိုးကွဲပေါင်းစပ် ကိုရိုနာဗိုင်းရပ်တွေဟာ အရင်အပိုင်းတွေမှာ လေ့လာခဲ့တဲ့ မျိုးကွဲတွေအပြင်၊ တောင်အာဖရိကနဲ့ တခြားဒေသ တွေမှာတွေ့တဲ့ Omicron ရဲ့ မျိုးကွဲ "BA.4" နဲ့ "BA.5" အမျိုးအစား မျိုးကွဲကိုရိုနာဗိုင်းရပ်စ်တွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီမျိုးကွဲဗိုင်းရပ်စ်တွေက ဘယ်လောက်ထိ ကူးစက်နိုင်စွမ်းရှိလဲ၊ ကူးစက်ခံရတဲ့အခါ သေဆုံးနှုန်း ဘယ်လောက်ရှိလဲ ဆိုတာကို ကျွမ်းကျင်သူတွေက မတွက်ချက်ရသေးပါဘူး။ မျိုးကွဲဗိုင်းရပ်စ်တွေ မျိုးစုံ ပေါင်းစပ်ပြီး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ်တွေ ထွက်လာနိုင်ခြေ မြင့်မားနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးထားပါတယ်။ အဲဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇဆိုင်ရာ သုတေသနပြုမှုတွေကို ဆက်လုပ်ဆောင်ပြီး အချက်အလက်တွေကို အားလုံးကို မျှဝေသင့်တယ်လို့ WHO ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တိုကျိုဆေးဘက်ဆိုင်ရာတက္ကသိုလ် ဆေးရုံက ပါမောက္ခ Hamada Atsuro က "BA.4" နဲ့ "BA.5 ဆိုတာ Omicron အမျိုးအစား မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ "BA.2" လိုမျိုး အမျိုးအစား ဖြစ်တယ်လို့ ပြောပါတယ်။
"BA.4" နဲ့"BA.5မျိုးကွဲဗိုင်းရပ်စ်တွေဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ကူးစက်ခြင်းနဲ့ မျိုးပွားခြင်းတွေ ဆက်တိုက် ပြုလုပ်နေစဉ်အတွင်းမှာ မျိုးဗီဇတွေ ပြောင်းသွားတဲ့ မျိုးကွဲဗိုင်းရပ်စ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီမျိုးကွဲတွေဟာ ကူးစက်မှုတွေကြီးမားပြီး ကြောက်စရာ ကောင်းတဲ့ ဗိုင်းရပ်စ် ဖြစ်လာနိုင်သလား၊ သိပ်ပြီးကူးစက်နိုင်စွမ်းမရှိတဲ့ဗိုင်းရပ်စ် လားဆိုတာကို မသိသေးခင်မှာ စောင့်ကြည့်လေ့လာနေဖို့က အရေးကြီးတယ်လို့ သူက ပြောကြားခဲ့ပါတယ်။ မျိုးကွဲ ၂ခုပေါင်းစပ် ထားတဲ့ "XE" အမျိုးအစားဟာ ကူးစက်နိုင်စွမ်းကြီးတဲ့ ဗိုင်းရပ်စ် လို့ ဆိုပေမဲ့ အဲဒီ ဗိုင်းရပ်စ်ကနေ နောက်ထပ် ကြီးမားတဲ့ကူးစက်မှုလှိုင်းကို ဖြစ်ပေါ်စေမလား ဆိုတာ သေချာမပြောနိုင်သေးဘူးလို့ သူက ပြောပါတယ်။ လုံးဝ မတူကွဲပြားတဲ့ မျိုးကွဲဗိုင်းရပ်စ် အသစ် ထွက်ပေါ်လာနိုင်ခြေကိုလည်း သတိထား စောင့်ကြည့်သင့်တယ်လို့ ပါမောက္ခ Hamada က ပြောပါတယ်။ အဲဒါကြောင့် နေ့စဉ် လေ့လာစောင့်ကြည့်ရေးစနစ်ကို ဆက်လက်ထားရှိဖို့ လိုအပ်ပြီး ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇဆိုင်ရာ သုတေသနပြုလေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးနဲ့လူမှုဖူလုံရေးဆိုင်ရာ နိုင်ငံတကာ တက္ကသိုလ်က ပါမောက္ခ Wada Koji က ကျွန်တော်တို့ အခုအထိ တွေ့ခဲ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေဟာ ကျွန်တော်တို့ မှန်းဆထားတာ ကိုကျော်လွန်ပြီး မျိုးဗီဇပြောင်းလဲတာမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ဆက်ပြီး စောင့်ကြည့်လေ့လာနေရမှာဖြစ်ပေမယ့် ကူးစက်မှု ကို ကာကွယ်တားဆီးနိုင်ဖို့ နေ့စဉ် လုပ်ရမယ့်အစီအမံတွေနဲ့ ဆောင်ရွက်မှုတွေမှာ ကြီးကြီးမားမား အပြောင်းအလဲလုပ်ဖို့ မလိုဘူးလို့ ထင်ကြောင်းသူက ပြောပါတယ်။
ပါမောက္ခ Wada ကတော့ လက်ရှိမှာ "BA.2" အမျိုးအစား မျိုးကွဲဗိုင်းရပ်စ်ဟာ အဓိကကူးစက်နေတဲ့ ရောဂါပိုးဖြစ်နေပေမယ့် အဲဒီနောက် "XE" မျိုးကွဲဗိုင်းရပ်စ်က အဓိက ကူးစက်တဲ့ ပိုးအဖြစ် ပြောင်းလဲသွားရင်လည်း နေ့စဥ်ကာကွယ်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ အစီအမံတွေက ပြောင်းလဲလုပ်ဆောင်စရာ မလိုသလို COVID-19 ကာကွယ်ဆေးထိုးနှံဖို့ ကိုလည်း ဆက်ပြီးလုပ်ဆောင်သွားရမယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

422. မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ "BA.2" နဲ့ "XE" မျိုးကွဲများ။
အပိုင်း (၅) COVID-19 ရဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ပေါင်းစပ်ဗိုင်းရပ်စ်များ။

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေနဲ့ အဲဒီမျိုးကွဲတွေ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေးဆိုင်ရာ စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အခုတစ်ခါ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေ ပေါင်းစပ်ထားတဲ့ မျိုးကွဲဗိုင်းရပ်စ် အသစ်တွေအကြောင်း လေ့လာကြည့်ကြပါမယ်။
Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ "BA.I" နဲ့"BA.2" တို့ ပေါင်းစပ်ထားတဲ့ "XE" ပေါင်းစပ်မျိုးကွဲဗိုင်းရပ်စ်လိုပဲ တခြား ပေါင်းစပ်မျိုးကွဲတွေရှိပါတယ်။ "XD" နဲ့ "XF" ပေါင်းစပ် မျိုးကွဲ ဆိုတာကတော့ကူးစက်မှု ပဉ္စမလှိုင်းမှာ အဓိက ကူးစက်ခဲ့တဲ့ Delta မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ Omicron ရဲ့မျိုးကွဲ "BA.I" အမျိုးအစားက ပေါင်းစပ်သွားတာ ဖြစ်ပါတယ်။ XD ပေါင်းစပ်မျိုးကွဲမှာတော့ အစိတ်အပိုင်းအများစုက Delta မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပြီးတော့ မျက်နှာပြင်ပေါ်က ဆူးချွန် ပရိုတင်းတွေကတော့ Omicron ရဲ့မျိုးကွဲ BA.I ဖြစ်ပါတယ်။
ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေရဲ့ မှတ်တမ်းတွေအရ အဲဒီပေါင်းစပ် မျိုးကွဲ XD အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ပထမဆုံး တွေ့ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့အထိ ပြင်သစ်မှာ XD ပေါင်းစပ်မျိုးကွဲ ကူးစက်မှု ၆၆ ခု၊ ဒိန်းမတ်နိုင်ငံ မှာတော့ ကူးစက်မှု ၈ ခုနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာတော့ ကူးစက်မှု ၁ မှု ရှိခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က XD ပေါင်းစပ်မျိုးကွဲရဲ့ ဗီဇပြောင်းပုံက အန္တရာယ်ရှိပြီး သတိထား စောင့်ကြည့်ရမယ့် မျိုးကွဲတစ်ခုအဖြစ် (VUM) စာရင်းသွင်းထားပါတယ်။ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်စေနိုင်မှု ရှိမရှိနဲ့ လက်ရှိ ကာကွယ်ဆေးတွေက အဲဒီပိုးအပေါ် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိမရှိ ဆိုတာတွေကို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ မျိုးဗီဇပြောင်း COVID-19 ပိုးတွေကို သတိထားစောင့်ကြည့်ရမယ့် ပိုးတွေအဖြစ် သတ်မှတ်ပါတယ်။
XF ပေါင်းစပ်မျိုးကွဲကတော့ ဆူးချွန်ပရိုတင်း အပါအဝင် ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်းအများစုက BA.I မျိုးကွဲဖြစ်ပါတယ်။ Delta မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပါတဲ့ အစိတ်အပိုင်းက တချို့ နေရာတွေမှာပဲ ပေါင်းစပ်ထားတာ တွေ့ရပါတယ်။
၂၀၂၂ခုနှစ် ဇန်နဝါရီ ၇ ရက်နောက်ပိုင်း ဗြိတိန်မှာ ပေါင်းစပ်မျိုးကွဲ XF ကူးစက်ခံရသူ ၃၉ ဦး တွေ့ရှိခဲ့တယ်လို့ ဗြိတိန်ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီ ၁၄ ရက်နောက်ပိုင်းမှာတော့ ကူးစက်မှုသတင်း တစ်စုံတစ်ရာ မရှိဘူးလို့ သူတို့က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

421. မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ "BA.2" နဲ့ "XE" မျိုးကွဲများ။
အပိုင်း (၄) မျိုးကွဲအသစ် "XE" အကြောင်း။

အဖြေ− မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေနဲ့ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေးဆိုင်ရာ စီမံဆောင်ရွက်ချက် တွေနဲ့ ပတ်သက်ပြီး Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲအသစ် "XE" အကြောင်း လေ့လာကြည့်ကြရအောင်။

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် "XE"ဟာ ဗိုင်းရပ်စ် အမျိုးအစားပေါင်းစုံပါဝင်တဲ့ ပေါင်းစပ်မျိုးဗီဇပြောင်းအမျိုးအစား ဖြစ်ပါတယ်။ ဗြိတိန်နဲ့ တခြားနိုင်ငံတွေမှာ တွေ့ရှိနေရပြီလို့ အစီရင်ခံစာ ထွက်ထားပါတယ်။ ဂျပန်နိုင်ငံ လေဆိပ်က ဗိုင်းရပ်စ် စစ်ဆေးရေး ဌာနမှာ Omicron ရဲ့မျိုးကွဲ XE ပေါင်းစပ်ဗိုင်းရပ်စ် ကူးစက်ထားသူကို ပထမဆုံး တွေ့ရှိခဲ့တယ်လို့ ဂျပန့်ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၁ ရက်မှာ ကြေညာခဲ့ပါတယ်။
ဗိုင်းရပ်စ်တွေဟာ သေးငယ်တဲ့ မျိုးဗီဇပြောင်းလဲမှုတွေကို အကြိမ်ကြိမ် ပြုလုပ်ပြီး အစွမ်းသတ္တိအသစ်တွေထွက်ပေါ်လာရာကနေ ပေါင်းစပ် မျိုးကွဲဗိုင်းရပ်စ်အသစ် ဖြစ်ပေါ် လာတာမျိုးရှိသလို လူတစ်ဦးကို အမျိုးအစားမတူတဲ့ မျိုးကွဲဗိုင်းရပ်စ်တွေကူးစက်တာခံရပြီး မျိုးဗီဇမှာပါတဲ့ ဓာတ်ပစ္စည်းတွေကပြောင်းလဲ ပေါင်းစပ်သွားရာကနေ ပေါင်းစပ်မျိုးကွဲဗိုင်းရပ်စ် ဖြစ်ပေါ်လာတာလည်း ရှိပါတယ်။
"XE" ပေါင်းစပ်ဗိုင်းရပ်စ်ဟာ Omicron ရဲ့မျိုးကွဲတွေဖြစ်တဲ့ "BA. 1" နဲ့ "BA.2" တို့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ လူသားဆဲလ်တွေထဲကို ဗိုင်းရပ်စ်ကူးစက်ဝင်ရောက်ဖို့ အဓိကအခန်းကဏ္ဍကနေ အလုပ်လုပ်တဲ့ ဗိုင်းရပ်စ်ရဲ့မျက်နှာပြင်ပေါ်က ဆူးချွန်ပရိုတင်းတွေ အပါအဝင် "XE" ပေါင်းစပ်ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်း အများစုဟာ "BA.2” ဖြစ်နေပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ “BA.1”ဖြစ်နေပါတယ်။
“XE” ဟာ Omicronရဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။ ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေက ၂၀၂၂ ခုနှစ်ဇန်နဝါရီ ၁၉ ရက်မှာ မျိုးကွဲသစ် “XE” ပေါင်းစပ်ဗိုင်းရပ်စ်အမျိုးအစားကို စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် ဧပြီလ ၅ ရက်နေ့အထိ အဲဒီဗိုင်းရပ်စ်အမျိုးအစား ကူးစက်ခံရမှု ၁,၁၇၉ ခုရှိခဲ့တယ်လို့ အစီရင်ခံထားပါတယ်။ အစုလိုက်အပြုံလိုက် အသေးစားကူးစက်မှု ရှိခဲ့ပေမဲ့ ဂျပန် နိုင်ငံတွင်း ကူးစက်မှုတွေရဲ့ ၁ ရာခိုင်နှုန်းအောက်မှာသာ ရှိခဲ့ပါတယ်။
ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေက မတ်လ ၃၀ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး သင်္ချာပုံစံနဲ့ တွက်ချက်မှုအရ XE ပေါင်းစပ်ဗိုင်းရပ်စ်ရဲ့ ကူးစက်နိုင်စွမ်းဟာ BA.2 အမျိုးအစားထက် ၁၂.၆ ရာခိုင်နှုန်း ပိုမြန်တယ်လို့ ခန့်မှန်း တွက်ချက် ထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

420. မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ "BA.2" နဲ့ "XE" မျိုးကွဲများ။
အပိုင်း (၃) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ "BA.2" ရဲ့ ပြန့်ပွားလာနိုင်ခြေ

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေနဲ့ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ရေးဆိုင်ရာ စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး တတိယပိုင်း အဖြစ် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ "BA.2" ရဲ့ ပြန့်ပွားလာနိုင်ခြေနဲ့ ပတ်သက်ပြီး လေ့လာကြည့်ကြရအောင်။

ဂျပန် ကူးစက်ရောဂါများ ဌာနက ကူးစက်ရောဂါ စောင့်ကြည့်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းနဲ့ သုတေသနပြုခြင်းဆိုင်ရာ စင်တာက အကြီးအကဲ မစ္စတာ Suzuki Motoi က ပြောပြပါမယ်။
Omicron ရဲ့ မျိုးကွဲ "BA.2" အမျိုးအစားဟာ ကူးစက်မှု သတ္တမလှိုင်းမှာ အဓိကကူးစက်ပျံ့နှံ့မယ့် ရောဂါပိုးဖြစ်လိမ့်မယ်လို့ တွက်ဆထားပါတယ်။
"BA.2" အမျိုးအစားဟာ BA.I အမျိုးအစားထက် ကူးစက်နိင်စွမ်း အနည်းငယ်ပိုနိုင်တယ်လို့ ယူဆထားတာကြောင့် ဆဋ္ဌမလှိုင်းထက် သတ္တမလှိုင်းဟာ ကူးစက်မှု ပိုမိုမြင့်မားလာနိုင်ခြေ ရှိတယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုစနစ် တွေ အားကောင်းဖို့နဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ထားဖို့လိုပါတယ်။
ကူးစက်မှုဆဋ္ဌမလှိုင်းမှာ Omicron ရဲ့မျိုးကွဲ "BA. 1" အမျိုးအစား စတင်ပျံ့နှံ့လာတုန်းက Delta မျိုးဗီဇပြောင်း ဗိုင်းရပ်စ်လောက် ရောဂါပြင်းပြင်းထန်ထန် မဖြစ်နိုင်ဘူးဆိုပြီး လူတွေဟာ ဂရုစိုက်မှု နည်းလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဆဋ္ဌမလှိုင်းမှာ ကူးစက်မှု အရေအတွက်ဟာ ရှေ့အရင် ကူးစက်မှု လှိုင်းတွေထက် သိသိသာသာ များခဲ့ပြီး သေဆုံးသူအရေအတွက်လည်း ပိုပြီး များပြားခဲ့ပါတယ်။
"BA.2" အမျိုးအစား မျိုးဗီဇပြောင်းဗိုင်းရပ်စ် မှာလည်း အလားတူ အဖြစ်မျိုး ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။
ကမ္ဘာတစ်ဝန်း နိုင်ငံအများစုမှာ "BA.2" မျိုးကွဲဗိုင်းရပ်စ်ဟာ တခြားမျိုးကွဲတွေရဲ့ နေရာကို အစားထိုးဝင်လာခဲ့ပြီး ရောဂါကူးစက်မှု အများဆုံးအဓိကဗိုင်းရပ်စ်ဖြစ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း တိုကျိုဆေးဘက်ဆိုင်ရာ တက္ကသိုလ်ဆေးရုံက ပါမောက္ခ Hamada Atsuo က ပြောကြားခဲ့ပါတယ်။ ဥရောပနိုင်ငံတချို့မှာ ရောဂါဖြစ်ပွားမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ "BA.2" ဗိုင်းရပ်စ်မျိုးကွဲလို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ အားဖြည့်ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကို မြှင့်တင် လုပ်ဆောင်တာအပြင် လူတစ်ဦးနဲ့တစ်ဦး ထိတွေ့မှု လျှော့ချပြီး ရောဂါကူးစက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ အစီအမံတွေကို အားကောင်းကောင်းနဲ့ ပိုမိုလုပ်ဆောင်ဖို့ဟာ အရေးကြီးတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
အထူးသဖြင့် အသက်၂၀ တန်းအရွယ် လူငယ်တွေအကြား ရောဂါကူးစက်မှုအသစ်တွေ တိုးလာတာကြောင့် အဲဒီအသက်အုပ်စုကို ဗဟိုပြုပြီး ကာကွယ်တားဆီးရေး အစီအမံတွေလုပ်တာဟာ တစ်ဖန် ကူးစက်မှုတွေ မြင့်မားလာမှာကို လျှော့ချဖို့အတွက် အဓိကအရေးပါတဲ့ သော့ချက် ဖြစ်လာနိုင်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

419. မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ "BA.2" နဲ့ "XE" မျိုးကွဲများ။ အပိုင်း (၂) ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံနေတဲ့ "BA.2" မျိုးကွဲ

အဖြေ− ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ "BA.2"ရဲ့ လက္ခဏာတွေနဲ့ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို လေ့လာကြည့်ကြရအောင်။
"BA.2" မျိုးကွဲဟာ "BA.I" မျိုးကွဲထက် ပိုပြီးကူးစက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ပြောပါတယ်။ ဒိန်းမတ်နိုင်ငံက အချက်အလက်တွေကို လေ့လာမှု တစ်ခုအရ ရောဂါပိုးရှိတဲ့ လူတစ်ဦးကနေ အခြားတစ်ဦးကို ကူးစက်ဖို့အချိန်မှာ "BA.2" ဟာ "BA.1" ထက် ၁၅ ရာခိုင်နှုန်း အချိန်ပိုတိုတာကို တွေ့ရှိရပါတယ်။ လူတစ်ဦးဆီကနေ လူဘယ်နှစ်ဦးအထိကို ကူးစက်ပြန့်ပွားအောင် မျိုးပွားနိုင်သလဲ ဆိုတဲ့ အချက်မှာလည်း "BA.I" ထက် ၂၆ ရာခိုင်နှုန်း ပိုများတာကို တွေ့ရှိခဲ့ရပါတယ်။ တစ်ဘက်မှာတော့ ပြင်းပြင်းထန်ထန် ဖျားနာမှု ဖြစ်ပွားနိုင်ခြေ နည်းပါးပုံရပါတယ်။
ဗြိတိန်က လုပ်တဲ့ သုတေသနကို WHOက ကိုးကားဖော်ပြထား တာမှာ"BA. 1" နဲ့ BA.2 ကူးစက်ခံရသူတွေအကြား ဆေးရုံတက် ကုသရတဲ့နှုန်းထားက ကွာခြားမှုမရှိဘူးလို့ ဆိုပါတယ်။ "BA.1" ကူးစက်ခံဖူးသူတွေလည်း "BA.2" မျိုးကွဲ ပြန်ကူးစက်နိုင်တာကိုလည်း သတိထားရပါမယ်။

အားဖြည့်ကာကွယ်ဆေး၃ ကြိမ်ထိုးနှံအပြီး အနည်းဆုံး တစ်ပတ်အကြာမှာ "BA.I" မျိုးကွဲကို ကာကွယ်နိုင်စွမ်း ၇၁.၃ ရာခိုင်နှုန်းရှိပြီး "BA.2"မျိုးကွဲကို ကာကွယ်နိုင်စွမ်း ၇၂.၂ ရာခိုင်နှုန်း ရှိတယ်လို့ ဗြိတိန် ကျန်းမာရေးစောင့်ရှောက်မှု သုတေသနဌာနက ဆိုပါတယ်။ တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် အနည်းဆုံး သီတင်းပတ် ၁၅ ပတ်အကြာမှာ ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ကျဆင်းသွားပါတယ်။ အဲဒီအချိန်မှာ "BA. 1" ကို ၄၅.၅ ရာခိုင်နှုန်းပဲ ကာကွယ်ပေးပြီး "BA.2" ကိုတော့ ၄၈.၄ ရာခိုင်နှုန်းပဲ ကာကွယ်ပေးနိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

418.  မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့  "BA.2" နဲ့ "XE" မျိုးကွဲများ။ အပိုင်း (၁) ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံနေတဲ့  "BA.2" မျိုးကွဲ

အဖြေ− မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေနဲ့ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေးဆိုင်ရာ စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လေ့လာရပါမယ်။
Omicron အမျိုးအစား ပိုမိုကူးစက်နိုင်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတစ်ခု ဖြစ်တဲ့ "BA.2"နဲ့ တခြား မျိုးကွဲတစ်ခုဖြစ်တဲ့ XE အကြောင်းကို ပထမဆုံး ကြည့်ကြရအောင်။

XE မျိုးကွဲကို ဧပြီလ ၁ ရက်နေ့ ဂျပန်ကို အမေရိက ကနေလာတဲ့ အမျိုးသမီးတစ်ဦးမှာ ပထမဆုံးတွေ့ရှိခဲ့တယ်လို့ အတည်ပြုထား ပါတယ်။
ကမ္ဘာမှာ အဓိကကူးစက်နေတာကတော့ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ "BA.2" အမျိုးအစားဖြစ်ပြီး အဲဒီပိုးက "BA.1(one)" ဗိုင်းရပ်စ်မျိုးစိတ် ကနေ ထပ်ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်မှာရှိတဲ့ ဆူးချွန်ပရိုတင်းတွေရဲ့ မျိုးဗီဇဆိုင်ရာပစ္စည်းတွေမှာ ဗီဇပြောင်းလဲမှု တွေ အများကြီးရှိနေတာကို ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲလို့ ခေါ် တာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်မှာရှိတဲ့ ဆူးချွန်ပရိုတင်းတွေဟာ လူသားရဲ့ဆဲလ်တွေထဲကို ဗိုင်းရပ်စ်ဝင်ရောက်ရာမှာ အဓိကအသုံးပြု ပါတယ်။
"BA.2" မျိုးကွဲ ကူးစက်ခံရသူအရေအတွက် ရာခိုင်နှုန်းအင်မတန် များပြားပါတယ်။ ဗြိတိန် ကျန်းမာရေး အာဏာပိုင်တွေက မတ်လ ၂၇ ရက်အထိ တစ်ပတ်ကို ၉၃.၉ ရာခိုင်နှုန်း ဒီမျိုးကွဲ ကူးစက်ခံတယ်လို့ ပြောပါတယ်။ အမေရိကန်မှာတော့ ဧပြီလ ၂ ရက်နေ့အထိ တစ်ပတ်အတွင်း "BA.2" မျိုးကွဲ ကူးစက်ခံရသူ အရေအတွက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအားလုံးရဲ့ ၇၂.၂ ရာခိုင်နှုန်းရှိမယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ခန့်မှန်းထားပါတယ်။
"BA.2" မျိုးကွဲကူးစက်မှုဟာ မေလမှာ ဂျပန်နိုင်ငံတစ်ဝန်း ကူးစက်ခံရသူတွေရဲ့ ၉၃ ရာခိုင်နှုန်း၊ ဇွန်လပထမပတ်မှာ ၁၀၀ ရာခိုင်နှုန်းနီးပါးဖြစ်လာမယ်လို့ ဆိုပါတယ်။
ဂျပန်မှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ "BA. 1" ကူးစက်မှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်က ပထမဆုံး အတည်ပြုခဲ့ပါတယ်။ "BA.2" မျိုးကွဲ ကူးစက်မှုကို ဖေဖော်ဝါရီလလယ်က တိုကျိုမှာ ပထမဆုံးအတည်ပြုခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

417. ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာတွေများ ။ အပိုင်း (၅)

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် စွဲကျန်ခဲ့တဲ့ နောက်ဆက်တွဲ နာတာရှည်ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး နောက်ပိုင်းကုသမှုတွေမှာ အသုံးပြုနိုင်ဖို့ သုတေသနပြု ထားတဲ့ ရလဒ်တွေကို လေ့လာကြည့်ပါမယ်။

Saitama ခရိုင် အာဏာပိုင်တွေနဲ့ Saitama ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ နာတာရှည် ရောဂါလက္ခဏာတွေရှိတဲ့ လူနာတွေကို လေ့လာခဲ့ကြပါတယ်။ အများစုက Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မများလာခင်က ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူတွေ ဖြစ်ပါတယ်။
Saitamaခရိုင် က အရာရှိတွေဟာ ခရိုင်တွင်းမှာ နာတာရှည် ရောဂါလက္ခဏာ ပြသတဲ့ လူနာတွေအတွက် ဆေးကုသရေးဌာန ၁၄၀ ကျော်အထိ နေရာအနှံ့ ထားရှိမှာ ဖြစ်ပါတယ်။ Saitama ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ အကြီးအကဲ Maruki Yuichi က နောက်တစ်ကြိမ် ကူးစက်မှုလှိုင်းမှာ နာတာရှည် ရောဂါလက္ခဏာစွဲကျန်ခဲ့တဲ့ လူနာအရေအတွက်ဟာ ပဉ္စမလှိုင်းမှာ ကူးစက်ခံရသူထက် ၂ ဆ ကျော်များလိမ့်မယ်လို့ တွက်ဆထားပါတယ်။
အဲဒီ လူနာတွေကို စမ်းသပ်ကုသပေးတာကနေ သိရှိလာတဲ့ တွေ့ရှိချက်အသစ်တွေက ဆရာဝန်တွေကို အထောက်အကူပြုနိုင်မယ် လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

416. ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာတွေများ ။ အပိုင်း (၄)

အဖြေ− နာတာရှည်လက္ခဏာတွေ သက်သာပြီး ပြန်ကောင်းမွန်လာတဲ့ လူနာတစ်ဦးရဲ့အကြောင်းကို လေ့လာကြည့်ကြပါမယ်။
စိုင်းတာမ ခရိုင်က အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသူတစ်ဦး ဟာ အထက်တန်းကျောင်းစတက်ပြီး မကြာမီ ၂၀၂၁ ခုနှစ် မေလမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။ သူဟာ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာ၊ အသက်ရှုရခက်တာနဲ့ ၃၉ ဒီဂရီနီးပါးအထိ အဖျားတက်တာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ ဟိုတယ်မှာ သီးသန့်ခွဲခြားနေထိုင်ခဲ့ပြီးနောက် ကျောင်းပြန်တက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ပြန်တက်ပြီး သိပ်မကြာခင်မှာဘဲ ခေါင်းမူးဝေတာ၊ ခေါင်းကိုက်တာ၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်တာနဲ့ အနံ့နဲ့ အရသာ ခံစားမှု အာရုံချို့ယွင်းလာတာ ကို စတင် ခံစားလာရပါတယ်။ ၂၀၂၁ ခုနှစ် ဆောင်းဦးရာသီအထိ ကိုယ်လက်မအီမသာ ဖြစ်တာ ပင်ပန်းနွမ်းနယ်ပြီး မူးဝေနေတာကြောင့် ကျောင်း ဆက်မတက်နိုင်တော့ဘဲ အိပ်ယာထဲမှာဘဲ နေရတဲ့ အချိန်အတော်များလာခဲ့ရပါတယ်။ ဆေးခန်း ၄ ခုလောက် သွားပြပြီး ကုသမှုခံယူခဲ့ပေမဲ့ ရောဂါလက္ခဏာတွေ မပျောက်ကင်းခဲ့ပါဘူး။
အဲဒီနောက် ကိုဗစ်ရောဂါ နောက်ဆက်တွဲ နာတာရှည်ဝေဒနာတွေကို အထူးကုသပေးနေတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးခန်းတစ်ခုကို သွားပြခဲ့ပါတယ်။ အဲဒီဆေးခန်းက ဆရာဝန်က မူးဝေနေတာ လျော့ပါးစေဖို့ လေ့ကျင့်ခန်းတွေလုပ်နည်းကို သင်ပေးပြီး အနံ့ခံအာရုံ ကောင်းဖို့အတွက် လည်း လေ့ကျင့်နည်းနဲ့ ကုသခဲ့ပါတယ်။
မူးဝေတဲ့ ဝေဒနာ သက်သာအောင် လူနာကို နံရံပေါ်မှာရှိတဲ့ အမှတ်တစ်ခုကို စိုက်ကြည့်စေတဲ့ လေ့ကျင့်ခန်းကို လုပ်ခိုင်းပါတယ်။ ဦးခေါင်း ရော ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို ရော မလှုပ်ဘဲ မျက်လုံးကိုပဲ အပေါ်၊ အောက်၊ ဘယ်ညာ ရွှေ့ကြည့်တဲ့ လေ့ကျင့်ခန်းကိုလည်း လုပ်ခိုင်းခဲ့ပါတယ်။ ဒီလေ့ကျင့်ခန်းက အမြင်အာရုံ ဟန်ချက်ပြန်ညီလာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ အနံ့ခံအာရုံ ပြန်ကောင်းလာဖို့အတွက်ကတော့ လာဗင်ဒါ ဒါမှမဟုတ် သံပုရာသီးလိုမျိုး ရနံ့တွေပါတဲ့ အဆီတွေကို ရှုရှိုက်ရင်း လာဗင်ဒါ ပန်းပင်ပုံ နဲ့ သံပုရာသီး ပုံတွေကို ကြည့်စေတာမျိုး လေ့ကျင့်ခိုင်းပါတယ်။ အနံ့ခံအာရုံနဲ့ မှတ်ဉာဏ်ကို ပြန် ချိတ်ဆက်မိအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို နေ့စဉ် အိမ်မှာ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးနောက် သူ့ရဲ့ ရောဂါလက္ခဏာတွေဟာ တဖြည်းဖြည်း သက်သာခဲ့လာပါတယ်။
သူသွားရောက် ကုသခဲ့တဲ့ ဆေးခန်းကဆေးရုံအုပ် Sakata Hideaki က “ဖြစ်ဖြစ်ချင်း ဆရာဝန်နဲ့ အမြန်ပြပြီး သင့်လျော်တဲ့ ကုသမှု ခံယူလိုက်တဲ့ လူနာတွေက အတော်လေး ပြန်ကောင်းလာတာ တွေ့ရပါတယ်၊ ဒါပေမဲ့ ဝေဒနာခံစားရတာ ၃ လကနေ ၆ လကြာပြီးမှ ဆေးခန်းလာပြတဲ့ လူနာကတော့ တိုးတက်မှု အနည်းငယ်ပဲရှိတာကို တွေ့ရတယ်” လို့ ပြောပြပါတယ်။ “ ကူးစက်မှု ဆဋ္ဌမလှိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ လူနာတွေ ထပ်ထွက်လာဦးမှာ ဖြစ်တဲ့အတွက် စိတ်အေးလက်အေးနဲ့နေလို့တော့ မရနိုင်သေးဘူး”လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

415. ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာတွေများ ။ အပိုင်း (၃)

အဖြေ− ကိုရိုနာရောဂါကနေ ပြန်ကောင်းလာပြီး ၆ လကျော် ကြာတဲ့အထိ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ခံစားနေရတဲ့ လူနာတစ်ဦးကို လေ့လာကြည့်ကြရအောင်။
အဲဒီ လူနာကတော့ စိုင်းတာမ ခရိုင်မှာနေထိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ကိုယ်အပူချိန် ၃၉ ဒီဂရီနီးပါးအထိ မြင့်တက်လာခဲ့ပြီး မောပန်းနွမ်းနယ်တာ၊ အဆုတ်ယောင် တာတွေ ဖြစ်ခဲ့ပါတယ်။ အိမ်မှာပဲ ဆေးကုသရင်း ပြန်သက်သာလာ ပေမဲ့လည်း အနံ့ခံအာရုံနဲ့ အရသာခံစားမှုအာရုံတွေ ချို့ယွင်းသွားပြီး အစားများများ မစားနိုင်တော့ပါဘူး။ အဲဒီ အမျိုးသားဟာ ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ကျော် ကျသွားခဲ့ပါတယ်။ အဲဒီနောက် ပြန်ကျန်းမာလာပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ် ပြန်ဝင်နိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ သူဟာ မောပန်းနွမ်းနယ်ပြီး နုံးနေတာနဲ့ အိပ်မပျော်တာတွေ ဆက်ဖြစ်နေခဲ့ပြီး အဲဒီနှစ် ဒီဇင်ဘာလကစပြီး အလုပ်ဆက်မလုပ် နိုင်တော့ပါဘူး။
“ညကို တစ်နာရီလောက်ပဲ အိပ်ပျော်ပြီး မနက်လင်းတဲ့အထိ ဆက်အိပ်လို့မရဘူး။ အလုပ်မှာလည်း ခံနိုင်ရည် မရှိပါဘူး။ ဘာလုပ်ရမယ်ဆိုတာကို သိနေတာတောင် စိတ်သွားတိုင်း ကိုယ်မပါဘဲ တွေဝေနေပြီး ခြေတွေလက်တွေက တုံ့ဆိုင်းသလို ဖြစ်လာပါတယ်၊ ဒီလို အခြေအနေနဲ့ အလုပ်သွားလုပ်လို့ မရနိုင်ဘူး” လို့ သူက ပြောပြပါတယ်။
ကိုဗစ်အလွန် နောက်ဆက်တွဲ နာတာရှည် ရောဂါဆိုင်ရာ ဆရာဝန်က အဲဒီအမျိုးသားမှာ အာရုံစူးစိုက်နိုင်စွမ်း လျော့ပါးလာတာနဲ့ သတိမေ့တာစတဲ့ Brain Fog လို့ခေါ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ လက္ခဏာတွေ ရှိနေတယ်လို့ ပြောပြပါတယ်။ သူဟာ ဆေးကုသပြီး နေ့စဉ် လူနေမှုဘဝနေထိုင်ပုံတွေကို ဆရာဝန်ရဲ့ လမ်းညွှန်မှုတွေ ခံယူခဲ့ပေမဲ့ ၇လလောက်အထိ အခြေအနေက တိုးတက် မလာပါဘူး။ ခေါင်းမူးတာ၊ နုံးချိနေတာမျိုး ဖြစ်နေတုန်းပဲလို့ ဆိုပြီး အဲဒီလောက် အချိန်ကြာကြာ ကုသနေရမယ်လို့ သူမမျှော်လင့်ထားကြောင်းနဲ့ သူ့ရှေ့ အနာဂတ်အတွက် စိုးရိမ်နေတယ်လို့ သူက ပြောပါတယ်။
သူ့ကို ကုသပေးနေတဲ့ ဆရာဝန် Kodaira Makoto က မောပန်းနွမ်းနယ်တာနဲ့ Brain Fog လို့ခေါ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာလက္ခဏာတွေဟာ ၆လ ဒါမှမဟုတ် ဒါ့ထက်ပိုကြာတတ်တဲ့ ကိုဗစ်အလွန် အဓိကရောဂါလက္ခဏာ ၂ မျိုး ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီလို လူနာတွေကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီပြီး ကုသပေးဖို့ လိုအပ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

414. ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာတွေကို လက်တွေ့ ကုသပေးနေတဲ့ ဆရာဝန်တွေက နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာ တွေနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေ ပေးထားတာ ရှိပါသလား ။ အပိုင်း (၂)

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေကို လက်တွေ့ကုသပေးနေတဲ့ ဆရာဝန်တွေ ရဲ့လမ်းညွှန်ချက်တွေ ပေးထားတာရှိပါတယ်။ လေ့လာကြည့်ကြပါမယ်။

စိုင်းတာမ ခရိုင်နဲ့ စိုင်းတာမ ဆေးဘက်ဆိုင်ရာအဖွဲ့က ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာ ခံစားနေရသူ လူနာ ၄၂၂ ဦးကို စစ်ဆေးထားတဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလေ့လာမှုမှာ ကိုဗစ်အလွန် နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာတွေအပြင် ဆရာဝန်တွေက လူနာ ရဲ့ ရောဂါသက်သာအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကိုပါ ဖေါ်ပြထားပါတယ်။

အခုပထမဆုံး Internal Medicine Center က ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်တွေကို လေ့လာကြည့်ကြရအောင်။
၁) လူနာတွေဟာ မောပန်းနွမ်းနယ်လွယ်တာအပြင် မူးဝေတာ၊ သတိမေ့တာနဲ့ အာရုံစူးစိုက်နိုင်စွမ်း လျော့ပါးလာတာ စတဲ့ Brain Fog လို့ခေါ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာလက္ခဏာ အမျိုးမျိုး ခံစားရလေ့ရှိပါတယ်။
၂) အဲဒီ ရောဂါလက္ခဏာတွေ ပြန်လည်ကောင်းမွန်လာဖို့ အချိန် ၆လ ဒါမှမဟုတ် အဲဒါထက်ပိုပြီး ကြာမြင့်နိုင်ပါတယ်။ အဲဒီ ရောဂါလက္ခဏာတွေ‌ကြောင့် လူနာတွေ နေ့စဉ် ပုံမှန်လုပ်ဆောင် ရမယ့်အလုပ်တွေကို ထိခိုက်စေနိုင်ပါတယ်။
၃) နေ့စဉ်အလုပ်တွေ လုပ်ချိန်နဲ့ အနားယူချိန်ကို ဟန်ချက်ညီညီ ဖြစ်စေဖို့ ဆရာဝန်တွေအနေနဲ့ လူနာတွေကို ညွှန်ကြား ပေးသင့်ပါတယ်။
၄) လူနာကိုယ်တိုင် က အဲဒီ ရောဂါလက္ခဏာတွေကို နေ့စဉ် ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားနိုင်သလဲဆိုတာ သိလာအောင် ဆရာဝန်က ပံ့ပိုးကူညီပေးဖို့ လိုအပ်ပါတယ်။

နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးတွေကတော့ အခုလို လမ်းညွှန်ချက်တွေ ပေးခဲ့ပါတယ်။

၁) ကိုဗစ်အလွန် နာတာရှည် ရောဂါလက္ခဏာတွေဟာ ဆယ်ကျော်သက်တွေအကြားမှာ ပိုပြီး အဖြစ်များပါတယ်။
၂) လူနာတွေဟာ အနံ့ခံ အာရုံ ဒါမှမဟုတ် အရသာခံစားမှု အာရုံတွေ ကျဆင်းသွားတာကြောင့် နေ့စဉ်ဘဝမှာ နေထိုင်ရတာ စိတ်အလိုမကျ တာတွေကို ခံစားကြရပါတယ်။ ဆရာဝန်တွေရဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဟာ အရေးကြီးပါတယ်။
၃) အနံ့ခံအာရုံလေ့ကျင့်ခန်းကို ကုသမှုနည်းလမ်းတစ်ခု ဖြစ်တဲ့ အနံ့မျိုးစုံကို ရှူရှိုက်စေတာမျိုး ကိုညွှန်ကြားပြီး အနံ့ခံအာရုံကို ပိုမိုကောင်းမွန်လာစေဖို့ လေ့ကျင့်ခန်းတွေကို ဆရာဝန်တွေက လမ်းညွှန်ဖို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

413. ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပြီးတဲ့ အခါ ဖြစ်တတ်တဲ့ နောက်ဆက်တွဲ နာတာရှည် ဝေဒနာတွေက ဘာပါလဲ။ အပိုင်း (၁)

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပြီးတဲ့ အခါ ဖြစ်တတ်တဲ့ နောက်ဆက်တွဲ နာတာရှည် ဝေဒနာတွေနဲ့ ပတ်သက်ပြီး လေ့လာကြပါမယ်။
စိုင်းတာမ ခရိုင်နဲ့ စိုင်းတာမ ဆေးဘက်ဆိုင်ရာအဖွဲ့က ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာ ခံစားနေရသူပြင်ပလူနာ ၄၂၂ ဦးကို ခရိုင်အတွင်းက ဆေးရုံ ၇ ခု မှာ လေ့လာခဲ့ပါတယ်။
လေ့လာမှုအရ လူနာတွေရဲ့ ၂၅.၆ ရာခိုင်နှုန်းဟာ အနံ့ခံအာရုံဆိုင်ရာ ပြဿနာတွေရှိတာကို တွေ့ရှိခဲ့ရပြီး အဲဒီလူနာတွေရဲ့ ၁၆.၆ ရာခိုင်နှုန်းက အသက်ရှုကြပ်တာအပါအဝင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိနေတယ်လို့ ဆိုထားပါတယ်။ လူနာတွေရဲ့ ၁၅.၆ ရာခိုင်နှုန်းက ပင်ပန်းနွမ်းနယ်မှု ခံစားနေရတယ်လို့ ဖော်ပြထားပြီး ၁၄.၇ ရာခိုင်နှုန်းက ချောင်းဆိုး၊ သလိပ်ကပ်တာတွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။
အဲဒီနောက် ဆံပင်ကျွတ်တယ်လို့ ဆိုသူက ၉.၇ ရာခိုင်နှုန်း၊ ဖျားနာတာနဲ့ ခေါင်းကိုက်တာ ဒါမှမဟုတ် ဦးခေါင်းအနောက်ဘက်က နာနေ၊အောင့်နေတယ်လို့ ဆိုသူက ၉.၀ ရာခိုင်နှုန်း၊ လျှာက အရသာပုံမှန်ပြန်မခံစားရဘူးလို့ ဆိုသူက ၇.၁ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။
လေ့လာမှုအရ တချို့လူနာတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်တယ်လို့ သိရှိရပြီးတဲ့နောက် တစ်နှစ်လောက်ကြာနေတာတောင် နာတာရှည် ရောဂါလက္ခဏာတွေ ဆက်ပြီးခံစားနေရတာကိုလည်း တွေ့ရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

412. ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပေမဲ့ ဘာ့ကြောင့် လျင်လျင်မြန်မြန် မကျဆင်းသွားတာ ပါလဲ။ အပိုင်း (၅)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှုနှုန်း ကျဆင်းတာ နှေးကွေးနေပြီး အသစ်ကူးစက်မှုတွေလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ နောက်ထပ်ကူးစက်မှုတွေ ထပ် မြင့်မားလာပြီး သတ္တမလှိုင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေလည်း ကြား နေပါတယ်။ ကူးစက်မှု ဘာ့ကြောင့် မကျဆင်းသွားတာ ပါလဲ။ နောက်ထပ် ဖြစ်ပေါ်လာနိုင်တာတွေအတွက် ဘာတွေ ပြင်ဆင်ထားနိုင်မလဲ ? လေ့လာကြည့်ကြရအောင်။
ဂျပန်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင် Omi Shigeru က တစ်စိတ်တစ်ပိုင်း အရေးပေါ်အခြေအနေကြေညာ ထားတာကို ရုပ်သိမ်းပြီးတဲ့နောက်ပိုင်း ကူးစက်မှုအသစ် အရေအတွက် တိုးလာနိုင်တယ်လို့ မတ်လ ၁၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ရောဂါလက္ခဏာပြင်းထန်တဲ့ လူနာအရေ အတွက်ကို နည်းအောင် ထိန်းထားဖို့နဲ့ ဆေးဝါးကုသမှု စနစ်အပေါ် ဝန်မပိစေအောင် ရှောင်ကြဉ်ဖို့ဟာ အရေးအကြီးဆုံး လို့လည်း ပြောကြားခဲ့ပါတယ်။
ကာကွယ်ဆေးထိုးဖို့ လိုပေမဲ့လည်း ဒါတစ်ခုထဲနဲ့တင် မလုံလောက်ဘူးလို့ ဆိုပါတယ်။ ရောဂါကူးစက်မှု ကာကွယ် တားဆီးရေး အစီအမံတွေကို မလိုက်နာဘူးဆိုရင် ဥရောပနိုင်ငံတချို့မှာလို ကိုဗစ်ကြောင့် သေဆုံးတဲ့သူ အရေအတွက် တိုးလာမယ်လို့ မစ္စတာ Omi က ပြောပါတယ်။ သေးငယ်တဲ့ အရည်အစက်တွေက လေထဲမှာ ပျံ့နှံ့နေတာကနေ တစ်ဆင့် ကူးစက်မှုတွေ များလာနေတာကြောင့် မိမိကိုယ်တိုင်ရော တခြားသူတွေကိုပါ ရောဂါပိုးကနေ ကာကွယ်ဖို့အတွက် နှာခေါင်းစည်းတွေ ဆက်ပြီးဝတ်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။
ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဆိုင်ရာ နိုင်ငံတကာ တက္ကသိုလ်က ပါမောက္ခ Wada Koji က မိမိကိုယ်တိုင်အတွက်ရော၊ မိသားစုနဲ့ သူငယ်ချင်းတွေကိုပါ ကိုဗစ်ရောဂါ ကနေ ကာကွယ်ဖို့ အမြန်ဆုံး ကာကွယ်ဆေးထိုးကြဖို့ နဲ့ ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်ရင် ကူးစက်မှုတွေ ပိုများ လာနိုင်တာကြောင့် လူငယ်တွေပါ ကာကွယ်ဆေး ကို အပြည့်အဝ ၃ကြိမ် ထိုးနှံကြဖို့ တိုက်တွန်းနေပါတယ်။ တစ်စိတ်တစ်ပိုင်း အရေးပေါ်အခြေအနေဆိုင်ရာ အစီအမံတွေ ရုတ်သိမ်းလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူတွေကို ဘယ်လို နေစေချင်လဲ ဆိုတာနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဘယ်လို ဆက်လုပ်ဆောင်ရမလဲ ဆိုတာကို အစိုးရက ရှင်းရှင်းလင်းလင်း ကြိုပြောထားသင့်တယ် လို့လည်း သူက ပြောကြားခဲ့ပါတယ်။
Okinawa Chubu ဆေးရုံက မစ္စတာ Takayama Yoshihiro က ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေတုန်းက နွေဦးရာသီ ကျောင်းပိတ်ရက်တွေ အပြီးမှာ ကူးစက်မှုတွေ မြင့်တက်လာခဲ့တာကြောင့် ဒီနှစ် အဲဒီအချိန် မှာလဲ ရောဂါပိုးကူးစက်မှု သတ္တမလှိုင်း ဖြစ်လာနိုင်ခြေရှိတာကို ထည့်သွင်းစဉ်းစားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေမှာလည်း ရောဂါကူးစက်ခံရသူ တွေ့ရှိတာနဲ့ အစီအမံတွေကို ချက်ခြင်း မြန်မြန်ဆန်ဆန် လုပ်ဆောင်တာနဲ့ ကာကွယ်ဆေး တတိယအကြိမ် အားဖြည့်ထိုးနှံတာတွေကို အရှိန်မြှင့်လုပ်ဆောင်မယ်ဆိုရင် လူထုအတွင်းမှာ ကန့်သတ်ချက်တွေ ချမှတ်တာမျိုး မလုပ်ဆောင်ဘဲနဲ့ လည်း သတ္တမလှိုင်းကို ကျော်လွှားနိုင်မယ် မျှော်လင့်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

411. ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပေမဲ့ ဘာ့ကြောင့် လျင်လျင်မြန်မြန် မကျဆင်းသွားတာ ပါလဲ။ အပိုင်း (၄)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှုနှုန်း ကျဆင်းတာ နှေးကွေးနေပြီး အသစ်ကူးစက်မှုတွေလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ နောက်ထပ်ကူးစက်မှုတွေ ထပ် မြင့်မားလာပြီး သတ္တမလှိုင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေလည်း ကြား နေပါတယ်။
ဒီစတုတ္ထပိုင်းမှာတော့ Omicron ရဲ့ မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် BA.2 Omicron အမျိုးအစားဟာ အစားထိုး ကူးစက် ပြန့်ပွား လာနိုင်ခြေ ရှိသလားဆိုတာကို လေ့လာကြည့်ကြရအောင်။
ကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့မျိုးကွဲ BA.2 Omicron အမျိုးအစားဟာ အခုနောက်ဆုံး ဂျပန်မှာ ကူးစက်မှုတွေ ဖြစ်နေတဲ့ အကြား စိုးရိမ်စရာအချက်တစ်ခု လို့သိရပါတယ်။ မတ်လ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့ အစည်းအဝေးမှာ ဂျပန်နိုင်ငံတွင်း BA.2 Omicron ကူးစက်ပျံ့နှံ့ လာနိုင်တဲ့ ခန့်မှန်းချက်တွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။
ကျိုတိုတက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi က တိုကျိုမှာ ကူးစက်မှုတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေကို လေ့လာတွက်ချက်ခဲ့ပြီး BA.2 Omicron အမျိုးအစား ဗိုင်းရပ်စ်ရဲ့ ကူးစက်မှုဟာ မူရင်း Omicron ကူးစက်မှုအားလုံးရဲ့ ၈၂ ရာခိုင်နှုန်း ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာ ဌာန၊ ကြပ်မတ်ကုသခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ကူးစက်ရောဂါ ပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်း ဆိုင်ရာစင်တာရဲ့ အကြီးအကဲ မစ္စတာ Suzuki Motoi က ပုဂ္ဂလိကစမ်းသပ်စစ်ဆေးရေး အဖွဲ့အစည်း ၂ခုက စစ်ဆေးထားတဲ့ ရလဒ်နမူနာတွေကို သုံးသပ်လေ့လာကြည့်ပြီး ဂျပန်နိုင်ငံတစ်ဝန်း BA.2 ကူးစက်မှုဟာ ဧပြီလ ပထမပတ်မှာ ကူးစက်မှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်း ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ မေလ ပထမပတ်မှာတော့ ကူးစက်မှုအားလုံးရဲ့ ၉၇ ရာခိုင်နှုန်းဖြစ်လာမယ်လို့ တွက်ချက်ထားပါတယ်။
BA.2 Omicron ဟာ လတ်တလောမှာ အဓိကကူးစက်ပျံ့နှံ့နေတဲ့ BA.1 Omicron ရောဂါပိုးထက် ၂၀ ရာခိုင်နှုန်းလောက် ပိုမိုကူးစက်နိုင်စွမ်း ရှိတယ်လို့ ယူဆထားပါတယ်။ BA.2 ဟာ BA.1 နေရာမှာ စတင် အစားထိုးဝင်ရောက်လာမယ်ဆိုရင် လက်ရှိဆောင်ရွက်နေတဲ့ အစီအမံတွေနဲ့ ရောဂါပိုး ကူးစက်မှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

410. ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပေမဲ့ ကူးစက်မှုနှုန်း ကျဆင်းမှု နှေးကွေးနေတာ ဘာကြောင့်လဲ။ အပိုင်း (၃)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှုနှုန်း ကျဆင်းတာ နှေးကွေးနေပြီး အသစ်ကူးစက်မှုတွေလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ နောက်ထပ်ကူးစက်မှုတွေ ထပ် မြင့်မားလာပြီး သတ္တမလှိုင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေလည်း ကြား နေပါတယ်။ ကူးစက်မှု ဘာ့ကြောင့် လျင်လျင်မြန်မြန် မကျဆင်းသွားတာ ပါလဲ။ ဒီအခြေအနေကနေ ရှေ့ဆက် ဘာတွေ ဖြစ်ပေါ်လာနိုင်သလဲ။
ဒီတတိယပိုင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ သိသိသာသာ ကျဆင်းလာတာကို မမြင်ရဘဲ ပြန်မြင့်တက်လာနိုင်ခြေ ရှိသလားဆိုတာကို လေ့လာကြည့်ကြရအောင်။
Nagoya Institute က ပါမောက္ခ Hirata Akimasa ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ လူလုပ်အသိဉာဏ် AI ထဲကို လူတွေရဲ့ သွားလာလှုပ်ရှားမှု၊ ယခင်ရောဂါ ကူးစက်မှုလမ်းကြောင်း၊ ကာကွယ်ဆေးထိုးတာရဲ့ အကျိုးသက်ရောက်မှုစတဲ့ အချက်အလက် တွေကို ထည့်သွင်း မှတ်သားစေပြီး တိုကျိုမှာ ရှေ့ ဆက် ဘာဆက်ဖြစ်မလဲဆိုတာကို အစမ်းပုံဖေါ် တွက်ချက် ကြည့်ခဲ့ပါတယ်။
တွက်ချက်လို့ရတာ တစ်ခုကတော့ တစ်စိတ်တစ်ပိုင်း အရေးပေါ်အခြေအနေဆိုင်ရာ အစီအမံတွေ ရုတ်သိမ်းလိုက်ပြီး နောက်ပိုင်းမှာ လူတွေရဲ့ သွားလာလှုပ်ရှားမှုဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလက အဆင့်အတိုင်း ပြန်ဖြစ်လာမယ်လို့ မှတ်ယူ တွက်ချက်ထားပါတယ်။ တိုကျိုမှာ နေ့စဉ်ကူးစက်မှု အသစ် ပမာဏဟာ ဧပြီလအစောပိုင်းမှာ ၅,၄၀၀ လောက်အထိ ကျဆင်းသွားလိမ့်မယ်လို့ ခန့်မှန်းထားပြီး အဲဒီနောက် ကူးစက်မှု အနည်းငယ် ပြန်တက်လာမယ်လို့ ဆိုပါတယ်။ ဧပြီလအနှောင်းပိုင်းမှာ တစ်နေ့ကို ၅,၆၀၀ ကျော်လောက် ကူးစက်မှုရှိ လာမယ်လို့ က AI က ခန့်မှန်း တွက်ချက်ထားပါတယ်။
လူတွေရဲ့ သွားလာလှုပ်ရှားမှုဟာ အရင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း တိုးလာမယ်လို့ သတ်မှတ်ပြီး တွက်ချက်ကြည့်ရာမှာတော့ နေ့စဉ် ကူးစက်မှုအသစ် ပမာဏဟာ ဧပြီလဆန်းပိုင်းကနေ တဖြည်းဖြည်း တိုးလာပြီး ဧပြီလလယ်မှာ တစ်ရက်ကို ၇၇၀၀ ကျော်အထိ ကူးမယ်လို့ AI ကခန့်မှန်းထားပေးပါတယ်။
နှစ်သစ်ကူး အားလပ်ရက်တွေအတွင်းကလို လူတွေ သွားလာ လှုပ်ရှားမှု နဲ့ လူအစုအဝေးနဲ့ စားသောက်ကြတာတွေ တိုးလာမယ်လို့ သတ်မှတ်ပြီး AI နဲ့ တွက်ချက်ကြည့်ရာမှာတော့ တစ်နေ့တာ ကူးစက်မှုအသစ်ပမာဏဟာ မတ်လကုန်မှာ စတင်တိုးလာပြီး ဧပြီလလယ်မှာ တစ်ရက်ကို ၁၃,၀၀၀ ကျော် ကူးစက်မှုရှိလာမယ်လို့ အဖြေထွက်ပါတယ်။
ကာကွယ်ဆေး အားဖြည့်ထိုးနှံတာရဲ့ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ ရောဂါလက္ခဏာ ပြင်းထန်တဲ့ လူနာ အရေအတွက် သိသိသာသာ မတိုးလာနိုင်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ ကူးစက်မှုတွေ ပြန်မမြင့်တက်လာအောင် တားဆီးဖို့ တစ်စားပွဲတည်း အတူဝိုင်းဖွဲ့စားသောက်မှုကို ရှောင်ကြဉ်တာ၊ လူဦးရေကို ကန့်သတ်တာ စတဲ့ အစီအမံတွေကို လုပ်ဖို့ လိုအပ်တယ်လို့ သူတို့ကပြောပါတယ်။
လူတွေရဲ့ သွားလာလှုပ်ရှားမှုများတာနဲ့ လူအုပ်စုကြီးလိုက် ဝိုင်းဖွဲ့ စားသောက်ကြတာတွေ တိုးလာရင် ရောဂါပိုး ကူးစက်မှုတွေကို လျှော့ချဖို့ အခက်အခဲဖြစ်စေတယ်လို့ မစ္စတာ Hirata က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

409. ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပေမဲ့ ကူးစက်မှုနှုန်း ကျဆင်းမှု နှေးကွေးနေတာ ဘာကြောင့်လဲ။ အပိုင်း (၂)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှုနှုန်း ကျဆင်းတာ နှေးကွေးနေပြီး အသစ်ကူးစက်မှုတွေလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ နောက်ထပ်ကူးစက်မှုတွေ ထပ် မြင့်မားလာပြီး သတ္တမလှိုင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေလည်း ကြား နေပါတယ်။ ကူးစက်မှု ဘာ့ကြောင့် လျင်လျင်မြန်မြန် မကျဆင်းသွားတာ ပါလဲ။ ဒီအခြေအနေကနေ ရှေ့ဆက် ဘာတွေ ဖြစ်ပေါ်လာနိုင်သလဲ။
ဒီဒုတိယပိုင်းမှာတော့ ကလေးတွေအကြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေကို လေ့လာကြည့်ကြရအောင်။
ရောဂါကူးစက်မှု ဆဋ္ဌမလှိုင်းဟာ အမြင့်ဆုံးအဆင့်ကနေ ပြန်ကျလာနေပြီ ဖြစ်ပေမဲ့လည်း အသက် ၁၀ နှစ်အောက် ကလေးငယ်တွေ ကူးစက်ခံရတဲ့ ပမာဏဟာ မတ်လ ၁၅ ရက်အထိ သီတင်းတစ်ပတ်အတွင်းမှာ ၆၅၀၀၀ ကျော် ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လ ၃၁ ရက်အထိ ကူးစက်မှု ပဉ္စမလှိုင်းအတွင်းမှာ သီတင်းတစ်ပတ်အတွင်း ကူးစက်ခံရသူအသစ် ၁၀,၃၈၀ ဦး ရှိခဲ့တာထက် ကူးစက်မှုပမာဏက ပိုပြီး မြင့်မားလာခဲ့တာ တွေ့ရပါတယ်။
ရောဂါကူးစက်မှုအသစ်တွေအကြား ကလေးငယ်တွေရဲ့ ကူးစက်မှုနှုန်းလည်း မြင့်တက်လာခဲ့ပါတယ်။ ဇန်နဝါရီလ အစောပိုင်းမှာ ကလေးသူငယ်ကြား ကူးစက်မှုဟာ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့ပေမဲ့ မတ်လ ၁၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း ကူးစက်မှုနှုန်းဟာ ၂၁ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပါတယ်။ ဖေဖော်ဝါရီ လလယ်မှာ ရောဂါကူးစက်မှု အရေအတွက် စတင်ကျဆင်းလာခဲ့ပေမဲ့ ဒီပြင် အသက်အပိုင်းအခြားနဲ့ နှိုင်းယှဉ်ရင် ကလေးတွေကြား ကူးစက်မှုပမာဏဟာ အလွန်များပြားခဲ့ပါတယ်။
မူကြိုနဲ့ နေ့ကလေးထိန်းကျောင်းတွေလိုမျိုး ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး ဌာနတွေမှာ အစုလိုက်အပြုံလိုက် ကူးစက်မှုပမာဏဟာ မတ်လ ၁၄ ရက်ကနေ တစ်ပတ်တာအတွင်း ၂၂၉ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး အရင်သီတင်းပတ်ကထက် ၅၆ ဦး ပိုများခဲ့ပါတယ်။ ကျောင်းတွေမှာ အစုလိုက်အပြုံလိုက် ကူးစက်မှုဟာ အလားတူကာလမှာပဲ ၅၉ ဦးကနေ ၃၁၈ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
ကျောင်းတွေနဲ့ မူကြို၊ နေ့ကလေးထိန်းကျောင်းတွေလိုမျိုး ကလေးငယ်တွေ အတူစုဝေးရှိနေတဲ့နေရာတွေမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ Delta အမျိုးအစားထက် ပိုပြီး ကူးစက်ပျံ့နှံ့လွယ်တာ တွေ့ရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အဲဒီ အသက်အရွယ်အုပ်စု ကလေးတွေအကြား ကာကွယ်ဆေးထိုးတဲ့နှုန်းကလည်း တခြားအသက်အရွယ်အုပ်စု တွေထက် နည်းနေတယ်လို့လည်း သူတို့က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

408. ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပေမဲ့ ကူးစက်မှုနှုန်း ကျဆင်းမှု နှေးကွေးနေတာ ဘာကြောင့်လဲ။ အပိုင်း (၁)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှုနှုန်း ကျဆင်းတာ နှေးကွေးနေပြီး အသစ်ကူးစက်မှုတွေလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ နောက်ထပ်ကူးစက်မှုတွေ ထပ် မြင့်မားလာပြီး သတ္တမလှိုင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေလည်း ကြား နေပါတယ်။ ကူးစက်မှု ဘာ့ကြောင့် လျင်လျင်မြန်မြန် မကျဆင်းသွားတာပါလဲ။ ဒီအခြေအနေကနေ ဘာတွေနောက်ထပ်ဖြစ်ပေါ်လာနိုင်သလဲ။ လေ့လာကြည့်ကြရအောင်။
ရောဂါကူးစက်မှု နှေးကွေးနေတာရဲ့ နောက်ကွယ်က အဓိကအကြောင်းရင်းတွေကို ကျွမ်းကျင်သူတွေက အခုလို ထောက်ပြထားပါတယ်။ ပထမအချက်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တတိယအကြိမ် အားဖြည့်ထိုးနှံမှုတွေ နှောင့်နှေးနေ တာကြောင့် သက်ကြီးရွယ်အိုတွေ အကြား ကူးစက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေတာကြောင့်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ ဒီတစ်ခေါက် ကိုရိုနာဗိုင်းရပ်စ်ဟာ ကလေးတွေအကြား ကူးစက်ပျံ့နှံ့မှု အကြီးမားဆုံး ဖြစ်ပွားနေတာကြောင့်လို့ ပြောပါတယ်။
၂၀၂၁ခုနှစ် ဇူလိုင်လအနှောင်းပိုင်း ကူးစက်မှု ပဉ္စမလှိုင်းတုန်းက အခြေအနေကို ပြန်လေ့လာကြည့်မယ်ဆိုရင် ကူးစက်မှုတွေ မြင့်တက်နေချိန်မှာ အသက် ၆၅နဲ့အထက်ရှိသူတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးပြီ ဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်ဟာ လူငယ်တွေအကြား ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့ခဲ့ပေမဲ့ သက်ကြီးရွယ်အိုတွေကို ကူးစက်မှုမရှိခဲ့တာကို တွေ့ရပြီး ကူးစက်သူ အရေအတွက် အလျင်အမြန် ကျဆင်းသွားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလအစောပိုင်း ကူးစက်မှုတွေ မြင့်တက်လာချိန်မှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးထားပြီးအချိန် ကြာလာလို့ COVID-19 အပေါ် ကာကွယ်ဆေးရဲ့ ထိရောက်မှုကလည်း အားနည်းလာချိန် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအချိန်မှာတတိယအကြိမ် အားဖြည့် ကာကွယ်ဆေး ထိုးနှံပြီးခဲ့သူ အသက် ၆၅ နှစ်နဲ့ အထက်ရှိသူတွေကလည်း ဂျပန်နိုင်ငံက သက်ကြီး ရွယ်အို အားလုံး ရဲ့ ၁ ရာခိုင်နှုန်းအောက်မှာပဲ ရှိခဲ့ပါတယ်။
ကူးစက်မှုအရေအတွက် အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ အချိန်မှာတော့ ကာကွယ်ဆေးထိုးနှံပြီးတဲ့ သက်ကြီးရွယ်အိုတွေဟာ ၁၅ ရာခိုင်နှုန်း ရှိလာခဲ့ပါတယ်။ ဒီလို အနေအထားတွေအောက်မှာ ငယ်ရွယ်သူတွေအကြား ကူးစက်မှုတွေ ပြန့်လာခဲ့ပြီးနောက် အသက်အရွယ်ကြီးသူတွေ ဆီကို ကူးစက်ပျံ့နှံလာ တာတွေဖြစ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အသက်ကြီးသူတွေအကြား ကူးစက်ပြန့်ပွားနေဆဲ ဖြစ်ပါတယ်။ မတ်လ ၁၄ ရက်အထိ သီတင်းပတ် တစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွေမှာ အစုလိုက်အပြုံလိုက် ကူးစက်မှုပေါင်း ၃၄၁ ခုအထိ ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

407. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ မိမိမှာ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်ဖြစ်နေတယ်လို့ သံသယရှိတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ အပိုင်း (၈)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွား နေပါတယ်။ အခုအချိန်မှာ Hinoki လို့ခေါ်တဲ့ ထင်းရှူးပန်း ဝတ်မှုန်တွေလည်း ပျံ့လွင့်နေတာကြောင့် ရာသီပေါ် ရောဂါ တစ်မျိုး ဖြစ်တဲ့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါလည်း အဖြစ်များ နေကြပါတယ်။
ဒီအဋ္ဌမပိုင်းမှာတော့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်ဖြစ်နေတယ်လို့ သံသယရှိတယ်ဆိုရင် စောစောစီးစီး ဆရာဝန်နဲ့ ပြသဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ကို တင်ဆက်ပေးပါမယ်။
အရင်တုန်းက မဖြစ်ခဲ့ဘူးပေမဲ့ တကယ်လို့ အခုနှစ်မှာ ရုတ်တရက် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်လို့ ဖြစ်တာလို့ ထင်ရတဲ့ ရောဂါ လက္ခဏာတွေ ရှိလာတယ်ဆိုရင် သတိထားသင့်ပါတယ်။ ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်လို့ ဖြစ်တဲ့လက္ခဏာတွေ လို့ တစ်ထစ်ချ မယူဆသင့်ပါဘူး။
အာရဇ်ထင်းရှူးပင် ကပန်းတွေပွင့်လို့ ဝတ်မှုန်တွေဟာ ဂျပန်နိုင်ငံတစ်ဝန်းမှာ စပြီး ပျံ့နှံ့နေပြီလို့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနရဲ့ ပန်းဝတ်မှုန်ဆိုင်ရာ အင်တာနက်သတင်းစာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ဂျပန် မိုးလေဝသ အေဂျင်စီရဲ့ ပန်းဝတ်မှုန်ဆိုင်ရာ သတင်း ခန့်မှန်းချက်တွေမှာ တွေ့ရတာကတော့ ၊ ဂျပန်နိုင်ငံအရှေ့ပိုင်းက နေရာအများအပြားမှာ ပန်းဝတ်မှုန်ပျံ့လွင့်မှုတွေဟာ မနှစ်က အလားတူရာသီချိန်ထက် အနည်းငယ်ပို များတာ ဒါမဟုတ် အများအပြား လေထဲမှာ လွင့်နေတယ်လို့ ဆိုပါတယ်။
မိမိ အပြင်ထွက်တဲ့အခါမှာ မကြာခဏ နှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာတွေ ဖြစ်တယ်ဆိုရင် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်လို့လား ဒါမှမဟုတ် COVID-19 ရဲ့ လက္ခဏာတွေလား ဆိုတာ ခွဲခြားပြီး မပြောနိုင်တာကြောင့် မိမိ ပတ်ဝန်းကျင်ကသူတွေကို စိတ်ပူပန် စေနိုင်ပါတယ်။
ဒါကြောင့် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်လို့ ဖြစ်တဲ့ ရောဂါလက္ခဏာတွေ ရှိတယ်ဆိုရင် အမြန်ဆုံး ဆေးကုသမှု ခံယူသင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

406. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ ဝေခွဲမရ ဖြစ်နေတဲ့အခါ ဘာလုပ်သင့်သလဲ။ အပိုင်း (၇)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန် တွေ ပျံ့လွင့်နေတာကြောင့် ရာသီပေါ် ရောဂါတစ်မျိုး ဖြစ်တဲ့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါလည်း အဖြစ်များနေကြပါတယ်။
ဒီသတ္တမပိုင်းမှာတော့ မိမိမှာ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေဟာ COVID-19 ကြောင့်ဖြစ်တာလား ဒါမှမဟုတ် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်လို့ ဖြစ်တာလားဆိုတာကို ဝေခွဲမရ ဖြစ်နေတဲ့အခါ ဘာလုပ်သင့်သလဲဆိုတာ လေ့လာပါမယ်။
Japan Society of Otorhinolaryngology-Head and Neck Surgery လို့ခေါ်တဲ့ ဦးခေါင်းပိုင်းနဲ့ နား−နှာခေါင်း−လည်ချောင်း ခွဲစိတ်အထူးကု ဂျပန်နိုင်ငံပိုင် အဖွဲ့အစည်းမှာ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကို ဦးဆောင်နေသူ ဒေါက်တာ Kimura Yurika က ဒီလို ပြောပြပေးထားပါတယ်။
မိမိမှာ ကိုယ်အပူချိန်တက်လာတာလိုမျိုး ထူးခြားတဲ့ ရောဂါလက္ခဏာတွေ မရှိရင်၊ မိမိနဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ COVID-19 ကူးစက်ခံထားရသူ မရှိဘူးဆိုရင် ပုံမှန်အတိုင်း ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ရောဂါ ဝေဒနာ ဖြစ်နေတာလို့ ဆရာဝန်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တကယ်လို့ အရင်ကတည်းကပန်းဝတ်မှုန် ဓာတ်မတည့်တဲ့ လက္ခဏာတွေအတိုင်း နှာချေတာ၊ နှာရည်ယိုတာ လိုမျိုးခံစားရတာအပြင် ကိုယ်အပူချိန်တက်တာ၊ လည်ချောင်းနာတာ ဒါမှမဟုတ် ခေါင်းကိုက်တာ စတဲ့ လက္ခဏာတွေပါ ဖြစ်လာတယ် ဆိုရင်တော့ ဆေးခန်းကို သွားမပြခင် မိမိအတွက်ရော၊ မိမိ ပတ်ဝန်းကျင်မှာ မကူးအောင် အတွက်ပါ ရောဂါဖြစ်စဉ် နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆေးခန်း၊ဆေးရုံကို ကြိုတင် အကြောင်းကြားသင့်တယ်လို့ ဒေါက်တာ Kimura Yurika က ပြောပါတယ်။
ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့် ဖြစ်တတ်သူတွေ ကို အခုလို အချိန်အခါ မှာ စောစီးစွာ ဆေးကုသမှု ခံယူစေချင်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

405. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ နှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာ စဖြစ်လာရင် ဘာလုပ်သင့်သလဲ ။ အပိုင်း (၆)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန် တွေ ပျံ့လွင့်နေတာကြောင့် ရာသီပေါ် ရောဂါတစ်မျိုး ဖြစ်တဲ့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါလည်း အဖြစ်များနေကြပါတယ်။
ဒီဆဋ္ဌမပိုင်းမှာတော့ နှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာ စဖြစ်လာရင် ဘာလုပ်သင့်သလဲ ဆိုတာကို လေ့လာရပါမယ်။
Japan Society of Otorhinolaryngology-Head and Neck Surgery လို့ခေါ်တဲ့ ဦးခေါင်းပိုင်းနဲ့ နား−နှာခေါင်း−လည်ချောင်း ခွဲစိတ်အထူးကု ဂျပန်နိုင်ငံပိုင် အဖွဲ့အစည်းက ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်ဖြစ်တတ်သူတွေကို ပုံမှန်ဆရာဝန် ပြတာထက် ကြိုတင်ပြီး ဆရာဝန်နဲ့ ပြသကြဖို့ တိုက်တွန်းထားပါတယ်။
ရောဂါကို စောစီးစွာ ကြိုတင် ကုသမှုခံယူတာဟာ ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်မှု လက္ခဏာဖြစ်နေရင်လည်း ဝေဒနာကို လျှော့ချနိုင်ပါမယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ရောဂါလက္ခဏာတွေ မဖြစ်ပေါ်လာခင် ဒါမှမဟုတ် ရောဂါလက္ခဏာ အနည်းငယ်ပဲ ပြတဲ့အချိန်မှာ ကြိုတင်ကုသမှု ခံယူတာဟာ နောက်ပိုင်းမှာ ရောဂါလက္ခဏာ ပြင်းထန်လာမှာကိုလည်း ကြိုတင် ကာကွယ်ပေးနိုင်တဲ့ အကြောင်း လေ့လာမှုတွေမှာ ပြသနေပါတယ်။

ဂျပန်မှာ ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်တာကို ကုသတဲ့ ဆေးဝါးအများအပြား ရှိပါတယ်။ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ဝေဒနာ ဖြစ်တယ်ဆိုရင် နား-နှာခေါင်း-လည်ချောင်း ဆရာဝန်ဆီမှာ သွားရောက်ပြသပါ။ ဒါမှသာ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေနဲ့ ကိုက်ညီမယ့် ဆေးဝါးကိုရမှာ ဖြစ်ပြီး သင့်တော်တဲ့ဆေးကုသမှုကို ခံယူနိုင်မှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အဲဒီလို ကုသမှုခံယူလိုက်ပြီးတဲ့နောက် ပန်းဝတ်မှုန်ကြောင့် ဓာတ်မတည့်ဖြစ်တဲ့ လက္ခဏာတွေ သက်သာသွားပေမဲ့ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ ဒါမှမဟုတ် အလွန်အမင်း ပင်ပန်းနွမ်းနယ်ပြီး နုံးနေတာ စတဲ့ လက္ခဏာတွေ ဆက်ဖြစ်လာ မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသလားဆိုတာ သတိထား ကြည့်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်မှုအတွက် ဆေးကုသမှု ခံယူပြီးနောက်မှာလည်း အဲဒီရောဂါလက္ခဏာတွေ သက်သာ မလာဘူးဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သိထားရမှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

404. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို မသိတာကြောင့် တခြားသူတွေကို ဗိုင်းရပ်စ် ဘယ်လိုကူးစက်ပြန့်ပွားစေနိုင်လဲ။ အပိုင်း (၅)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန် တွေ ပျံ့လွင့်နေတာကြောင့် ရာသီပေါ် ရောဂါတစ်မျိုး ဖြစ်တဲ့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါလည်း အဖြစ်များနေကြပါတယ်။
ဒီပဉ္စမပိုင်းမှာတော့ လူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို မသိတာကြောင့် တခြားသူတွေကို ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားစေနိုင်တဲ့ အန္တရာယ်ရှိတာနဲ့ ပတ်သက်ပြီး လေ့လာရပါမယ်။

Japan Society of Otorhinolaryngology-Head and Neck Surgery လို့ခေါ်တဲ့ ဦးခေါင်းပိုင်းနဲ့ နား−နှာခေါင်း−လည်ချောင်း ခွဲစိတ်အထူးကု ဂျပန်နိုင်ငံပိုင် အဖွဲ့အစည်းက Omicron အမျိုးအစား မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေတဲ့အတွင်းမှာ ပန်းဝတ်မှုန် နဲ့ ဓာတ်မတည့်လို့ ဖြစ်တဲ့ ရာသီပေါ် ပန်းဝတ်မှုန် ဓာတ်မတည့်မှု ရောဂါတွေဖြစ်လာတဲ့အခါမှာ တွေ့ရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး စာရင်းပြုစုထားတာကို ထုတ်ပြန်ခဲ့ပါတယ်။
လူတွေက သူတို့ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရလို့ ဖြစ်နေတယ် ဆိုတာကို မသိဘဲ ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်လို့ ဖြစ်တယ်လို့ထင်ပြီး ဗိုင်းရပ်စ် ကူးစက်မှု ကြိုတင်ကာကွယ်ရေး အတွက် လုပ်ရမယ့်အစီအမံတွေကို မလုပ်မိကြတာကြောင့် တခြားလူတွေကိုပါ ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့ သွားနိုင်ခြေ ရှိတယ်လို့ အကြံပြုချက်ထဲမှာ ဆိုထားပါတယ်။
ပန်းဝတ်မှုန်ဓာတ်မတည့်သူတွေမှာ Omicron အမျိုးအစား ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ခံရရင် အထူးသဖြင့် သူတို့ နှာချေတဲ့အခါမှာ သတိထားသင့်ပါတယ်။
နှာချေတာဟာ ချောင်းဆိုးတာထက် တံတွေးအရည်အစက် ၁၀ ဆ ပိုထွက်စေလို့ ရောဂါပိုးကို ပျံ့နှံ့စေတယ်လို့ အဲဒီ အဖွဲ့အစည်းက ပြောပါတယ်။
ပန်းဝတ်မှုန်ဓာတ်မတည့်တာကို မကုသဘူးဆိုရင် Covid 19 ပိုး ပျံ့နှံ့ကူးစက်နိုင်ခြေ ပိုများတယ်လို့ အဲဒီအဖွဲ့အစည်းက သတိပေးထားပါတယ်။ လူတွေဟာ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာကြောင့် ယားယံတဲ့ဝေဒနာ ဖြစ်တဲ့အခါ ဒါမှမဟုတ် နှာရည်ကျတဲ့အခါမှာ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ လက်နဲ့ သူတို့ရဲ့ မျက်လုံးကို ပွတ်မိတာ ဒါမှမဟုတ် နှာခေါင်းကို လက်နဲ့ သုတ်မိတာတွေကြောင့် ရောဂါပိုးကူးစက်နိုင်သလို နှာခေါင်းကထွက်တဲ့ အရည်အစက် အကျိအချွဲတွေကနေ တစ်ဆင့်လည်း ရောဂါပိုး ကူးစက်လာနိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

403. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ ဘာရောဂါ ဖြစ်နေတာလည်းဆိုတာ ဝေခွဲမရခြင်းကြောင့် ဖြစ်တဲ့ စိုးရိမ်ပူပန်မှုအပေါ် ဘယ်လို အကြံပြုချက်တွေ ရှိသလဲ။ အပိုင်း (၄)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန် တွေ ပျံ့လွင့်နေတာကြောင့် ရာသီပေါ် ရောဂါတစ်မျိုး ဖြစ်တဲ့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါလည်း အဖြစ်များနေကြပါတယ်။
ဒီစတုတ္ထပိုင်းမှာတော့ ရောဂါဝေဒနာဖြစ်လာရင် ဘာရောဂါ ဖြစ်နေတာလည်းဆိုတာ ဝေခွဲမရခြင်းကြောင့် ဖြစ်တဲ့ စိုးရိမ်ပူပန်မှုနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကို ပြောပြပါမယ်။
Japan Society of Otorhinolaryngology-Head and Neck Surgery လို့ခေါ်တဲ့ ဂျပန်နိုင်ငံ့ ဦးခေါင်းပိုင်းနဲ့ နား−နှာခေါင်း−လည်ချောင်း ခွဲစိတ်အထူးကု အဖွဲ့အစည်းက Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဖြစ်ပွားနေတဲ့အတွင်းမှာ ပန်းဝတ်မှုန် နဲ့ ဓာတ်မတည့်မှုဖြစ်တဲ့ ရာသီပေါ် ရောဂါတွေဖြစ်လာတဲ့အတွက် ကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး စာရင်းပြုစုထားတာကို အကြံပြုချက် ထုတ်ပြန်ခဲ့ပါတယ်။
ပထမအချက် အနေနဲ့ လေထဲကပန်းဝတ်မှုန်တွေနဲ့ ထိပြီး ဓာတ်မတည့်လို့ ဖြစ်နေတာလား ဒါမှမဟုတ် COVID-19 ဖြစ်နေတာလားဆိုတာ ဝေခွဲမရတာကြောင့် လူတွေ စိုးရိမ်ပူပန်မှုတွေ ခံစားနေရတယ်လို့ အဲဒီအဖွဲ့က ထောက်ပြခဲ့ပါတယ်။ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်မှု ဖြစ်တတ်သူတွေဟာ ဒီအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရ ရင်လည်း သိဖို့ ခက်ခဲလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
လူနာရဲ့ ရောဂါလက္ခဏာဟာ ပန်းဝတ်မှုန်ဓာတ်မတည့်မှုကြောင့် ဖြစ်တာလား ဒါမှမဟုတ် Omicron အမျိုးအစား ကူးစက်ခံရလို့ ဖြစ်တာလား ဆိုတာ ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ဦးတောင် ဝေခွဲဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် လူနာအနေနဲ့ မိမိမှာ ဒီရောဂါလက္ခဏာတွေ ဘာကြောင့်ခံစားနေရမှန်း မသိနိုင်တာ အံ့သြစရာကိစ္စတော့ မဟုတ်ပါဘူး။
ပန်းဝတ်မှုန် ဓာတ်မတည့်မှုကြောင့် နှာချေတာ၊ နှာရည်ယိုတာတွေ ဖြစ်တဲ့အခါ ကျောင်းသွား၊ အလုပ်သွား လုပ်လို့ရပေမဲ့ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ အလားတူ ဝေဒနာဖြစ်တယ်လို့ သံသယရှိမယ်ဆိုရင် အိမ်မှာပဲနေ သီးခြားခွဲနေပြီး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဘာရောဂါ ဖြစ်နေမှန်း မသိလို့ ဘာလုပ်ရမှန်း ဝေခွဲမရနိုင်ဘဲ လူတွေ စိတ်ပူပန်တာ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

402. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ နှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာတွေ ဖြစ်လာရင် ဘာတွေကို သတိပြုသင့်ပြီး ကြိုတင်ပြင်ဆင်သင့်သလဲ။ အပိုင်း (၃)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန်တွေ ပျံ့လွင့်နေတာကြောင့် ရာသီပေါ် ရောဂါ တစ်မျိုး ဖြစ်တဲ့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါလည်း အဖြစ်များနေကြပါတယ်။
တတိယပိုင်းမှာတော့ နား−နှာခေါင်း−လည်ချောင်း ဆရာဝန်များ အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်တဲ့ အကြံပြုချက် တစ်ခုကို လေ့လာကြည့်ကြရအောင်။
Japan Society of Immunology and Allergology in Otolaryngology ဂျပန်နိုင်ငံ နား-နှာခေါင်း-လည်ချောင်းဆိုင်ရာ ကိုယ်ခံစွမ်းအားနဲ့ ဓာတ်မတည့်မှု ရောဂါဗေဒ အဖွဲ့အစည်းထဲက အဖွဲ့တစ်ဖွဲ့က ၂၀၁၉ ခုနှစ်မှာ နိုင်ငံတစ်ဝန်းလုံး စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဖြေဆိုသူတွေရဲ့ ၄၂.၅ ရာခိုင်နှုန်းက ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ရောဂါမျိုး ရှိတယ်လို့ ဖြေဆိုပြီး ၃၈.၈ ရာခိုင်နှုန်းကတော့ ထင်းရှူးပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိတယ်လို့ ဆိုပါတယ်။ ရလဒ်တွေအရ ဂျပန်နိုင်ငံမှာ လူ ၃ဦးမှာ လူတစ်ဦးထက်ပိုပြီး ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်တဲ့ရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။ ဒီလောက် လူတွေအများကြီး နှာချေတာနဲ့ နှာရည်ယိုတာလိုမျိုး ရောဂါလက္ခဏာတွေ ဖြစ်ပေါ်တဲ့အခါ COVID-19 ရှိမရှိ စမ်းသပ်ကြည့်ဖို့ မလွယ်ကူတော့ပါဘူး။
အဲဒါကြောင့် ဒီရောဂါကို ခန့်မှန်းတွက်ဆနိုင်အောင် Japan နား−နှာခေါင်း−လည်ချောင်း ဆေးပညာရှင်အဖွဲ့က ပန်းဝတ်မှုန်ဓာတ်မတည့်မှုဖြစ်တဲ့ ရာသီမတိုင်ခင် ဇန်နဝါရီ ၂၅ ရက်နေ့မှာ သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ အကြံပေးချက်တစ်ခု တင်ခဲ့ပါတယ်။
ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်သူတွေမှာ ဖြစ်လေ့ရှိတဲ့ နှာရည်ယိုတာ၊ နှာချေတာ၊ နှာခေါင်းပိတ်တာ၊ အနံ့ပျောက်တာနဲ့ မောပန်းနွမ်းနယ်ပြီး နုံးနေတာ စတဲ့ ရောဂါလက္ခဏာတွေဟာ အထူးသဖြင့် Omicron အမျိုးအစား COVID-19 ကူးစက်ခံရသူတွေမှာလည်း အဖြစ်များတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဒါကြောင့် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိသူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိမရှိ သိဖို့ ခက်ခဲစေတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

401. နှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာ တွေဖြစ်လာရင် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ အပိုင်း (၂)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ နောက်ရာသီပေါ်ရောဂါ တစ်မျိုးက Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန်တွေ ပျံ့လွှင့်နေတာကြောင့် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာဖြစ်တတ် ကြတာပဲ ဖြစ်ပါတယ်။ လေထဲကပန်းဝတ်မှုန်တွေနဲ့ ထိပြီးနှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာတွေ ဖြစ်တဲ့အခါ ဒါဟာ ပန်းဝတ်မှုန်ဓာတ်မတည့်လို့ ဖြစ်နေတာလား ဒါမှမဟုတ် COVID-19 ဖြစ်နေတာလားဆိုတာ တွေးစရာတွေ ဖြစ်လာပါတယ်။
အဲဒီလို လက္ခဏာတွေ ဘယ်အကြောင်းရင်းကြောင့် ဖြစ်လာသလဲဆိုတာ ဝေခွဲနိုင်အောင် လုပ်ဆောင်ရမယ့် အချက်တွေကို လေ့လာပါမယ်။ အဲဒီလို လက္ခဏာတွေဖြစ်တဲ့ လူနာတွေကို စစ်ဆေးကြည့်ရှုပေးနေတဲ့ ဆရာဝန်တစ်ဦးနဲ့ မေးမြန်းတာတွေကို သိရပါမယ်။

Japan Society of Otorhinolaryngology-Head and Neck Surgery ဂျပန်နိုင်ငံ့ ဦးခေါင်းပိုင်းနဲ့ နားနှာခေါင်းလည်ချောင်း ခွဲစိတ်အထူးကု အဖွဲ့အစည်းကို ဦးဆောင်တဲ့ ဒေါက်တာ Kimura Yurika က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေတောင် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်လို့ ဖြစ်တာလား Omicron အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါလက္ခဏာလားဆိုတာကို ခွဲခြားဖို့ ခက်ခဲတယ်လို့ ပြောကြားခဲ့ပါတယ်။ တစ်ခါက ဆေးခန်းကို နှာချေတာနဲ့ နှာရည်ယိုတာတွေဖြစ်လို့ လာပြတဲ့ လူနာတစ်ဦးကို ပန်းဝတ်မှုန်ဓာတ်မတည့်ရင် ပေးတဲ့ဆေးနဲ့ ပုံမှန်ကုသပေးခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ရက်အကြာမှာ အဲဒီလူနာဟာ လည်ချောင်းနာလာပြီး ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဒေါက်တာ Kimura က ပြောပြပါတယ်။
ဒီလူနာရဲ့ ဖြစ်ရပ်ကြောင့် ကိုဗစ်ရောဂါအစောပိုင်းအဆင့်မှာ ဖြစ်တဲ့ လက္ခဏာတွေနဲ့ ခွဲခြားပြီး သိဖို့ ခက်ခဲတယ်ဆိုတာ သူ သိလာရတယ်လို့ ဆိုပါတယ်။ ပန်းဝတ်မှုန်ဓာတ်မတည့်မှုဖြစ်လာရင် နှာခေါင်းကထွက်တဲ့ အကျိအချွဲတွေက ဖြူလာတဲ့ လက္ခဏာ ပြသတယ်လို့ ဆေးပညာအရဆိုပေမဲ့ ဓာတ်မတည့်တဲ့ ရောဂါလက္ခဏာ အစောပိုင်းအဆင့်မှာ အဲဒီလို လက္ခဏာမပြတဲ့ ဖြစ်ရပ်တွေ အများကြီးရှိနေတယ်လို့ ဒေါက်တာ Kimura က ဆိုပါတယ်။ လူနာကို ကိုဗစ်စစ်မကြည့်ဘဲနဲ့ ပန်းဝတ်မှုန်ဓာတ်မတည့်မှု ဖြစ်တာလား၊ COVID-19 ကူးစက်ခံရတာလားဆိုတာ ခွဲခြားဖို့ ဆရာဝန်တွေအတွက်တောင် ခက်ခဲတယ်လို့ ဒေါက်တာ Kimura က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

400. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ နှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာ တွေဖြစ်လာရင် ဘာတွေကို သတိပြုသင့်ပြီး ကြိုတင်ပြင်ဆင်သင့်သလဲ။ အပိုင်း (၁)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ နောက်ရာသီပေါ်ရောဂါ တစ်မျိုးက Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန်တွေ ပျံ့လွှင့်နေတာကြောင့် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာဖြစ်တတ် ကြတာပဲ ဖြစ်ပါတယ်။ လေထဲကပန်းဝတ်မှုန်တွေနဲ့ ထိပြီးနှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာ တွေ ဖြစ်တဲ့အခါ ဒါဟာ ပန်းဝတ်မှုန်ဓာတ်မတည့်လို့ ဖြစ်နေတာလား ဒါမှမဟုတ် COVID-19 ဖြစ်နေတာလားဆိုတာ တွေးစရာတွေ ဖြစ်လာပါတယ်။
အဲဒီလို လက္ခဏာတွေ ဘယ်အကြောင်းရင်းကြောင့် ဖြစ်လာသလဲဆိုတာ ဝေခွဲရအောင် လုပ်ဆောင်ရမယ့် အချက်တွေကို လေ့လာပါမယ်။ ပထမပိုင်းမှာတော့ ဘာတွေကို သတိပြုသင့်ပြီး ကြိုတင်ပြင်ဆင်သင့်သလဲ ဆိုတာကို လေ့လာကြရအောင်။

ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်းရဲ့ အဓိကလက္ခဏာတွေက နှာချေတာ၊ နှာရည်ယိုတာ၊ နှာခေါင်းပိတ်တာ၊ မျက်လုံးယားယံတာ၊ ပင်ပန်းနွမ်းနယ်ပြီး နုံးနေတာ၊ ကိုယ်အပူချိန်မြင့်တာ၊ လည်ချောင်းနာတာ၊ လည်ချောင်းယားယံတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာနဲ့ နားရွက်ယားယံတာတွေ ဖြစ်တယ်လို့ နား၊နှာခေါင်းနဲ့ လည်ချောင်းဆရာဝန်တွေက ဆိုပါတယ်။
ဒီအတောအတွင်း ဂျပန်နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာ ဌာနက Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေမှာ အဖျားရှိသူက ၆၆.၆ ရာခိုင်နှုန်း ၊ ချောင်းဆိုးသူ ၄၁.၆ ရာခိုင်နှုန်း၊ ပင်ပန်းနွမ်းနယ်ပြီး နုံးနေသူ ၂၂.၅ ရာခိုင်နှုန်းနဲ့ ခေါင်းကိုက်သူ ၂၁ .၁ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။ ၁၂.၉ ရာခိုင်နှုန်းကတော့ ချောင်းဆိုးတာအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ပါပြသပြီး၊ ၂.၇ ရာခိုင်နှုန်းကတော့ မအီမသာဖြစ်တာ ဒါမှမဟုတ် ပျို့အန်တာ၊ ၂.၃ ရာခိုင်နှုန်းက ဝမ်းလျှောတာနဲ့ ၀.၈ ရာခိုင်နှုန်းက အနံ့ ဒါမှမဟုတ် လျှာက အရသာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာ ဌာနရဲ့ နောက်ထပ် စစ်တမ်းတစ်ခုမှာတော့ လူနာတွေရဲ့ ၄၅.၁ ရာခိုင်နှုန်းက ချောင်းဆိုးခြင်း၊ ၃၂.၈ ရာခိုင်နှုန်းက ကိုယ်အပူချိန် မြင့်ခြင်း၊ ၃၂.၈ ရာခိုင်နှုန်းက လည်ချောင်းနာခြင်း၊ ၂၀.၅ ရာခိုင်နှုန်းမှာ နှာရည်ယိုခြင်း၊ ၁.၆ ရာခိုင်နှုန်းက အနံ့ပျောက်ခြင်းနဲ့ လျှာက အရသာမရတာကို ၀.၈ ရာခိုင်နှုန်းက ခံစားရတယ်လို့ သိရပါတယ်။
ဗြိတိန် သုတေသီအဖွဲ့တစ်ဖွဲ့ရဲ့ စစ်တမ်းတစ်ခုမှာတော့ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့လူနာတွေရဲ့ ၆၀ ရာခိုင်နှုန်းမှာ နှာချေတဲ့ ဝေဒနာ ဖြစ်ပေါ်တယ်လို့ ဖော်ပြထားပါတယ်။
လူတစ်ဦးနဲ့ တစ်ဦးမှာ ဖြစ်ပေါ်တဲ့ ရောဂါလက္ခဏာတွေ ကွဲပြားပေမဲ့လည်း ပန်းဝတ်မှုန်ဓာတ်မတည့်သူတွေနဲ့ Omicron အမျိုးအစား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေမှာ နှာချေတာနဲ့ နှာရည်ယိုတာမျိုး အဓိက ဖြစ်ကြတာကြောင့် တူညီတဲ့ လက္ခဏာတွေ ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

399. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေအတွက် ကိုဗစ် ကာကွယ်ဆေးထိုးခြင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်ရဲ့ သဘောထားအမြင်။

အဖြေ− ဂျပန်နိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေကို COVID ကာကွယ်ဆေး ထိုးပေးနေပြီ ဖြစ်ပါတယ်။ Kitasato တက္ကသိုလ်က ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ကလေးအထူးကု ပါမောက္ခ Nakayama Tetsuo က ကလေးတွေကို ကိုဗစ် ကာကွယ်ဆေးထိုးပေးတာရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအပြင် ကလေးကို ရောဂါကူးစက်ခံရတဲ့အခါ ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာကိုပါ နားလည်ထားသင့်တယ်လို့ ပြောပါတယ်။
ပါမောက္ခ Nakayama က ထည့်သွင်းစဉ်းစားရမယ့် အချက်အလက် များစွာကို ကိုးကားပြီး ထောက်ပြပြောဆိုခဲ့ပါတယ်။ ကလေးငယ်တွေ ရောဂါပိုး ကူးစက်ခံရပြီး ရောဂါလက္ခဏာအနည်းငယ်ပဲ ဖြစ်ရင်တောင် အိမ်ထဲမှာပဲ ကြာကြာ နေထိုင်ရမှာ ဖြစ်တဲ့အတွက် ကလေးရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာမှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
ပါမောက္ခ Nakayama က ကာကွယ်ဆေးတွေဟာ ရောဂါပိုးကူးစက်မှုကို အပြည့်အဝ မကာကွယ်နိုင်ပေမဲ့ ရောဂါလက္ခဏာတွေကို ထိန်းထားပေးနိုင်ပုံရတယ်လို့ ပြောပါတယ်။
ကာကွယ်ဆေးထိုးထားရင် ကလေးတွေကတစ်ဆင့် သူတို့နဲ့အတူ နေထိုင်တဲ့ မိဘ ဒါမှမဟုတ် အဘိုးအဘွားတွေကို မကူးစက်အောင် လည်း တားဆီး ကာကွယ်ပေးနိုင်တယ်လို့ သူက ပြောပါတယ်။
နဂို ရောဂါအခံရှိတဲ့ ကလေးတွေကိုတော့ ဗိုင်းရပ်စ် ကူးစက်ခံရရင် ရောဂါလက္ခဏာ ပြင်းထန်လာနိုင်တဲ့အတွက် ကာကွယ်ဆေး ထိုးပေးသင့်တယ်လို့ ပါမောက္ခ Nakayama ကအလေးပေး အကြံပြုထားပါတယ်။
ဒါပေမဲ့ ကလေးတိုင်းကို ကာကွယ်ဆေး ထိုးသင့်ကြောင်း အကြံပြုဖို့နဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
ကလေးတွေအကြား ကူးစက်မှုတွေ များလာပေမဲ့လည်း အများစုက အပြင်းအထန် ဖျားနာတာမျိုး မဟုတ်တဲ့အတွက် ကာကွယ်ဆေးထိုးဖို့ မလိုအပ်ဘူးလို့ လူတွေက ထင်ကောင်းထင်နိုင်ပေမဲ့ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်လာ မလာ ဆိုတာ ကိုတော့ ကြိုတင် မသိနိုင်ဘူးလို့ ပါမောက္ခ Nakayama က ပြောပါတယ်။
ကာကွယ်ဆေးကို အတင်းအကြပ် ထိုးခိုင်းတာမျိုး မလုပ်သင့်ဘဲ လူတိုင်း ဆေးပညာအရ ကိုယ်ကိုယ်တိုင် သိနားလည်အောင် လုပ်ပြီး ဆုံးဖြတ်တတ်ဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။ ပြည်သူတွေအနေနဲ့ တိကျမှန်ကန်တဲ့ သတင်း အချက်အလက်တွေ ရယူဖို့နဲ့ သိပ္ပံနည်းကျရှုထောင့်ကနေ ကြည့်ပြီး မိမိတို့ဘာသာ ဆုံးဖြတ်ချက်ချပြီး လုပ်ကြစေချင်ကြောင်း ပါမောက္ခ Nakayama က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

398. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေအတွက် ကိုဗစ် ကာကွယ်ဆေးထိုးခြင်းနဲ့ ပတ်သက်ပြီး မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတွေမှာ ဘယ်လိုသဘောထားမျိုးရှိသလဲ။

အဖြေ− ဂျပန်နိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေကို COVID ကာကွယ်ဆေး ထိုးပေးနေပြီ ဖြစ်ပါတယ်။ တိုကျိုမြို့ Koto မြို့နယ်မှာ နေထိုင်သူတွေထဲက အသက် ၅ နှစ်ကနေ ၁၁ နှစ်အရွယ် ကလေးငယ်တွေရဲ့ အိမ်ကို LINE အက်ပလီကေးရှင်း နဲ့ အွန်လိုင်းကနေတစ်ဆင့် ဆက်သွယ်ပြီး စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ ၁၃ ရက်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီ စစ်တမ်းကို လူ ၂,၀၀၀ ကျော်က တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
စစ်တမ်းမှာ မိမိရဲ့ရင်သွေးတွေကို ကာကွယ်ဆေးထိုးစေချင်သလားလို့ မေးမြန်းခဲ့ရာမှာ ဖြေဆိုသူတွေရဲ့ ၃၁.၃ ရာခိုင်နှုန်းက “ဟုတ်ကဲ့ အမြန်ဆုံးထိုးပေးချင်ပါတယ်” လို့ ဖြေကြပြီး ၄၈.၇ ရာခိုင်နှုန်းက “ခဏစောင့်ကြည့်ပြီး ပြဿနာမရှိဘူးဆိုရင် ထိုးပေးမယ်” လို့ ဖြေခဲ့ပါတယ်။ တုံ့ပြန်ဖြေကြားသူတွေရဲ့ ၂၀ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ ရင်သွေးတွေကို “ကာကွယ်ဆေးမထိုးစေချင်ဘူး” လို့ ဖြေခဲ့ကြပါတယ်။
ကလေးတွေ ကာကွယ်ဆေးထိုးတဲ့အပေါ် စိုးရိမ်မှု ရှိမရှိ မေးမြန်းရာမှာတော့ ဖြေဆိုသူတွေရဲ့ ၃၉.၆ ရာခိုင်နှုန်းက “အလွန်စိုးရိမ်တယ်”လို့ ဖြေခဲ့ကြပြီး ၄၉.၇ ရာခိုင်နှုန်းကတော့ “အနည်းငယ် စိုးရိမ်ပူပန်တယ်” လို့ ပြန်ဖြေခဲ့ကြတဲ့အတွက် မိဘ အုပ်ထိန်းသူ တော်တော်များများဟာ သူတို့ရဲ့ ကလေးငယ်တွေ ကာကွယ်ဆေးထိုးပေးဖို့ စဉ်းစားရာမှာ စိုးရိမ်ပူပန်မှု ရှိတယ် ဆိုတာကို သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

397. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေအတွက် ကိုဗစ် ကာကွယ်ဆေးက ဆေးရုံတက်ကုသရမှုကနေ ဘယ်လောက် ကာကွယ်ပေးနိုင်သလဲ။

အဖြေ− အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြားက ကလေးတွေအပေါ် Pfizer-BioNTech ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ သုတေသနတစ်ခုရဲ့ ရလဒ်တွေကို အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ CDC က မတ်လ ၁ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ သုတေသနကို ၂၀၂၁ခုနှစ် ဧပြီလအစောပိုင်းကနေ ၂၀၂၂ခုနှစ် ဇန်နဝါရီလ အစောပိုင်းအတွင်း အထိလေ့လာထားတာ ဖြစ်ပါတယ်။ အဲဒီသုတေသနမှာ COVID-19 ကူးစက်ခံထားရပြီး အမေရိကန်တစ်ဝန်းက ဆေးရုံတွေမှာ အရေးပေါ်ကုသမှု ခံယူနေရသူ ဒါမှမဟုတ် ဆေးရုံတက်ကုသခဲ့ရသူ ကလေးတွေနဲ့ ဆယ်ကျော်သက် ကလေးငယ် ၄၀,၀၀၀ လောက်ပါဝင်ပါတယ်။
လေ့လာမှုအရ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးတဲ့ အသက် ၅နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေဟာ ဆေးရုံတက် ကုသရမှုကနေ ၇၄ ရာခိုင်နှုန်း ကာကွယ်ပေးတာတွေ့ရတယ်လို့ ဆိုပါတယ်။
အသက် ၁၂ နှစ်ကနေ ၁၇ နှစ်ကြား ဆယ်ကျော်သက်ကလေး တွေမှာတော့ ကာကွယ်ဆေးထိုးပြီးတဲ့ အချိန်ကာလအလိုက် ဆေးရုံတက် မကုသရအောင် ကာကွယ်ပေးနိုင်စွမ်း ၇၃ ရာခိုင်နှုန်းကနေ ၉၄ ရာခိုင်နှုန်းအထိ ကွာခြားမှုရှိတယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးရဲ့ထိရောက်မှု အစွမ်းဟာ အချိန်ကြာလာတာနဲ့အမျှ ကျဆင်းလာပေမဲ့လည်း ဆေးရုံတက် မကုသရအောင် ကာကွယ်ပေးနိုင်စွမ်း မြင့်မားနေသေးတာကြောင့် ဒီအသက်အရွယ်အုပ်စုကို ကာကွယ်ဆေးထိုးဖို့ CDC က အကြံပြုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

396. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေအတွက် ကိုဗစ် ကာကွယ်ဆေးက ဘယ်လောက် အရေးပါသလဲ။

အဖြေ− အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်က ကျန်းမာရေးအာဏာပိုင်တွေဟာ Omicronအမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက်ပြန့်ပွားနေချိန်မှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြားက ကလေးတွေမှာ Pfizer ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်နိုင်စွမ်း သိသိသာသာ ကျဆင်းသွားတာကို တွေ့ရှိရကြောင်း သုတေသန ရလဒ် ကို ထုတ်ပြန်ခဲ့ပါတယ်။
Kitasato တက္ကသိုလ်က ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ကလေးအထူးကု ပါမောက္ခ Nakayama Tetsuo က အသက်၅နှစ်ကနေ ၁၁နှစ် အရွယ် ကလေးတွေကို ကာကွယ်ဆေးထိုးတဲ့အခါ အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေကို ထိုးပေးတဲ့ ကာကွယ်ဆေး ပမာဏရဲ့ သုံးပုံတစ်ပုံကိုပဲ ထိုးပေးခဲ့ ကြတယ်လို့ ဆိုပါတယ်။
အသက် ၁၁ နှစ်ကနေ ၁၂ နှစ်ကြား ကလေးငယ်တွေရဲ့ ခန္ဓာကိုယ် အရွယ်အစားက ပုံမှန်အားဖြင့် သိပ်ပြီး ကွာခြားမှုမရှိတာကြောင့် ကာကွယ်ဆေးပမာဏ လျှော့ထိုးတဲ့အခါ ဆေးရဲ့ ထိရောက်မှုက နည်းပါးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ငယ်ရွယ်တဲ့ ကလေးတွေကို ထိုးတဲ့ဆေးပမာဏနည်းရင် ကာကွယ်ဆေးရဲ့ ထိရောက်မှု သက်တမ်းလည်း တိုမယ်ဆိုတာကို အလွယ်တကူ ခန့်မှန်းနိုင်တယ်လို့ သူက ဆိုပါတယ်။
ပါမောက္ခ Nakayama က ကာကွယ်ဆေးထိုးခြင်းရဲ့ မူလ ရည်ရွယ်ချက်က ရောဂါပိုးရှိနေသူတွေ ရောဂါပြင်းထန်မလာအောင် ကာကွယ်ဖို့ ဖြစ်တာကြောင့် Pfizer ကာကွယ်ဆေးကို ထိုးထားမယ်ဆိုရင် ဆေးရုံတက်ကုသရမှုကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းဝန်းကျင် ကာကွယ်ပေးနိုင်တဲ့အပြင် တခြား ကောင်းကျိုးတွေလည်း ရှိတယ်လို့ သူက ပြောကြားခဲ့ပါတယ်။ ဘာမှ ကာကွယ်ထားတာ မလုပ်ဘဲ ရောဂါကူးစက်ခံရတာထက် ကာကွယ်ဆေးထိုးထားတာက ပိုကောင်းတယ်လို့ သူက ဆိုပါတယ်။
ကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့ သင့်တော်တဲ့ ဆေးပမာဏကို ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ပြဿနာ ကတော့ ရှိသေးတယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ အရွယ်ရောက်ပြီးသူတွေကိုထိုးပေးတဲ့ ဆေးပမာဏကနေ ဘယ်အချက်ကို အခြေခံပြီး ဘယ်လောက် လျှော့ပြီး ကလေးတွေကို ထိုးပေးသင့်သလဲ ဆိုတာကို သေချာ စဉ်းစားဆုံးဖြတ်ဖို့ လိုတယ်လို့ သူပြောပါတယ်။
အသက်အရွယ်အလိုက်သာမကဘဲ ကလေးရဲ့ ခန္ဓာကိုယ် အရွယ်အစားကိုပါ ထည့်သွင်းတွက်ချက် မလား ?
ဆေးပမာဏအနည်းငယ်ပဲ ထိုးပေးမယ့် အသက်အရွယ်ကို အခု သတ်မှတ်ထားတာထက် ပိုငယ်တဲ့ ကလေးငယ်လေးတွေ ကိုပဲ ပြောင်းလဲ သတ်မှတ်မလား ဆိုတာ ဂရုတစိုက် စဉ်းစားဆုံးဖြတ်ရမယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

395. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ ကိုဗစ် ကာကွယ်ဆေးထိုးပြီး အချိန်ကြာလာတာနဲ့အမျှ ရောဂါပိုးကို ကာကွယ်နိုင်စွမ်း ဘယ်လို ပြောင်းလဲလာသလဲ။

အဖြေ− အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်က ကျန်းမာရေးအာဏာပိုင်တွေဟာ Pfizer ကာကွယ်ဆေးထိုးထားပြီးတဲ့ အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြားက ကလေးတွေမှာ ရောဂါကူးစက်မှု ဘယ်လောက်ရှိသလဲ၊ ဆေးရုံတက်ကုသရမှုတွေကို ကာကွယ်ရာမှာ ထိရောက်မှု ဘယ်လောက်ရှိသလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး လေ့လာထားတာ တွေကို ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
အစီရင်ခံစာမှာ ဖော်ပြထားတာအရ အသက် ၁၂ နှစ်ကနေ ၁၇ နှစ်ကြား ကလေးတွေဟာ ကာကွယ်ဆေး ထိုးထားပြီး Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက်ပြန့်ပွားမှု ဖြစ်လာနေတဲ့အချိန် ဒီဇင်ဘာလလယ်မှာ ရောဂါပိုးကူးစက်မှုအပေါ် ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ၆၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဇန်နဝါရီလ အနှောင်းပိုင်းရောက်တဲ့အခါမှာ တော့ ကာကွယ်နိုင်စွမ်းက ၅၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါ တယ်။
ဒါပေမဲ့ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား အသက်အရွယ် အုပ်စုကို အလားတူ အချိန်မှာ ကာကွယ်ဆေး ထိုးပြီးတဲ့နောက် ၆၈ ရာခိုင်နှုန်း ထိရောက်မှု ရှိခဲ့ပြီး အဲဒီနောက် ၁၂ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်စွမ်း ကျဆင်းသွားတယ်လို့ ဖေါ်ပြထားပါတယ်။
သုတေသီတွေက ပြောကြားချက် အရ အသက်၅နှစ်ကနေ ၁၁နှစ် အရွယ် ကလေးလေးတွေကို အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေကို ထိုးပေးတဲ့ ကာကွယ်ဆေး ပမာဏရဲ့ သုံးပုံတစ်ပုံကိုပဲ ထိုးပေးခဲ့တာကြောင့် အခုလို ကာကွယ်နိုင်စွမ်း ကျသွားတာ ဖြစ်တယ်လို့ ပါတယ်။
Pfizer ကာကွယ်ဆေးက ဆေးရုံတက်ကုသတာမျိုးမဖြစ်အောင် ဘယ်လောက်ကာကွယ်ပေးနိုင်သလဲ ဆိုတာ ဇန်နဝါရီလ အနှောင်းပိုင်းအထိ သုတေသနပြု လေ့လာထားချက်အရ အသက် ၁၂ နှစ်ကနေ ၁၇နှစ် နှစ်ကြားကလေးတွေမှာ ၇၃ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်း ရှိပြီး အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေမှာတော့ ၄၈ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်း ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
ကလေးအများစုမှာ ပြင်းထန်တဲ့ ရောဂါ လက္ခဏာတွေ မဖြစ်ပေါ်တာကြောင့် တိတိကျကျ ဆန်းစစ်လေ့လာဖို့ အတွက် သုတေသနအချက်အလက် လုံလုံလောက်လောက် မရှိဘူးလို့ သုတေသီတွေက ပြောပါတယ်။
CDC ရဲ့ ဒီထုတ်ပြန်ချက်ကို တခြား အဖွဲ့အစည်းတွေက လေ့လာစစ်ဆေးကြည့်ဖို့ လိုအပ်နေသေးပေမဲ့ ကလေးငယ်တွေကိုထိုးတဲ့ ကာကွယ်ဆေး အမျိုးအစားအလိုက် ဆေးပမာဏကို ပြောင်းလဲဖို့အပြင် ကာကွယ်ဆေးကို ထပ်မံပြီး အားဖြည့်ထိုးနှံဖို့ စဉ်းစားသင့်ကြောင်း နားလည်တတ်ကျွမ်းသူတွေက အလေးပေး ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

394. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ ကိုဗစ် ကာကွယ်ဆေးထိုးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သက်တဲ့ အမေရိကန်ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေရဲ့ အကဲဖြတ်ချက်။

အဖြေ− ကလေးငယ်တွေ ကာကွယ်ဆေးထိုးတာကြောင့် ဆိုးဆိုးရွားရွား ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက် ဆိုးကျိုးတွေထက် ကောင်းကျိုး တွေ ပိုများတယ်လို့ အမေရိကန်ကျန်းမာရေး အာဏာပိုင်တွေက အကြံပြုထားပါတယ်။ ကာကွယ်ဆေးဟာ ဘေးကင်းစိတ်ချရမှု၊ ထိရောက်မှုရှိပြီး ဆိုးကျိုးထက် ကောင်းကျိုးပိုများတာကြောင့် အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ CDC က အသက် ၅ နှစ်ကနေ ၁၁ နှစ် အသက်အရွယ်အုပ်စုက ကလေးတွေကို COVID ကာကွယ်ဆေးထိုးကြဖို့ အကြံပြုထားပါတယ်။ ကနေဒါနဲ့ ပြင်သစ် နိုင်ငံတွေက ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေကလဲ အလားတူ အကြံပြုထားပါတယ်။ ဗြိတိန်နဲ့ ဂျာမဏီ အာဏာပိုင်တွေ ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ရောဂါပြင်းထန်လာနိုင်ခြေ မြင့်မားတဲ့ ကလေးတွေနဲ့ ခုခံအားစနစ်ကျဆင်းတတ်တဲ့ မိသားစုက မွေးဖွားလာတဲ့ ကလေးတွေအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးသင့်တယ်လို့ ဆိုထားပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ကာကွယ်ဆေး ထိုးနှံခြင်းဆိုင်ရာ CDC ရဲ့ အကြံပေးကော်မတီက ကလေးငယ်တွေ ကာကွယ်ဆေးထိုးခြင်းရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာကို ဖော်ပြပါမယ် ။
ကာကွယ်ဆေးထိုးတာဟာ ကလေးငယ်တွေကို ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါမှာ ပြင်းထန်တဲ့ လက္ခဏာတွေ မဖြစ်အောင် တားဆီးပေးပြီး၊ ကလေးတွေကနေတစ်ဆင့် ရောဂါပိုးတွေ တခြားသူတွေဆီ ကူးစက်ပြန့်ပွားမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကာကွယ်ဆေးထိုးထားရင် ကလေးကို စိတ်ချလက်ချ ကျောင်းလွှတ်နိုင်မယ်ဆိုတဲ့ ကောင်းကျိုးတွေ ရှိတာကို ကော်မတီက ပြောကြားခဲ့ပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ မိုင်ယိုကာဒိုင်းတစ် myocarditis လို့ခေါ်တဲ့ နှလုံးကြွက်သား ရောင်ရမ်းမှုရှိတာမျိုးဖြစ်နိုင်တာမျိုး ရှားရှားပါးပါးရှိပြီး အခြား ဘေးထွက်ဆိုးကျိုး ဝေဒနာကို ကာကွယ်ဆေးထိုးတဲ့ ကလေးက ကာလတိုခံစားရနိုင်ခြေရှိတယ်လို့ အဲဒီ ကော်မတီက ထောက်ပြခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

393. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ ကိုဗစ် ကာကွယ်ဆေးထိုးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ အစီရင်ခံစာ။

အဖြေ− အမေရိကန်မှာ အသက် ၅နှစ်ကနေ ၁၁ နှစ်အောက် ကလေးတွေကို နိုဝင်ဘာလက စပြီး ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကာကွယ်ဆေးထိုးခဲ့တဲ့ ကလေးငယ် ပေါင်း ၈.၇ သန်းလောက်မှာ ဖြစ်ခဲ့တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ရပ်ပေါင်း ၄,၂၄၉ ခုကို လေ့လာထားတဲ့ သုတေသနတစ်စောင်ကို အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေး စင်တာ CDC က ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်မှာ ကာကွယ်ဆေးထိုးပြီးနောက်ဝေဒနာ တစ်မျိုးမျိုး ခံစားရရင် CDC ကို သတင်းပေးပို့နိုင်တဲ့ စနစ်ရှိပါတယ်။
အဲဒီလို သတင်းပေးပို့လာတဲ့ အချက်တွေကို လေ့လာမှုအရ သတင်းပေးပို့ လာတာတွေရဲ့ ၉၇.၆ ရာခိုင်နှုန်း ဒါမှမဟုတ် ကလေး ၄,၁၄၉ ဦးဟာ ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားရခြင်း မရှိဘူးလို့ CDC က ပြောပါတယ်။ ကာကွယ်ဆေး ထိုးပြီးတဲ့နောက် ခံစားရတဲ့ ဝေဒနာတွေရဲ့ လက္ခဏာတွေကို အသေးစိတ်ကို လေ့လာကြည့်ရာမှာ အော့အန်ခြင်း ဖြစ်ပွားခဲ့သူ ၇.၆ ရာခိုင်နှုန်း ဒါမှမဟုတ် ၃၁၆ ဦးရှိပါတယ်။ သတင်းပို့လာသူတွေရဲ့ ၇ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၉၁ ဦးမှာ အဖျားရှိခဲ့ပါတယ်။ ခေါင်းကိုက်ဝေဒနာ ခံစားရသူကတော့ ၆.၂ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၀၁ ဦး ရှိပြီး မူးမေ့လဲတဲ့သူ အရေအတွက် အလားတူပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မူးဝေတဲ့ ဝေဒနာခံစားရတာ ၅.၉ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၄၄ ဦးရှိပြီး ပင်ပန်းနွယ်နယ်ပြီး နုံးသလို ခံစားရတာက ၄.၈ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၀၁ ဦးရှိခဲ့ပါတယ်။
ပြင်းထန်တဲ့ ဝေဒနာတွေခံစားခဲ့ရတယ်လို့ CDC ကနေ သတင်းထုတ်တဲ့ ၁၀၀ ဦးမှာ ဖျားနာတဲ့သူ ၂၉ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၉ ဦး၊ အော့အန်တဲ့သူ ၂၁ ဦး ဒါမှမဟုတ် ၂၁ ရာခိုင်နှုန်း၊ ရုတ်တရက် နှလုံးအောင့်တာ ၁၂ ဦး ဒါမှမဟုတ် ၁၂ ရာခိုင်နှုန်း ရှိပါတယ်။
ကာကွယ်ဆေးထိုးခဲ့တဲ့ ကလေးငယ် ၁၁ ဦးမှာ မိုင်ရိုကာဒဲတသ်စ် myocarditis လို့ခေါ်တဲ့ နှလုံးကြွက်သား ရောင်ရမ်းမှုရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ အဲဒီကလေးငယ်တွေ အားလုံး နေပြန်ကောင်း သွားပြီ လို့ သိရပါတယ်။ လေ့လာမှုအရ myocarditis ဖြစ်ပွားသူ အချိုးဟာ ကာကွယ်ဆေးထိုးတဲ့ အသက်၁၂ နှစ်နဲ့အထက် အသက်အရွယ်အုပ်စုနဲ့ နှိုင်းယှဉ်ရင် ဒီအသက်ငယ်တဲ့ အုပ်စုမှာ ဖြစ်တာ အလွန်နည်းတယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးသွားခဲ့တဲ့ ကလေးငယ် ၂ဦး လည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီ ကလေးငယ် ၂ ဦးမှာ ရှုပ်ထွေးတဲ့ ရောဂါ ဆေးမှတ်တမ်းရာဇဝင် ရှိခဲ့ပြီး ကာကွယ်ဆေး မထိုးခင်အချိန်မှာ ကျန်းမာရေး အခြေအနေသိပ်မကောင်းဘူးလို့ CDC က ပြောကြားခဲ့ပါတယ်။ သေဆုံးမှုနဲ့ ကာကွယ်ဆေးထိုးတာ ဆက်စပ် ပတ်သက်နေတယ်ဆိုတဲ့ လေ့လာထားချက် မှတ်တမ်းတစ်စုံတစ်ရာ မရှိဘူး လို့သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

392. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ ကိုဗစ်ကာကွယ်ဆေး ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုတွေမှာ ဘေးကင်းစိတ်ချရမှု ဘယ်လောက်တွေ့ရှိခဲ့ရသလဲ။

အဖြေ− Pfizer နဲ့ BioNTech ဆေးဝါးကုမ္ပဏီတွေက အမေရိက၊ စပိန်နဲ့ တခြား နိုင်ငံတွေမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်အထိ ကလေး ၂,၂၀၀ ကို ကာကွယ်ဆေး စမ်းသပ် ထိုးနှံပေးခဲ့ပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့ နေရာက နာကျင်နေတာနဲ့ ပင်ပန်းနွမ်းနယ်တာလိုမျိုး ဘေးထွက်ဆိုးကျိုးတချို့ ရှိတယ်လို့ အစီရင်ခံကြပေမဲ့ အဲဒီလို ဖြစ်ပွားမှု အများစုဟာ နာကျင်မှု အနည်းငယ်နဲ့ အလယ်အလတ် ဝေဒနာ ခံစားရမှုပဲဖြစ်ပြီး ၁ ရက် ၂ ရက်အတွင်း ပြန်နေကောင်းတာ တွေ့ခဲ့ရပါတယ်။
ဘေးထွက်ဆိုးကျိုး လက္ခဏာခံစားရမှုတွေကို ရာခိုင်နှုန်းနဲ့ အသေးစိတ် လေ့လာကြည့်ကြမယ်ဆိုရင်
− ဆေးထိုးထားတဲ့နေရာ နာကျင်တာက ပထမအကြိမ် ဆေးထိုးပြီးချိန်မှာ ၇၄ ရာခိုင်နှုန်း ရှိပြီး၊ ဒုတိယအကြိမ် ဆေးထိုးပြီးနောက် နာကျင်တဲ့ဝေဒနာရှိသူ ၇၁ ရာခိုင်နှုန်းရှိ ပါတယ်။
− ပင်ပန်းနွမ်းနယ်ခြင်း ခံစားရသူကတော့ ပထမအကြိမ် ဆေးထိုးပြီးနောက် ၃၄ ရာခိုင်နှုန်းနဲ့ ဒုတိယအကြိမ် ထိုးပြီးနောက် ၃၉ ရာခိုင်နှုန်း ရှိပါတယ်။
− ပထမအကြိမ်ကာကွယ်ဆေး ထိုးပြီးချိန်မှာ ခေါင်းကိုက်ဝေဒနာ ခံစားရသူ ၂၂ ရာခိုင်နှုန်းရှိပြီး ဒုတိယအကြိမ်မြောက်မှာ ၂၈ ရာခိုင်နှုန်းရှိပါတယ်။
− ဆေးထိုးထားတဲ့နေရာ နီမြန်းခြင်း ဖြစ်ခဲ့သူကတော့ ပထမအကြိမ်ထိုးပြီးနောက် ၁၅ ရာခိုင်နှုန်းရှိပြီး ဒုတိယအကြိမ် ဆေးထိုးပြီးနောက် ၁၉ ရာခိုင်နှုန်း ပါတယ်။
−ဆေးထိုးထားတဲ့နေရာ ရောင်ရမ်းတဲ့သူကတော့ ပထမအကြိမ်ထိုးပြီးနောက် ၁၀ ရာခိုင်နှုန်းရှိပြီး ဒုတိယအကြိမ် ထိုးပြီးနောက် ၁၅ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။
− ကြွက်သားနာကျင်ခြင်း ဖြစ်ခဲ့ သူက ပထမအကြိမ်ထိုးပြီးနောက် ၉ ရာခိုင်နှုန်းရှိပြီး ဒုတိယအကြိမ် ဆေးထိုးပြီးနောက် ဖြစ်ခဲ့သူ ၁၂ ရာခိုင်နှုန်းရှိပါတယ်။
− ချမ်းတုန်ခြင်း ဝေဒနာခံစားရသူက ပထမ အကြိမ် ဆေးထိုးပြီးနောက် ၅ ရာခိုင်နှုန်းရှိပြီး ဒုတိယအကြိမ် ဆေးထိုးပြီးနောက် ၁၀ ရာခိုင်နှုန်း ရှိတယ်လို့ အစီရင်ခံထားပါတယ်။
− ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့နောက် အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့အထက် အဖျားတက်ခဲ့သူ ၃ ရာခိုင်နှုန်းရှိပြီး ဒုတိယ အကြိမ်ဆေးထိုးပြီးနောက် ၇ ရာခိုင်နှုန်းက အဖျားရှိတယ်လို့ အစီရင်ခံထားပါတယ်။
− အဖျားကျဆေးသောက်မှ အဖျားကျတဲ့သူက ပထမအကြိမ် ထိုးပြီးနောက် ၁၄ ရာခိုင်နှုန်းရှိပြီး ဒုတိယအကြိမ်ဆေး ထိုးပြီးနောက် အဖျားကျဆေးသောက်ရသူ ၂၀ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

391. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ ကိုဗစ်ကာကွယ်ဆေး ထိုးနှံတဲ့အခါ ကာကွယ်ဆေးက ဘယ်လောက် ထိရောက်မှုပေးစွမ်းသလဲ။

အဖြေ− အမေရိက နဲ့ စပိန် စတဲ့ နိုင်ငံတွေမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်အထိ ကလေး ၂,၂၀၀ ကို Pfizer ကာကွယ်ဆေး စမ်းသပ် ထိုးနှံပေးခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီး ရောဂါဖြစ်ပွားတာကို ကာကွယ်ပေးနိုင်တာ ၉၀.၇ ရာခိုင်နှုန်း ရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီကာကွယ်ဆေး ထိုးထားတဲ့အတွက်ကြောင့် ကိုဗစ်ကူးစက်ပြီး ရောဂါဖြစ်ပွားခဲ့တယ်ဆိုရင်တောင် ရောဂါလက္ခဏာ အနည်းငယ်ပဲ ပေါ်တာ ဒါမှမဟုတ် ရောဂါလက္ခဏာ အသင့်အတင့်ပဲ ဖြစ်တာမျိုးကို တွေ့ရပြီး စိတ်ချရတယ်လို့ သိရှိရပါတယ်။
ကလေးတွေကို ကာကွယ်ဆေး ထိုးတဲ့အခါမှာ လူကြီးတွေကို ထိုးတဲ့ Pfizer ကာကွယ်ဆေး ပမာဏရဲ့ သုံးပုံတစ်ပုံ ဖြစ်တဲ့ ၁၀ မိုက်ခရိုဂရမ်ပဲ ထိုးခဲ့ပါတယ်။ ပထမအကြိမ် ထိုးပြီး သီတင်းပတ် ၃ ပတ်အကြာမှာ Pfizer ကာကွယ်ဆေး ထိုးခဲ့သူ ၁၅၀၀ ဖြစ်ပြီး ကျန် ၇၅၀ ကိုတော့ Placebo လို့ခေါ်တဲ့ ဆေးနဲ့ အသွင်တူတဲ့ အာနိသင်မရှိတဲ့ ကာကွယ်ဆေးကို ထိုးပေးခဲ့ပါတယ်။
ဒီဆေး ၂မျိုးကို ထိုးပြီး ထိရောက်မှုနဲ့ စိတ်ချရမှုကို လေ့လာစစ်ဆေးကြည့်တဲ့အခါ ကလေးတွေမှာ ဗိုင်းရပ်စ်ပိုးရဲ့ အာနိသင်ကို ပြယ်ဆေးတဲ့ ပဋိပစ္စည်း ထွက်တဲ့ပမာဏက အသက် ၁၆ နှစ်ကနေ ၂၅ နှစ်အရွယ်တွေမှာ ထွက်တဲ့ ပမာဏအတိုင်း အလားတူ ထွက်ရှိခဲ့ပါတယ်။ ဒုတိယအကြိမ် Pfizer ကာကွယ်ဆေး ထိုးပြီးတဲ့နောက် ၇ ရက်ကျော်ကြာတဲ့အခါ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ရောဂါဖြစ်ပွားခဲ့တဲ့ ကလေး ၃ ဦး ရှိခဲ့ပါတယ်။ Placebo လို့ခေါ်တဲ့ ဆေးနဲ့ အသွင်တူတဲ့ အာနိသင်မရှိတဲ့ ကာကွယ်ဆေးထိုးပြီးတဲ့နောက် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြီး ရောဂါဖြစ်ပွားတဲ့ ကလေး ၁၆ဦး ရှိခဲ့တာကြောင့် ကာကွယ်ဆေးက ကိုဗစ်ရောဂါမဖြစ်အောင် ကာကွယ်နိုင်စွမ်း ၉၀.၇ ရာခိုင်နှုန်းရှိကြောင်းကို တွေ့ရှိခဲ့ရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

390. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းနဲ့ပတ်သက်ပြီး ဂျပန်အစိုးရက ဘယ်လို မူဝါဒ ချမှတ်ထားသလဲ။

အဖြေ−  ဂျပန်အစိုးရက အသက် ၅ နှစ် ကနေ ၁၁ နှစ်ကြား ကလေးတွေ ကာကွယ်ဆေးထိုးဖို့အတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ တရားဝင် လုပ်ဆောင်လိုက်ပါတယ်။ အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေမှာ ထိုးပေးတဲ့ ဆေးပမာဏရဲ့ သုံးပုံတစ်ပုံကိုပဲ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား အသက်အရွယ်အုပ်စုကိုထိုးရပါမယ်။

ကလေးငယ်တွေဟာ ပထမအကြိမ် ထိုးပြီးနောက် သီတင်းပတ် သုံးပတ်အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေမှာ ကလေး အများအပြားကို အုပ်စုလိုက် ကာကွယ်ဆေး ထိုးပေးတာမျိုး အစိုးရက မတိုက်တွန်းထားပါဘူး။ ကလေးတွေဟာ တစ်ဦးချင်းစီ မိမိတို့နေထိုင်တဲ့ ဒေသန္တရမြို့၊ နယ်မှာရှိတဲ့ ကာကွယ်ဆေးထိုးပေးတဲ့နေရာ ဒါမှမဟုတ် ကလေးအထူးကု ဆေးခန်းတွေမှာ ကာကွယ်ဆေးထိုးနိုင်ပါတယ်။

လက်ရှိ အချိန်မှာတော့ကာကွယ်ဆေးတွေဟာ  Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အပေါ် ထိရောက်မှု ဘယ်လောက်ရှိသလဲ ဆိုတာ လေ့လာဆန်းစစ်ထားတဲ့ အချက်အလက် လုံလုံလောက်လောက် မရှိသေးတာကြောင့် အသက် ၅ နှစ်ကနေ ၁၁ နှစ်အတွင်းမှာ ရှိတဲ့ ကလေးငယ်တွေကို မဖြစ်မနေ COVID ကာကွယ်ဆေး ထိုးဖို့ မတိုက်တွန်းထားပါဘူး။ ဒီအသက်အရွယ်အုပ်စုက ကလေးတွေကို ကာကွယ် ဆေးထိုးတဲ့ အခါမှာ သူတို့ရဲ့ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူ တွေရဲ့ သဘောတူညီ ချက် လိုအပ်ပါတယ်။

မိဘတွေအနေနဲ့ ဆေးရဲ့ထိရောက်မှု နဲ့ ဘေးကင်းစိတ်ချရမှုဆိုင်ရာ အချက်အလက်တွေအပေါ် အခြေခံပြီး ကာကွယ်ဆေးမထိုးခင်မှာ ကလေးငယ်တွေကို အပြည့်အဝ ရှင်းလင်း ပြောပြကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ကာကွယ်ဆေးထိုးမလား မထိုးဘူးလား မဆုံးဖြတ်ခင် အုပ်ထိန်းသူတွေ အနေနဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့လည်း အကြံပြုထားပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ အခြားရောဂါအခံရှိတဲ့ ကလေးငယ်တွေဟာ COVID ကြောင့် ဖြစ်တဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပွားနိုင်ခြေ မြင့်မားတဲ့အတွက် ကာကွယ်ဆေးထိုးပေးဖို့ ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

 

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

389. တတိယအကြိမ် ကာကွယ်ဆေးထိုးတဲ့အခါ အရင် ၂ကြိမ်နဲ့ မတူတဲ့ ကာကွယ်ဆေး အမျိုးအစားကို အားဖြည့်ထိုးနှံခြင်းအပေါ် ကျွမ်းကျင်ပညာရှင်တွေက ဘယ်လို သုံးသပ်ထားသလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ကို တတိယအကြိမ် အားဖြည့်ထိုးတဲ့အခါ အရင် ၂ ကြိမ်တုန်းကထိုးတဲ့ဆေးနဲ့ မတူတဲ့ ကာကွယ်ဆေးကို ထိုးတဲ့အခါ ထိရောက်မှု ဘယ်လောက်ရှိလဲ။ ဘေးထွက်ဆိုးကျိုး ဘယ်လောက်ရှိသလဲ စတဲ့ လေ့လာတွေ့ရှိချက် တွေကို ဂျပန်အစိုးရရဲ့ သုတေသနအဖွဲ့က ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရရဲ့ သုတေသနအဖွဲ့မှာ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ Juntendo University ဆေးတက္ကသိုလ်က ပါမောက္ခ Ito Suminobu က တတိယအကြိမ်မှာ Moderna ကာကွယ်ဆေးကို အားဖြည့်ထိုးတာ ကနေ ထွက်လာတဲ့ antibody ပမာဏက ပိုမိုမြင့်မားတယ်လို့ ပြောကြားခဲ့ပါတယ်။ ၃ကြိမ်စလုံး Pfizer ကာကွယ်ဆေးထိုးတာကနေ ထွက်လာတဲ့ antibody ပမာဏက ၃ကြိမ်မြောက် ထိုးတဲ့အခါ အမျိုးအစား မတူတာကို ထိုးတာလောက် antibody ပမာဏက မများဘူးလို့ ဆိုပါတယ်။
တတိယအကြိမ်ကို မတူတဲ့ ကာကွယ်ဆေးထိုးရင် ဘေးထွက်ဆိုးကျိုး ခံစားရတဲ့သူ များတယ် ဆိုပေမဲ့လို့ တတိယအကြိမ် ကာကွယ်ဆေးထိုးလို့ နေမကောင်းဖြစ်ပြီး ခွင့်ယူရတဲ့သူ အရေအတွက်က အမျိုးတူ ကာကွယ်ဆေးပဲထိုးထိုး အမျိုးကွဲ ကာကွယ်ဆေးပဲထိုးထိုး အရေအတွက်က နည်းနည်းလောက်ပဲ ကွာတယ်လို့ သိရပါတယ်။ ကာကွယ်ဆေးကို ဘယ်အမျိုးအစား ထိုးရင်ကောင်းမလဲလို့ ရွေးချယ်တဲ့နေရာမှာ ထိရောက်မှု ဘယ်လောက်ရှိသလဲဆိုတာနဲ့ ဘေးထွက်ဆိုးကျိုး ဘယ်လောက်ရှိသလဲ ဆိုတဲ့ အချက်နှစ်ခုစလုံးကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
တိုကျိုဆေးဘက်ဆိုင်ရာ တက္ကသိုလ်ဆေးရုံက ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ Hamada Atsuo က အမေရိကန်နဲ့ ဥရောပက နိုင်ငံတွေဟာ ကပ်ရောဂါမဖြစ်ပွားခင် ကာလမှာရှိခဲ့တဲ့ လူနေမှုဘဝနဲ့ လူမှုစီးပွားရေး အခြေအနေတွေကို ပြန်ထူထောင်ဖို့ အလျင်အမြန် ပြောင်းလဲလုပ်ဆောင်နေကြတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း လတ်တလော ဂျပန်မှာက ကိုရိုနာ ကူးစက်မှုအသစ် အရေအတွက် အများဆုံးအချိန်ဖြစ်နေပြီး တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံပြီးတာ နိုင်ငံ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကျော်သာ ရှိသေးတယ်လို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။
ရောဂါပိုး ကူးစက်မှုအသစ် အများအပြားရှိတယ်လို့ အစီရင်ခံခြင်းမရှိတဲ့ ဒေသတွေမှာ လူမှုရေး စီးပွားအခြေအနေတွေ ပုံမှန် ပြန်လည်ပတ်လာအောင် လုပ်ဖို့ အဆင်ပြေပေမဲ့ တိုကျိုနဲ့ အိုဆာကာ ခရိုင်တွေလိုမျိုး ရောဂါကူးစက်မှု အသစ်တွေ ဆက်တိုက် ဖြစ်ပွားနေတဲ့ ဒေသတွေမှာတော့ တစ်စိတ်တစ်ပိုင်း အရေးပေါ်အခြေအနေကို ရုတ်သိမ်းဖို့ မဆုံးဖြတ်ခင် အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ တတိယအကြိမ် အားဖြည့်ကာကွယ်ဆေး ထိုးပြီးသူ ရာခိုင်နှုန်း ဘယ်လောက်ရှိပြီလဲ၊ ဆေးဘက်ဆိုင်ရာ လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေ ပြင်ဆင်ထားတာ ဘယ်လောက်ရှိလဲ စတဲ့အချက်တွေကို အာဏာပိုင်တွေအနေနဲ့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ သူကပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

388. တတိယအကြိမ် ကာကွယ်ဆေးထိုးတဲ့အခါ အရင် ၂ကြိမ်နဲ့ မတူတဲ့ ကာကွယ်ဆေး အမျိုးအစားကို အားဖြည့်ထိုးနှံခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးက ဘာတွေလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တတိယအကြိမ် အားဖြည့်ထိုးတဲ့အခါ အရင် ၂ ကြိမ်ကနဲ့ မတူတဲ့ ကာကွယ်ဆေး အမျိုးအစားကို ထိုးခြင်းရဲ့ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့
ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေကို ဂျပန်အစိုးရရဲ့ သုတေသနအဖွဲ့က ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ပါတယ်။
၃ကြိမ်စလုံးကို Pfizer ကာကွယ်ဆေးကို ထိုးခဲ့ကြသူတွေရဲ့ ၂၁.၄ရာခိုင်နှုန်းဟာ အပူချိန်၃၈ဒီဂရီကျော်တဲ့အထိ ဖျားပြီး၊ ၆၉.၁ ရာခိုင်နှုန်းက ခေါင်းမူးပြီး ၅၅ရာခိုင်နှုန်းက ခေါင်းကိုက်တာမျိုး ဖြစ်ခဲ့ပါတယ်။ ပထမနဲ့ဒုတိယ အကြိမ်ကို Pfizer ကာကွယ်ဆေး ထိုးခဲ့ကြပြီးတတိယအကြိမ်ကို Moderna ကာကွယ်ဆေး ထိုးသူတွေထဲက ၄၉.၂ ရာခိုင်နှုန်းက အဖျား ၃၈ဒီဂရီနဲ့ အထက် ကိုယ်ပူလာခဲ့ကြပြီး ၇၈ရာခိုင်နှုန်းက မူးဝေတာမျိုး ဖြစ်ခဲ့ပါတယ်။ ၆၉.၆ ရာခိုင်နှုန်းကတော့ ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ကြရပါတယ်။
ကာကွယ်ဆေး တတိယအကြိမ် ထိုးတဲ့ ပုံစံ၂မျိုးစလုံး ၊ ‌ဆေးထိုးနဲ့နေ့မှာ ပြင်းထန်တဲ့ဝေဒနာတွေ ခံစားရပြီးနောက် ၂ရက် ၃ရက်နေရင် သက်သာသွားကြတယ်လို့ ဆိုပါတယ်။
Pfizer ကာကွယ်ဆေး သုံးကြိမ်စလုံး ထိုးသူတွေထဲမှာ နှလုံးကြွက်သားရောင်တာ ၂ယောက်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ရောဂါ ပြင်းထန်ခြင်းတော့ မရှိပါဘူး။ Pfizer ကာကွယ်ဆေး ၂ကြိမ်ထိုးပြီး တတိယအကြိမ်မှာ Moderna ကာကွယ်ဆေးကို အားဖြည့်ထိုးနှံသူတွေမှာတော့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး ဝေဒနာ ခံစားရတာမျိုး မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

387. တတိယအကြိမ် ကာကွယ်ဆေးထိုးတဲ့အခါ အရင် ၂ကြိမ်နဲ့ မတူတဲ့ ကာကွယ်ဆေး အမျိုးအစားကို အားဖြည့်ထိုးနှံခြင်း ရဲ့ ထိရောက်မှုက ဘယ်လိုရှိပါသလဲ။

အဖြေ− ဂျပန်အစိုးရရဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ကကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တတိယအကြိမ် အားဖြည့်ထိုးတဲ့အခါ အရင် ၂ ကြိမ်နဲ့ မတူတဲ့ ကာကွယ်ဆေးအမျိုးအစားကို ထိုးခြင်းရဲ့ ထိရောက်မှုနဲ့ ဘေးကင်းစိတ်ချရမှုဆိုင်ရာ လေ့လာတွေ့ရှိချက်တွေကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သုတေသနအဖွဲ့က တတိယအကြိမ် ကာကွယ်ဆေးကို ပထမဆုံးအသုတ် ထိုးနှံခွင့်ရခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဆီက ရတဲ့ အချက်အလက်တွေကို လေ့လာခဲ့ပါတယ်။ ဒီဝန်ထမ်းတွေဟာ ပထမနဲ့ ဒုတိယအကြိမ်တွေတုန်းက Pfizer ကာကွယ်ဆေးကို ထိုးခဲ့ကြသူတွေ ဖြစ်ပါတယ်။ အခု တတိယအကြိမ်မှာတော့ လူပေါင်း ၂၈၂၆ ဦးက Pfizer ကာကွယ်ဆေး ထိုးခဲ့ကြပြီး ၇၇၃ ဦးက Moderna ကာကွယ်ဆေးကို ဇန်နဝါရီလ ၂၈ နောက်ဆုံးထားပြီး ထိုးခဲ့ကြပါတယ်။
မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ခုခံကာကွယ်ဖို့ ကာကွယ်ဆေး ကနေ ထွက်ရှိလာတဲ့ ပဋိပစ္စည်း ပမာဏနဲ့ ဘေးထွက်ဆိုးကျိုးတွေကို သုတေသီတွေက အဲဒီသူတွေမှာ စစ်ဆေးခဲ့ကြပါတယ်။ အဲဒီ လို စစ်ဆေးထားတဲ့ ရလဒ်တွေကို သုတေသနအဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြုလုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပဋိပစ္စည်း ထွက်နေတာမျိုး လုံးဝမရှိတဲ့ သူတွေကို တတိယအကြိမ် ကာကွယ်ဆေးထိုးပြီး အချိန်တစ်လ အကြာမှာ ထွက်ရှိတဲ့ ပဋိပစ္စည်းပမာဏကို လေ့လာခဲ့ကြပါတယ်။ Pfizer ကာကွယ်ဆေး သုံးကြိမ်စလုံး ထိုးသူတွေမှာ ပျမ်းမျှအားဖြင့် အရင်ထက် ၅၄.၁ ဆ ပဋိပစ္စည်း ပိုထွက်တာ တွေ့ရပါတယ်။ တတိယအကြိမ်မှာ Moderna ကာကွယ်ဆေးကို အားဖြည့်ထိုးနှံသူတွေမှာတော့ ပဋိပစ္စည်းထွက်ရှိမှု ပမာဏက ပျမ်းမျှအားဖြင့် ၆၇.၉ ဆ များလာတာကို တွေ့ရပါတယ်။
ပြည်ပက လေ့လာမှု ရလဒ်တွေအရ Moderna ကာကွယ်ဆေးကို တတိယ အကြိမ် အားဖြည့်ထိုးတာက Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရာမှာ ပိုပြီး ထိရောက်မှုရှိပုံရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

386. အပိုင်း (၄)− Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အပေါ် လက်ရှိ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှု ဘယ်လောက်ရှိသလဲ။

အဖြေ−− Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ မကြုံစဖူး လျင်မြန်တဲ့နှုန်းနဲ့ ကူးစက်ပျံ့နှံ့နေပါတယ်။ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပေမဲ့လည်း ကူးစက်နိုင်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ နောက်ဆုံးထုတ် အပတ်စဉ်အစီရင်ခံစာမှာ တစ်ခါ ကူးစက်ဖူးထားလည်း ပြန်လည်ကူးစက်နိုင်ခြေ များတယ်လို့ သတိပေးထားပါတယ်။ ကာကွယ်ဆေးထိုးတာဟာ Omicron အမျိုးအစား ရောဂါကူးစက်မှုနဲ့ ကူးစက်ပြီးနောက် ရောဂါလက္ခဏာ ပြလာတာကို လျှော့ချပေးတဲ့အပြင် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ခြေရှိတယ်လို့ အဲဒီ အစီရင်ခံစာမှာ ဆိုထားပါတယ်။
ဗြိတိန် ကျန်းမာရေးအာဏာပိုင်တွေက ဒီဇင်ဘာလ ၃၁ရက်နေ့က ထုတ်ပြန်ချက်မှာ Pfizer နဲ့ Moderna ဆေးဝါးကုမ္ပဏီကြီးတွေကနေ ထုတ်လုပ်တဲ့ mRNA ကာကွယ်ဆေး ၂ ကြိမ်ထိုးထားရင် Omicron အမျိုးအစား ကူးစက်ပြီး ရောဂါလက္ခဏာဖြစ်ပေါ်မှုကို ၆၅ ကနေ ၇၀ ရာခိုင်နှုန်းအထိ ထိထိရောက်ရောက် ကာကွယ်ပေးတယ်လို့ ဖော်ပြထားပါတယ်။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် သီတင်းပတ် ၂ပတ် ကနေ ၄ပတ် အကြာမှာ အဲဒီ ကာကွယ်နိုင်စွမ်း ထိရောက်မှု ရှိလာတာ ဖြစ်ပါတယ်။ ရက်သတ္တပတ်ပေါင်း ၂၀ ကြာပြီးတဲ့ နောက်မှာတော့ ကာကွယ်နိုင်စွမ်းက ၁၀ ရာခိုင်နှုန်းကို ကျဆင်းသွားပါတယ်။
Pfizer ကာကွယ်ဆေးကို ၂ကြိမ်ထိုးပြီးတဲ့နောက် တတိယအကြိမ် ကာကွယ်ဆေးကို Pfizer ဒါမှမဟုတ် Moderna ကာကွယ်ဆေး ထပ်မံအားဖြည့်ထိုးနှံ လို့ရပြီး အဲဒီနောက် သီတင်းပတ် ၂ ပတ်ကနေ ၄ ပတ်အကြာမှာ ရောဂါ မဖြစ်ပွားလာအောင် ကာကွယ်ပေးနိုင်စွမ်းက ၆၅ ကနေ ၇၅ ရာခိုင်နှုန်းအထိ ထိရောက်မှု ရှိလာတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးအားဖြည့်ထိုးအပြီး ရက်သတ္တပတ် ၅ပတ်ကနေ ၉ ပတ်အကြာမှာတော့ အဲဒီ ရောဂါဖြစ်နိုင်စွမ်းကို ကာကွယ်ပေးနိုင်တဲ့ ထိရောက်မှုဟာ ၅၅ ကနေ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ၁၀ ပတ်အကြာမှာ ၄၀ ကနေ ၅၀ ရာခိုင်နှုန်းအထိ ကျသွားတာကို တွေ့ရပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးထိုးထားတာဟာ ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်မလာအောင်နဲ့ ဆေးရုံတက်ကုသ စရာမလိုအောင် လုပ်နိုင်တဲ့ ထိရောက်မှုရှိတယ်ဆိုတာကို ဒီအတောအတွင်း တွေ့ရှိခဲ့ရတယ် လို့သိရပါတယ်။
Pfizer ၊ Moderna ဒါမှမဟုတ် AstraZeneca ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးနောက် သီတင်းပတ် ၂ ပတ်ကနေ ၂၄ ပတ်အတွင်းမှာ ဆေးရုံတက်မကုရအောင် ကာကွယ်ရာမှာ ၇၂ ရာခိုင်နှုန်း ထိရောက်မှုရှိပြီး ကာကွယ်ဆေးထိုးပြီး ၂၅ ပတ်အကြာမှာ တော့ ၅၂ ရာခိုင်နှုန်း ထိရောက်မှု ရှိပါတယ်။
ကာကွယ်ဆေး နှစ်ကြိမ်ထိုးတာနဲ့ ကာကွယ်ဆေး အားဖြည့်တဲ့အနေနဲ့ သုံးကြိမ်မြောက်ထိုးတာဟာ ဆေးထိုးအပြီး ရက်သတ္တပတ် ၂ပတ် အကြာမှာ ဆေးရုံတက်ကုသ စရာမလိုအောင် ၈၈ ရာခိုင်နှုန်း ကာကွယ်ပေးတယ်ဆိုတာ အချက်အလက်တွေကနေ ပြသနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

385. အပိုင်း (၃)− Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က တခြားမျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ယှဉ်ရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်လာနိုင်ခြေ ဘယ်လောက်ရှိသလဲ။

အဖြေ−− Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ မကြုံစဖူး လျင်မြန်တဲ့နှုန်းနဲ့ ကူးစက်ပျံ့နှံ့နေပါတယ်။ Omicron ရောဂါပိုး ကူးစက်ခံရသူတွေထဲမှာ ဆေးရုံတက်ပြီး ကုသရတာ Delta အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ရဲ့ ၃ပုံ ၁ပုံလောက် ပဲရှိတယ်လို့ ဗြိတိန်က ကျန်းမာရေးအာဏာပိုင်တွေက ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးတာ ၁၄ ရက် ဒါမှမဟုတ် ဒါ့ထက်ပိုကြာပြီး သူတွေဟာ ကာကွယ်ဆေးမထိုးရသေးသူတွေထက် စာရင် ဆေးရုံတက်ရနိုင်ခြေ ၆၅ ရာခိုင်နှုန်း လျော့နည်းပြီး တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံပြီးနောက် ၁၄ ရက် ဒါမှမဟုတ် အဲဒါထက် ပို ကြာပြီးသူတွေက ဆေးရုံတက်ရနိုင်ခြေ ၈၁ ရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အချက်အလက် ဒေတာအပေါ် သတိထား ကြည့်ရှုသုံးသပ်ဖို့ လိုအပ်ပါတယ်။ တတိယအကြိမ် ကာကွယ်ဆေး အားဖြည့် ထိုးတာဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်းထန်တဲ့ လက္ခဏာဖြစ်ပေါ်တာကို ကာကွယ်ရာမှာ ထိရောက်မှုရှိတယ်လို့ ဗြိတိန် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဗြိတိန်မှာ ဇန်န၀ါရီလ ၁ ရက်နေ့ အထိ နိုင်ငံ့လူဦးရေရဲ့ ၆၂.၃ ရာခိုင်နှုန်းကို တတိယအကြိမ် ကာကွယ်ဆေး အားဖြည့် ထိုးနှံပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒီ ဂျပန်မှာ တော့ ဇန်နဝါရီလ ၁၇ ရက်အထိမှာ နိုင်ငံလူဦးရေရဲ့ ၁.၁ ရာခိုင်နှုန်းကိုသာ တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးပေးနိုင်ခဲ့ပါတယ်။ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ ဆေးရုံတက် ကုသရနိုင်ခြေ နည်းပါးပေမဲ့ ရောဂါဖြစ်ပွားသူ အရေအတွက် အလွန့်အလွန် များလွန်းပြီး ရောဂါလက္ခဏာ ပြင်းထန်လာနိုင်တာနဲ့ သေဆုံးသူ များပြားလာတာ ကြောင့် ဆေးရုံစတဲ့ ဆေးဘက်ဆိုင်ရာနေရာတွေမှာ ဆေးကုသရေး စောင့်ရှောက်မှုမှာ အကျပ်အတည်း ဖြစ်လာနိုင်စေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

384. အပိုင်း (၂)− Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်းထန်တဲ့ရောဂါလက္ခဏာ ဖြစ်လာနိုင်ခြေ ဘယ်လောက်ရှိသလဲ။

အဖြေ−− Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ မကြုံစဖူး လျင်မြန်တဲ့နှုန်းနဲ့ ကူးစက်ပျံ့နှံ့နေပါတယ်။ Omicron အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ဟာ တခြားမျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေနဲ့ နှိုင်းယှဉ်ရင် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှု နည်းနိုင်တယ်ဆိုတဲ့ အထောက်အထားတွေ အများအပြား ရှိလာနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် အပတ်စဉ်အစီရင်ခံစာမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက် ကုသရမှုနဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်ပွားမှုနှုန်း နည်းပါးပုံရတယ်လို့ တင်ပြခဲ့ပါတယ်။
Omicron အမျိုးအစားဟာ တခြားမျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေထက် နှာခေါင်းနဲ့ လည်ချောင်းအပါအဝင် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ထိခိုက်နိုင်ခြေ ပိုများပေမဲ့ အဆုတ်ကိုတော့ ထိခိုက်နိုင်ခြေ နည်းပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်စေမှုလည်း နည်းပါးတယ်လို့ WHO ရဲ့ တာဝန်ရှိသူတွေက ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီထင်မြင်ချက်တွေကို သက်သေပြဖို့ နောက်ထပ် လေ့လာမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။
ဒီဗိုင်းရပ်စ်ပိုးကူးလို့ ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နိုင်သလား ဆိုတာကို ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ ကနဦး သုတေသနပြု လေ့လာချက် အမျိုးမျိုး ပြုလုပ်ခဲ့ပါတယ်။
ရောဂါဖြစ်ပွားသူ ၆၅၀ အထိ ဖြစ်လာချိန်မှာ ကပ်ရောဂါရဲ့ တချို့အချက်တွေနဲ့ပတ်သက်ပြီး အဲဒီခရိုင်အတွင်းမှာ COVID-19 လူနာတွေကို စစ်တမ်းတွေ ကောက်ယူဆွေးနွေးခဲ့ကြပါတယ်။
မူလအစ ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက်ဖြစ်ပွားနေချိန် ၂၀၂၁ ဧပြီလ ၁ ရက်နေ့အထိ အချိန်အတွင်းမှာ ရောဂါလက္ခဏာ အနည်းငယ် ပြသူ ဒါမှမဟုတ် ရောဂါလက္ခဏာ လုံးဝမပြသူက လူနာတွေရဲ့ ၈၄.၈ ရာခိုင်နှုန်း ရှိပြီး၊ ပြင်းထန်တဲ့ ရောဂါလက္ခဏာရှိသူက ၀.၆ ရာခိုင်နှုန်း ရှိတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်နေ့အထိ အတွင်း Alpha မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နေချိန်မှာ ရောဂါလက္ခဏာ အနည်းငယ်ပြသူ ဒါမှမဟုတ် ရောဂါလက္ခဏာ မပြသူက ၇၂.၈ ရာခိုင်နှုန်း၊ ပြင်းထန်တဲ့ ရောဂါလက္ခဏာဖြစ်ပွားသူ ၀.၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
၂၀၂၂ ဇန်န၀ါရီလ ၄ ရက်နေ့အထိ Omicron အမျိုးအစား အဓိက ကူးစက်ပျံ့ပွားနေချိန်မှာတော့ ရောဂါလက္ခဏာ အနည်းငယ် ဒါမှမဟုတ် ရောဂါလက္ခဏာ မပြသူက လူနာတွေရဲ့ ၉၂.၃ ရာခိုင်နှုန်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်ပွားသူ တစ်ဦးမှ မရှိတာကို တွေ့ရပါတယ်။
ဒါပေမဲ့ လတ်တလော အိုကီနာဝါခရိုင်က ဒီဗိုင်းရပ်စ် ကူးစက်သူ လူနာအများစုဟာ လူငယ်တွေဖြစ်ကြပြီး တကယ်လို့ သက်ကြီးရွယ်အို တွေ ကြားမှာ ကူးစက်ပျံ့နှံ့မယ်ဆိုရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်ပွားသူ အရေအတွက် မြင့်တက်လာနိုင်မယ်လို့ ကျွမ်းကျင်သူတွေ က သတိပေးထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

383. အပိုင်း (၁) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ကူးစက်နိုင်စွမ်းဘယ်လောက်ရှိသလဲ။

အဖြေ−− Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ မကြုံစဖူးနှုန်းနဲ့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေပါတယ်။ အဲဒီအမျိုးအစားဗိုင်းရပ်စ်ရဲ့ ကူးစက်ပျံ့နှံ့နိုင်စွမ်း မြင့်မားတယ် ဆိုတာကို ကမ္ဘာတစ်ဝန်းက အစီရင်ခံစာတွေမှာ တွေ့နေရပါတယ်။ ဂျပန်နိုင်ငံမှာလည်း Omicron ကူးစက်မှုတွေ မြင့်တက်လာနေပြီး ဇန်နဝါရီလ ၁၇ ရက်နေ့မှာ တစ်နေ့တာကူးစက်မှု ပမာဏ ၃၀,၀၀၀ ကျော်ခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်တဲ့ အပတ်စဉ် အစီရင်ခံစာမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ရဲ့ “ကူးစက်နိုင်စွမ်းဟာ မြင့်လာတယ်" လို့ ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာထဲမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ဒိန်းမတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုကို ကိုးကားဖော်ပြထားပါတယ်။
အိမ်ထောင်စုအတွင်းမှာ ထပ်ဆင့်ကူးစက်မှုနှုန်းဟာ နှိုင်းယှဉ်ကြည့် မယ်ဆိုရင် Delta မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ၂၁ ရာခိုင်နှုန်း ရှိပြီး Omicron အမျိုးအစားက ထပ်ဆင့်ကူးစက်နိုင်စွမ်း ၃၁ ရာခိုင်နှုန်း ရှိပါတယ်။
Omicron ရဲ့ကူးစက်နိုင်စွမ်းဟာ Delta အမျိုးအစားထက် ၃ ဆ ပိုမို မြင့်မားတာကို တွေ့ရှိခဲ့ရတယ်လို့ အမေရိကန်ရောဂါ ထိန်းချုပ်ရေး စင်တာက ပြောပါတယ်။
အမေရိက နဲ့ ဥရောပနိုင်ငံတွေမှာ Omicron ဟာ Delta အမျိုးအစား ဗိုင်းရပ်စ်ရဲ့ နေရာကို အလျင်အမြန် အစားထိုး ဝင်ရောက် ကူးစက်ပျံ့နှံ့နေပါပြီ။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ အင်္ဂလန်နိုင်ငံက ဒေသ အများစုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ Omicron အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ဇန်နဝါရီလ ၈ ရက်နေ့အထိ အသစ် ကူးစက်မှုပမာဏရဲ့ ၉၈.၃ ရာခိုင်နှုန်းလောက်က မျိုးဗီဇပြောင်း ဗိုင်းရပ်စ် Omicron ကူးစက်မှုကြောင့်ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လက်ရှိအချိန်မှာ အဓိက ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်အမျိုးအစားဖြစ်ပြီး တခြား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အားလုံးနီးပါး မကူးတော့ဘဲ ဒီ ဗိုင်းရပ်စ်က အစားထိုးဝင်ရောက် ကူးစက်နေတယ် ဆိုတာ ပြသနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

382. ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပြီလားဆိုတာ ဘယ်လို သိရှိနိုင်ပါသလဲ။ အပိုင်း (၄) ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးတဲ့ antigen test kit ကို ဘယ်အချိန်မှာ အသုံးပြုသင့်သလဲ။

အဖြေ−− ဂျပန်မှာ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ကူးစက်ပျံ့နှံ့လာနေပါတယ်။ ဆောင်းရာသီဟာ သာမန်အအေးမိ ဖျားနာမှု မြင့်မားတဲ့ ရာသီဖြစ်တာကြောင့် အအေးမိတဲ့ လက္ခဏာ အနည်းငယ်လောက် ပြလာတဲ့အခါ COVID-19 ကူးစက်နေပြီလား လို့ စိုးရိမ်ပူပန်တတ် ကြပါတယ်။
ရောဂါလက္ခဏာ ဖြစ်ပေါ်လာတဲ့အခါ ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးတဲ့ antigen test kit ပစ္စည်းကို ဘယ်အချိန်မှာ အသုံးပြုသင့်သလဲ ဆိုတာကို လေ့လာကြရအောင်။
ညအချိန်မှာ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာတဲ့အခါ ဒါမှမဟုတ် ဆရာဝန်ဆီ သွားသင့်မသွားသင့် ဆုံးဖြတ်ရခက်နေတဲ့ အခါမျိုးမှာ ဆေးဆိုင်တွေမှာရောင်းချနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးတဲ့ ပစ္စည်း Antigen test kit ကို ဝယ်ယူသုံးစွဲတာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာ မပြတဲ့ ကူးစက်မှုမျိုးမှာတော့ Antigen test kit အဖြေဟာ တိကျမှု နည်းလိမ့်မယ်လို့ သူတို့က ဆိုပြီး၊ အဲဒီလို ရောဂါလက္ခဏာ မပြတဲ့ အခါမျိုးမှာ antigen test kit တွေကို မသုံးဖို့ အကြံပြုထား ပါတယ်။
ရောဂါလက္ခဏာ စပေါ်လာပြီး ၉ရက်အတွင်းမှာ antigen test kit နဲ့ စစ်ဆေးမယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ ရလဒ်ထွက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ဆေးပေးနိုင်တဲ့ပစ္စည်း antigen test kit မှာ "in vitro diagnostics" IVD လို့ တံဆိပ်တပ်ထားတာကို ရွေးသုံးဖို့ လိုပါတယ်။ အရေးပေါ်လိုအပ်လာရင် အသင့်သုံးနိုင်အောင် ကြိုတင်ဝယ်ယူထားဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် antigen test kit တွေမှာ မှားယွင်းပြီး negatives အဖြေထွက်နိုင်ခြေလည်း ရှိပါတယ်။ negatives ဖြစ်နေတယ် ဆိုရင်တောင် ဆရာဝန်ဆီ သွားရောက်ပြသဖို့ လိုအပ်ပါတယ်။ ဂျပန်အစိုးရက အတည်ပြုထားတဲ့ antigen test kit ကို အမေရိကန်ဒေါ်လာ ၂၀နဲ့ ရောင်းချနေပြီး အလွယ်တကူနဲ့ ဝယ်ယူရရှိနိုင်လို့ အိမ်မှာ ဆောင်ထားသင့်တယ်လို့ Kameda ဆေးဘက်ဆိုင်ရာဌာနက မစ္စတာ Otsuka Yoshihito က ပြောပါတယ်။
ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ထဲမှာ အတိုင်းအတာတစ်ခုအထိ ဝင်ရောက်နေတာ မရှိဘူးဆိုရင်လည်း antigen test kit က မှားယွင်းပြီး negatives အဖြေ ထုတ်နိုင်တယ်လို့ သူက သတိပေးထားပါတယ်။ negatives အဖြေထွက်ပြီး ရောဂါလက္ခဏာတွေရှိတယ် ဆိုရင် ဒါမှမဟုတ် စိုးရိမ်တယ်ဆိုရင် ဆေးရုံမှာ ဆရာဝန်ပြပြီး ကိုဗစ်ရောဂါကို စစ်ဆေးဖို့ မစ္စတာ Otsuka က တိုက်တွန်း ထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

381. ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပြီလားဆိုတာ ဘယ်လို သိရှိနိုင်ပါသလဲ။ အပိုင်း (၃) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပေမဲ့ ရောဂါလက္ခဏာ အနည်းငယ်ပဲ ပြတာ ဒါမှမဟုတ် လုံးဝ မပြဘူးဆိုရင် ဘာလုပ်သင့်သလဲ။

အဖြေ−− ဂျပန်မှာ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ကူးစက်ပျံ့နှံ့လာနေပါတယ်။ ဆောင်းရာသီဟာ သာမန်အအေးမိဖျား နာမှု မြင့်မားတဲ့ ရာသီဖြစ်တာကြောင့် လူတွေဟာ အအေးမိတဲ့ လက္ခဏာအနည်းငယ်လောက် ပြလာတဲ့အခါ COVID-19 ကူးစက်နေပြီလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်ပါတယ်။
ရောဂါပိုးကူးစက်မှုကြောင့် ကာကွယ်တားဆီးရေး အစီအမံတွေ အထူးလိုအပ်တဲ့ ဒေသတွေမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပေမဲ့ ရောဂါလက္ခဏာ အနည်းငယ်ပဲ ပြတာ ဒါမှမဟုတ် လုံးဝ မပြဘူးဆိုရင်တောင် အခမဲ့ ကိုဗစ် ရှိမရှိစစ်ဆေးပေးဖို့ ဗဟိုအစိုးရက ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေကို မှာကြားထားပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး ထိုးလို့မရသူတွေကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက အခမဲ့ ကိုဗစ်ရောဂါစစ်ဆေးမှုတွေ လုပ်ဆောင်ပေးနေပါတယ်။ ဒါပေမဲ့ အဲဒီလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသလား စစ်ဆေးပေးတာကို ရောဂါလက္ခဏာ မပြသူတွေကိုပဲ အခမဲ့လုပ်ပေးတာ ဖြစ်ပါတယ်။
ဖျားနာတာ၊ ပင်ပန်းနွမ်းနယ်ပြီး နှံးနေတာ ဒါမှမဟုတ် ကိုယ်လက် မအီမသာဖြစ်တာစတဲ့ ဝေဒနာတွေ ခံစားရရင် ဆေးဘက်ဆိုင်ရာ ဌာနတွေကို သွားရောက်စစ်ဆေးကြည့်ဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်သူများအဖွဲ့က ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုဆိုင်ရာ လမ်းညွှန်ချက် တစ်ရပ်ကို ရေးဆွဲနေတဲ့ ကျွမ်းကျင်သူများအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Kameda Medical Center က Otsuka Yoshihito က လည်ချောင်းနာတာ၊ နှာရည်ယိုတာ၊ ကိုယ်အပူချိန်တက်တာ၊ ခေါင်းကိုက်တာ ဒါမှမဟုတ် ကိုယ်လက် ထိုင်းမှိုင်းလေးလံတာလိုမျိုး အအေးမိဖျားနာတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာရင် ကိုဗစ်ကူးစက်ခံထားရခြင်း ရှိမရှိ ဆေးရုံဆေးခန်းတွေမှာ သွားရောက် စစ်ဆေးသင့်ကြောင်း အကြံပေးထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

380. ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပြီလားဆိုတာ ဘယ်လို သိရှိနိုင်ပါသလဲ။ အပိုင်း (၂) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အဖြေ−− ဂျပန်မှာ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ကူးစက်ပျံ့နှံ့လာတာ တွေ့ရပါတယ်။ ဆောင်းရာသီဟာ သာမန်အအေးမိဖျားနာမှု မြင့်မားတဲ့ ရာသီဖြစ်တာကြောင့် လူတွေဟာ အအေးမိတဲ့ လက္ခဏာအနည်းငယ်လောက် ပြလာတဲ့အခါ COVID-19 ကူးစက်နေပြီလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်ပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့အထိ အိုကီနာဝါခရိုင်မှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀ ဦးနဲ့ပတ်သက်တဲ့ အစီရင်ခံစာအပေါ် ဇန်နဝါရီ ၆ ရက်နေ့က ပြုလုပ်တဲ့ ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာန က ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ Omicron အမျိုးအစား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေမှာ တွေ့ရတဲ့ ရောဂါလက္ခဏာတွေထဲမှာ ကိုယ်အပူချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ်နဲ့ အထက်ရှိသူက ၇၂ ရာခိုင်နှုန်းရှိပါတယ်။ ချောင်းဆိုးသူက ၅၈ ရာခိုင်နှုန်း၊ ပင်ပန်းနွမ်းနယ်မှု ခံစားရသူက ၅၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါ့အပြင် လည်ချောင်းနာသူက ၄၄ ရာခိုင်နှုန်း ၊ နှာစေးတာ ဒါမှမဟုတ် နှာရည်ယိုသူက ၃၆ ရာခိုင်နှုန်း ၊ ခေါင်းကိုက်ဝေဒနာ ခံစားရသူက ၃၂ ရာခိုင်နှုန်းနဲ့ အဆစ်အမြစ် ကိုက်ခဲတာ ၂၄ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ Omicron အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေရဲ့ ၈ ရာခိုင်နှုန်းက ပျို့အန်တာ၊ ၆ ရာခိုင်နှုန်းက အသက်ရှူရခက်ခဲတာနဲ့ ၂ ရာခိုင်နှုန်း က အစားအသောက် အရသာ ခံစားမှု ပျောက်သွားတာ ဒါမှမဟုတ် အနံ့မရတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအစီရင်ခံစာအရဘာ ရောဂါလက္ခဏာ မပြသူဟာ ၄ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
အဲဒီ ကျွမ်းကျင်သူများအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်တဲ့ မစ္စတာ Wakita Takaji က အခုလိုပြောခဲ့ပါတယ်။ မူလ COVID-19 ဗိုင်းရပ်စ်ကူးစက်တဲ့ လူနာတွေမှာ တစ်ခါတစ်ရံ အစာခြေ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ တွေ့တာ ဒါမှမဟုတ် အရသာခံစားမှုနဲ့ အနံ့ ပျောက်တာတွေ ဖြစ်တတ်တယ် ဆိုပေမဲ့ အိုကီနာဝါ ခရိုင်က ကူးစက်မှုတွေရဲ့ အစီရင်ခံစာအရ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာဆိုရင် သာမန် အအေးမိတဲ့ ရောဂါလက္ခဏာတွေနဲ့ဆင်တူတဲ့ လက္ခဏာတွေပဲ တွေ့ရတယ်လို့ သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

379. ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပြီလားဆိုတာ ဘယ်လို သိရှိနိုင်ပါသလဲ။ အပိုင်း (၁) COVID-19 ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အဖြေ−− ဂျပန်မှာ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ကူးစက်ပျံ့နှံ့လာတာ တွေ့ရပါတယ်။ ဆောင်းရာသီဟာ သာမန်အအေးမိဖျားနာမှု မြင့်မားတဲ့ ရာသီဖြစ်ပါတယ်။ လူတွေဟာ အအေးမိတဲ့ လက္ခဏာအနည်းငယ်လောက် ပြလာတဲ့အခါ COVID-19 ကူးစက်နေပြီလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်ပါတယ်။ ဒါဆိုရင် အအေးမိတဲ့လက္ခဏာတွေ ပြလာချိန်မှာ ဘာလုပ်သင့် ပါသလဲ။
COVID-19 ရောဂါလက္ခဏာဖြစ်ပုံချင်း လူတစ်ဦးနဲ့တစ်ဦးမှာ ကွဲပြားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပြထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ အဖြစ်များတဲ့ လက္ခဏာတွေကို လေ့လာကြည့်ကြရအောင်။ အဲဒီ လက္ခဏာတွေကတော့ အဖျားကြီးတာ၊ ချောင်းခြောက်ဆိုးတာ၊ ပင်ပန်းနွမ်းနယ်ပြီး နုံးနေတာနဲ့ အနံ့မရတာ ဒါမှမဟုတ် လျှာကအရသာခံစားမှု ပျောက်သွားတာတို့ ဖြစ်ပါတယ်။ တချို့ ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေမှာတော့ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ အရေပြားနီမြန်းလာတာ ဒါမှမဟုတ် လက်ချောင်းခြေချောင်းတွေ အရောင်ပြောင်းတာနဲ့ မျက်လုံးနီရဲလာ တာတွေ ဖြစ်တတ်ပါတယ်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ထုတ်ပြန် ထားတာမှာတော့ အသက်ရှုကြပ်တာ ဒါမှမဟုတ် အသက်ရှူရခက်ခဲတာ၊ ကြွက်သားနာကျင်တာ ဒါမှမဟုတ် ခန္ဓာကိုယ် ကိုက်ခဲတာ ၊ နှာခေါင်းပိတ်တာ ဒါမှမဟုတ် နှာရည်ယိုတာ၊ ပျို့အန်ချင်တာ ဒါမှမဟုတ် ပျို့အန်တာနဲ့ ချမ်းပြီးတုန်နေတာကို COVID-19 ကူးစက်တဲ့ လက္ခဏာတွေအဖြစ် ဖော်ပြထားပါတယ်။
Omicron မျိုးဗီဇပြောင်း ကိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါမှာရော အခုပြောခဲ့တဲ့လက္ခဏာတွေ ဖြစ်ပါသလား ဆိုတာကိုလည်း ဆက်လေ့လာရအောင်။
သုတေသနပြု လေ့လာထားတာတွေအရ ဒီ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ တခြားမျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေလို အဆုတ်ကို ထိခိုက်ပြီး ပြင်းထန်တဲ့ အဆုတ်ရောင် ရောဂါဖြစ်ပေါ် စေတာမျိုး မဟုတ်ဘဲ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ရောင်ရမ်းတာမျိုး အဖြစ်ပိုများတာကြောင့် Omicron က အဓိကအားဖြင့် နှာခေါင်းနဲ့ လည်ချောင်းပိုင်းမှာ ရောင်ရမ်းစေတယ်လို့ သုံးသပ်ကြောင်း WHO က တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် မျိုးဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ် တစ်မျိုးနဲ့တစ်မျိုးမှာ ဖြစ်ပေါ်တဲ့ ရောဂါလက္ခဏာတွေဟာ မတူ ကွဲပြားနိုင်တယ်လို့ သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

378. တိုကျိုမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် လူထုအကြား ကူးစက်မှုတွေ အပါအဝင် နှစ်ကုန်နဲ့ နှစ်သစ်အစပိုင်း ကာလမှာ ကိုရိုနာကူးစက်မှု များပြားလာခြင်း။ အပိုင်း(၂) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် လူထုအကြား ကူးစက်ပျံ့နှံ့နေမှုက ဘယ်လို အခြေအနေ ရှိပါလဲ။

အဖြေ−− တိုကျိုမှာ နှစ်ကုန်ပိုင်းနဲ့ နှစ်သစ်အစပိုင်း ကာလကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ များလာပါတယ်။ တိုကျိုမှာ Omicron အမျိုးအစားဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံး အတည်ပြုနိုင်ခဲ့တာ ဒီဇင်ဘာလ ၆ရက်နေ့က ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ဒီဇင်ဘာ ၂၈ ရက်နေ့အထိ သီတင်းပတ်နှစ်ပတ်အတွင်း Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၃ ဦးအထိ ရှိလာခဲ့ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့ မှာတော့ တစ်ရက်တည်းမှာတင် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉ ဦးရှိပြီး ဇန်နဝါရီလ ၃ရက်နေ့မှာ တစ်နေ့တာ ကူးစက်ခံရသူ ၂၅ ဦး ရှိခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ Omicron အမျိုးအစား လူထုအကြားမှာ ကူးစက်မှု ၁ဦးပဲ ရှိခဲ့ပေမဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့နဲ့ ဇန်နဝါရီ ၃ ရက်နေ့ ၂ရက်ပေါင်း ၁၂ ဦးအထိ ကူးစက်ခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုစနစ်ကတော့ ကိုဗစ်လူနာတွေ အတွက် အများဆုံးဆေးရုံကုတင် ၆၉၁၉ ခုပြင်ဆင်ထားပြီး ဇန်နဝါရီလ ၃ ရက်နေ့အထိ ဆေးရုံတက်ကုသတဲ့ ကိုဗစ်လူနာ ၃.၅ ရာခိုင်နှုန်းရှိပါတယ်။ အခုအချိန်မှာတော့ ဆေးရုံတက်ရမယ့် ကိုဗစ်လူနာမဟုတ်တဲ့ တခြားရောဂါနဲ့ လူနာတွေအတွက် ကုတင်လိုအပ်ချက်တွေကို ဟန်ချက်ညီညီ ထိန်းထားနိုင်သေးတယ်လို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါပေမဲ့ Omicron အမျိုးအစား ကူးစက်ပျံ့နှံ့မှုပေါ် မူတည်ပြီး ဆေးရုံကုတင် မလုံမလောက် ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

377. တိုကျိုမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် လူထုအကြား ကူးစက်မှုတွေ အပါအဝင် နှစ်ကုန်နဲ့ နှစ်သစ်အစပိုင်းကာလမှာ ကိုရိုနာ ကူးစက်မှု များပြားလာခြင်း။ အပိုင်း(၁) ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုပမာဏ အခြေအနေ ဘယ်လိုရှိပါလဲ။

အဖြေ−− တိုကျိုမှာ နှစ်ကုန်ပိုင်းနဲ့ နှစ်သစ်အစပိုင်း ကာလကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ များလာပါတယ်။ တိုကျိုမှာ ဒီဇင်ဘာလ ၂၉ ရက်မှာ ကိုရိုနာဗိုင်းရစ် ကူးစက်ခံရသူအသစ် ၇၆ ဦးရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာတော့ ကူးစက်ခံရသူ အသစ် ၆၄ ဦးရှိပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ၇၈ ဦးနဲ့ ဒီဇင်ဘာလအတွက် စံချိန်တင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ အရင်သီတင်းပတ်က ထက် ၂ဆနီးပါး များလာခဲ့ပါတယ်။
နှစ်ဦးကာလမှာ တစ်နေ့တာ ကူးစက်ခံရသူပမာဏဟာ မြင့်တက်လာခဲ့ ပါတယ်။ အတည်ပြုထားတဲ့ ကူးစက်ခံရသူအသစ် ဦးရေဟာ ဇန်နဝါရီလ ၁ ရက်နေ့မှာ ၇၉ ဦးရှိပြီး ဇန်နဝါရီလ ၂ ရက်နေ့မှာ ၈၄ ဦးရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့မှာ ကူးစက်ခံရသူအသစ် အရေအတွက် ၁၀၃ ဦးအထိဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ နောက်ပိုင်း ပထမဆုံးအကြိမ် ကူးစက်သူဦးရေ ၁၀၀ကျော် လာခဲ့ပါတယ်။
(ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ ကူးစက်ခံရသူအသစ် အရေအတွက်က ၃၉၀ အထိ ဖြစ်လာခဲ့ပါတယ်။) တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ကူးစက်မှုတွေဟာ အရှိန်အဟုန်နဲ့ မြင့်တက်လာနေတာကြောင့် အာဏာပိုင်တွေဟာ အန္တရာယ်နဲ့ ရင်ဆိုင်လာနေရပြီလို့ ခံစားနေရကြောင်း ပြောပါတယ်။
ဒီကာလအတွင်း မိသားစုဝင်တွေအကြား ကူးစက်မှုတွေလည်း သိသိသာသာ များပြားလာပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့အထိ ၆ရက်တာအတွင်း ကူးစက်ခံရသူ ၄၈၄ ဦးရှိတဲ့ အထဲမှာ ၃၆.၂ ရာခိုင်နှုန်း ဖြစ်တဲ့ ၁၇၅ ဦးရဲ့ ကူးစက်မှုလမ်းကြောင်းကို သိရှိခဲ့ပါတယ်။ ၁၀၁ ဦးက မိသားစုအတွင်းမှာဘဲ ကူးစက်ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး အဲဒီလို ကူးစက်ခံရတာက ၅၇.၇ ရာခိုင်နှုန်းရှိပါတယ်။
၁၂ ရာခိုင်နှုန်းက လုပ်ငန်းခွင်ကနေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ အဲဒီနောက် အပြင်ထွက် စားသောက်ရာကနေ ကူးစက်သူက ၉.၁ ရာခိုင်နှုန်းရှိပြီး၊ စက်ရုံအမျိုးမျိုးမှာ ကူးစက်မှု ၇.၄ ရာခိုင်နှုန်း ရှိပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

376. ကမ္ဘာတစ်ဝန်းက အစီရင်ခံစာတွေထဲမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဘယ်လို ဖော်ပြထားသလဲ။ အပိုင်း (၂)

အဖြေ−− Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ရင် အရင် မျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေလောက် ရောဂါပြင်းထန်မှု မရှိဘူးဆိုတဲ့ ယူဆချက်တွေ ရှိပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကတော့ Omicron အမျိုးအစား ဗိုင်းရပ်စ်ကြောင့် ရောဂါလက္ခဏာ ပြင်းထန်လာမှုရှိမရှိ ဆိုတာကို ဆက်ပြီး သတိထားဖို့ လိုကြောင်း သတိပေးထားပါတယ်။
ဥရောပ၊ အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက အစီရင်ခံစာတွေ မှာတော့ Omicron ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေဟာ ရောဂါလက္ခဏာ လုံးဝမပြတာ ဒါမှမဟုတ် ရောဂါလက္ခဏာ အနည်းငယ်ပဲ ပြတာတွေ့ရတယ်လို့ ဆိုပါတယ်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဗဟိုဌာန (CDC)ကနေ ကနဦး ထုတ်ပြန်တဲ့ အချက်အလက်တွေအရ Omicron အမျိုးအစား ဗိုင်းရပ်စ်ကူးစက်မှုဟာ အရင်မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေထက် ရောဂါလက္ခဏာ ပြင်းထန်မှု နည်းပါးနိုင်တယ်လို့ အကြံပြုထားပါတယ်။ ဒါပေမဲ့လည်း ယုံကြည်စိတ်ချရတဲ့ လက်တွေ့စမ်းသပ်မှု အချက်အလက်က အကန့်အသတ်နဲ့ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ Omicron ကူးစက်မှုကြောင့် ရောဂါလက္ခဏာ ပြင်းထန်လာမှု အချိုးအစားဟာ အရင်မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေထက် နည်းတယ်ဆိုရင်တောင် ကူးစက်လွယ်တဲ့အတွက် ကူးစက်ခံရသူ အရေအတွက် များတာကြောင့် ရောဂါလက္ခဏာ ပြင်းထန်လာနိုင်တဲ့သူ အရေအတွက်ကလည်း များလာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် “ကူးစက်ခံရသူအရေအတွက် တိုးလာတဲ့အချိန်၊ ရောဂါလက္ခဏာပြင်းထန်လာတဲ့ အချိန်နဲ့ သေဆုံးမှု အရေအတွက် တိုးလာတဲ့အချိန်တွေဟာ တစ်ခုနဲ့တစ်ခု ဖြစ်တဲ့အချိန် ကွာဟမှု ရှိတတ်တာကြောင့် Omicron အမျိုးအစားဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်တဲ့ လူနာတွေကို သုတေသနပြုထားတဲ့ အချက်အလက်တွေဟာ အကန့်အသတ်နဲ့ပဲ ရှိနေသေးတယ်”လို့ WHO က ဒီဇင်ဘာလ ၂၁ ရက်နေ့က သူ့ရဲ့ အပတ်စဉ် ကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲဒီ ထုတ်ပြန်ချက်ထဲမှာ "ဗြိတိန်နဲ့ တောင်အာဖရိက နိုင်ငံတွေမှာ ဆေးရုံတက်ကုသမှု ခံယူရသူတွေ ဆက်တိုက် တိုးလာနေပြီး ရောဂါကူးစက်ခံရသူ အရေအတွက်ဟာလည်း အလျင်အမြန် များလာနေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေအပေါ် ဝန်ပိလာနိုင်ဖွယ်ရှိတယ်" လို့ ဆိုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

375. Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်လွယ်သလား။ အပိုင်း (၁)

အဖြေ−− နောက်ဆုံးထွက်ပေါ်လာတဲ့ စိုးရိမ်စရာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်Omicron ဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ အထူးသဖြင့် လူထုအကြား ကူးစက်ပျံ့နှံ့ မှုတွေ များနေပါတယ်။
ဂျပန်နိုင်ငံမှာလည်း လူထုအကြား Omicron အမျိုးအစား ဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိလာတာကို အတည်ပြုထား ပါတယ်။ ကမ္ဘာတစ်ဝန်းက အစီရင်ခံစာတွေမှာတော့ Omicron အမျိုးအစားဟာ အရင်မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေထက် ပိုမိုကူးစက်လွယ်တယ်လို့ ဆိုထားပါတယ်။ Delta မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်ခဲ့တဲ့ ဗြိတိန်နဲ့ အမေရိကန်လို နိုင်ငံတွေမှာ Omicron ဟာ အလျင်အမြန် ကူးစက်ပျံနှံ့လာနေပါတယ်။
Omicron အမျိုးအစားဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ နိုင်ငံတွေမှာ ဗိုင်းရပ်စ် ကူးစက်မှု ၂ ဆ တိုးလာတာ ၁.၅ ရက်ကနေ ၃ ရက်အတွင်း မှာပဲ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က Omicron ဟာ Delta အမျိုးအစားဗိုင်းရပ်စ်ထက် သိသိသာသာ ကူးစက်မှု ပိုမြန်တယ်ဆိုတဲ့အထောက်အထားတွေ ရထားကြောင်း ပြောခဲ့ပါတယ်။
ကာကွယ်ဆေးထိုးပြီးသူတွေ ဒါမှမဟုတ် COVID-19 ရောဂါဖြစ်ဖူးပြီး ပြန်နေကောင်းလာသူတွေလည်း နောက်တစ်ကြိမ်ထပ်ပြီး ကူးစက် တာ ရှိတယ်လို့ သိထားကြောင်း သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

374. တတိယ အကြိမ် ကာကွယ်ဆေးအားဖြည့်ထိုးနှံတာဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အသစ်ကို ကာကွယ်ရာမှာ ဘယ်လောက် ထိရောက်မှုရှိနိုင်သလဲ။ အပိုင်း(၇)

အဖြေ−− အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Moderna က သူ့ရဲ့ ဓာတ်ခွဲခန်းစမ်းသပ်မှုအရ Moderna ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ် ထိရောက်မှုရှိပုံရတယ်လို့ ဆိုပါတယ်။
အဲဒီကုမ္ပဏီကြီးကနေ ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ ပဏာမ လေ့လာတွေ့ရှိချက်တွေအရ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူတွေမှာ Omicron မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ပိုးကို အာနိသင်ပြယ်စေတဲ့ ပဋိပစ္စည်း neutralizing antibody ပမာဏ နည်းပါးတယ်လို့ ဆိုပါတယ်။
ဂျပန်နဲ့ အမေရိကန် ၂နိုင်ငံလုံးမှာ တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံတဲ့အခါ ဆေးပမာဏ ၅၀ မိုက်ခရိုဂရမ် ထိုးပေးမယ်ဆိုရင် neutralizing antibody ပဋိပစ္စည်းပမာဏ ၃၇ ဆလောက် တိုးလာတာကို တွေ့ရပါတယ်။
အားဖြည့်ကာကွယ်ဆေးကို ပထမ ၂ကြိမ်မှာ ထိုးပေးတဲ့ ဆေးပမာဏ ၁၀၀ မိုက်ခရိုဂရမ် ထိုးပေးရင်တော့ neutralizing antibody ပဋိပစ္စည်းပမာဏဟာ ၈၃ ဆ ပိုများလာတာ တွေ့ခဲ့ရပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ ကာကွယ်ဆေးကိုပဲ တတိယအကြိမ် အားဖြည့်ထိုးပေးရင် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်လိမ့်မယ်လို့ Moderna က ပြောပါတယ်။
Omicron အမျိုးအစားအတွက် သီးသန့် ကာကွယ်ဆေးကို ဆက်ပြီး တီထွင်နေပေမဲ့လည်း အခုအချိန်မှာ ဒီ Omicron အမျိုးအစားအတွက် ကာကွယ်ဆေးအသစ် မလိုအပ်သေးဘူးလို့ အဲဒီ ဆေးဝါးကုမ္ပဏီကြီး က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

373. တတိယ အကြိမ် ကာကွယ်ဆေးအားဖြည့်ထိုးနှံတာဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ကာကွယ်ဖို့ ဘယ်လောက် ထိရောက်မှုရှိနိုင်သလဲ။ အပိုင်း(၆)

အဖြေ−− အမေရိကန်အိမ်ဖြူတော်က ဆေးဘက်ဆိုင်ရာ အကြံပေးအဖွဲ့ရဲ့ အကြီးအကဲ Anthony Fauci က လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေကို တတိယအကြိမ် အားဖြည့်ထိုးမယ်ဆိုရင် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်တယ်လို့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ Pfizer ဒါမှမဟုတ် Moderna ကာကွယ်ဆေးကို ၂ကြိမ်အပြည့် ထိုးထားပေမယ့် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင်ရော ရောဂါဆိုးဆိုးရွားရွား မဖြစ်အောင်ပါ ကာကွယ်ရာမှာ အစွမ်းသိသိသာသာ နည်းတယ်လို့ မစ္စတာ Fauci က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း အခုနောက်ဆုံးလေ့လာမှုတွေအရ ၃ကြိမ်မြောက် အားဖြည့် ကာကွယ်ဆေးထိုးရင် ဗိုင်းရပ်စ်ပိုးရဲ့အာနိသင်ကို ပြယ်စေတဲ့ ပဋိပစ္စည်း neutralizing antibody ထွက်ရှိတဲ့အဆင့်ကို သိသိသာသာ တိုးလာစေပြီး Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်နိုင်စွမ်းကို မြင့်တက်လာစေတယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ဒီအချက်ကိုကြည့်ရင် Omicron မျိုးဗီဇပြောင်းဗိုင်းရပ်စ်အတွက် သီးသန့် အားဖြည့်ကာကွယ်ဆေးထုတ်ဖို့ မလိုသေးဘူးဆိုတာ ပြနေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။ Pfizer နဲ့ Moderna ဆေးဝါးကုမ္ပဏီကြီးတွေက Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ကာကွယ်ဆေး အသစ်တွေ တီထွင်နေတယ်လို့ ကြေညာထားခဲ့တာ ရှိပါတယ်။ ဒါပေမယ့် မစ္စတာ Fauci က ကာကွယ်ဆေးအသစ်ကို စောင့်ထိုးဖို့ မလိုသေးကြောင်းနဲ့ လက်ရှိ ၂ကြိမ်ထိုးပြီးသား ကာကွယ်ဆေးကိုပဲ တတိယအကြိမ် အားဖြည့်ထိုးနှံကြဖို့ အမေရိကန်ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

372. တတိယအကြိမ် ကာကွယ်ဆေးအားဖြည့်ထိုးနှံတာဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ကာကွယ်ရာမှာ ဘယ်လောက် ထိရောက်မှုရှိနိုင်သလဲ။ အပိုင်း(၅)

အဖြေ−− အာဖရိကကျန်းမာရေးသုတေသနဌာနက ပါမောက္ခ Alex Sigal ဦးဆောင်ပြီး Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ် ကာကွယ်ဆေးရဲ့ ထိရောက်မှု အခြေအနေနဲ့ပတ်သက်ပြီး ဓာတ်ခွဲခန်းသုတေသန တစ်ခုပြုလုပ်ခဲ့ပါတယ်။  Pfizer ကာကွယ်ဆေးကြောင့် ထွက်လာတဲ့ ကိုယ်ခံအားပဋိပစ္စည်း ဘယ်လောက်ရှိသလဲဆိုတာကို လေ့လာဖို့ ကာကွယ်ဆေးထိုးထား သူ ၁၂ ဦးရဲ့ သွေးရည်ကြည်ကို စစ်ဆေးခဲ့ပါတယ်။

ကာကွယ်ဆေးကြောင့်ဖြစ်လာတဲ့ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို အာနိသင်ပြယ်စေတဲ့ ကိုယ်ခံအားပဋိပစ္စည်းရဲ့ အစွမ်းဟာ အဆ ၄၀ လျော့နည်းသွားတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ကာကွယ်ဆေးဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ရောဂါလက္ခဏာမပေါ်လာအောင် ကာကွယ် ပေးနိုင်တာ ၂၂.၅ ရာခိုင်နှုန်းပဲ ရှိနိုင်တယ်လို့ သုတေသနဌာနက ခန့်မှန်းတွက်ချက်ထားပါတယ်။

ကိုဗစ်ကူးစက်ခံခဲ့ရပြီး နောက်မှ ကာကွယ်ဆေး ၂ကြိမ်ထိုးထားတဲ့ လူ ၆ဦးရဲ့ သွေးနမူနာတွေကို လေ့လာကြည့်ရာမှာတော့ လူ ၅ဦးမှာ ဗိုင်းရပ်စ်ပိုးကို အာနိသင်ပြယ်စေတဲ့ ပဋိပစ္စည်းထွက်ရှိမှုပမာဏ မြင့်မားတာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးတဲ့သူဟာ ပဋိပစ္စည်းထွက်ရှိတဲ့ပမာဏ မြင့်တက်လာမှာဖြစ်ပြီး ရောဂါလက္ခဏာမပြင်းထန်လာအောင် ကာကွယ်နိုင်ကောင်းတယ်လို့ အဲဒီသုတေသနဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

 

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

371. တတိယအကြိမ် ကာကွယ်ဆေးအားဖြည့်ထိုးနှံတာဟာ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ အစွမ်းအာနိသင်ကို ပြယ်စေတဲ့ပဋိပစ္စည်း neutralizing antibody ပမာဏ ဘယ်လောက် ထွက်ရှိသလဲ။ အပိုင်း(၄)

အဖြေ−− အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer နဲ့ သူ့ရဲ့ မိတ်ဖက် ဂျာမန်ဆေးဝါး ကုမ္ပဏီ BioNTech တို့က Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ် သူတို့ရဲ့ ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး ပဏာမလေ့လာမှုရလဒ်တွေကို ဒီဇင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ရလဒ်တွေအရ တတိယအကြိမ် အားဖြည့်ကာကွယ်ဆေး ထိုးနှံတာဟာ ပထမ ၂ကြိမ်ထက် ပဋိပစ္စည်းပမာဏ ၂၅ ဆ တိုးလာပြီး Omicron မျိုးဗီဇပြောင်း ဗိုင်းရပ်စ်အပေါ်မှာလဲ အခြားမျိုးဗီဇပြောင်း ဗိုင်းရပ်စ်ကို ကာကွယ်တာနဲ့ အလားတူအဆင့်ရှိတာ ပြသနေပါတယ်။ အဲဒီ ဆေးဝါးကုမ္ပဏီတွေက Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ အစွမ်း အာနိသင်ကိုပြယ်စေတဲ့ ပဋိပစ္စည်း neutralizing antibody ပမာဏ ဘယ်အတိုင်းအတာအထိရှိတယ်ဆိုတာ သိရှိနိုင်ဖို့ လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ ၃ကြိမ်မြောက် အားဖြည့်ကာကွယ်ဆေး ထိုးပြီး တစ်လပြည့်ပြီးသူရဲ့ သွေးနမူနာကို ယူပြီး စမ်းသပ်ကြည့်ခဲ့တဲ့အခါ အဲဒီသူရဲ့ သွေးထဲမှာ တွေ့ရတဲ့ ပဋိပစ္စည်းပမာဏဟာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး သီတင်း၃ပတ်အကြာမှာ မူလကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတာကို ကာကွယ်ပေးနိုင်တဲ့ ပဋိပစ္စည်းပမာဏနဲ့ တူညီတာကို လေ့လာသိရှိခဲ့ရ ပါတယ်။
တတိယအကြိမ် အားဖြည့်ကာကွယ်ဆေးထိုးခြင်းဟာ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကနေ ခုခံကာကွယ်ပေးနိုင်တဲ့ပမာဏ မြင့်မားစေမယ်လို့ မျှော်လင့်ထားကြောင်း သူတို့က ပြောပါတယ်။
ကိုယ်ခံအားဆဲလ်တွေဟာ ဆူးချွန်ပရိုတင်း အစိတ်အပိုင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ကြပြီး Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆူးချွန်ပရိုတင်း ၈၀ ရာခိုင်နှုန်းလောက်ဟာ မျိုးဗီဇ မပြောင်းတာကြောင့် ကိုယ်ခံအားဆဲလ်တွေက သူတို့တိုက်ခိုက်ရမယ့် ရန်သူအဖြစ် ဆက်မှတ်ထားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးထားရင်လည်း ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မဖြစ်ပေါ်အောင် ကာကွယ်ပေးတယ်လို့ ပြောပါတယ်။ တတိယအကြိမ် အားဖြည့်ကာကွယ်ဆေး ထိုးထားရင်တော့ ကိုယ်ခံအားဆဲလ်တွေရဲ့ စွမ်းဆောင်နိုင်တဲ့အဆင့်ကို မြှင့်တင်ပေး ပါတယ်။ ဒါ့ကြောင့် COVID-19 ဖြစ်ရင် လူနာတွေ ရောဂါပြင်းထန်လာမှာကို တတိယအကြိမ် ကာကွယ်ဆေးထိုးတာကနေ ကာကွယ်ပေးမယ်လို့ ယုံကြည်ရကြောင်း သူတို့က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

370. ကာကွယ်ဆေးတတိယအကြိမ် အားဖြည့်ထိုးနှံပြီးနောက် စွမ်းရည်မြင့်လာတဲ့ Immune cellsတွေ ဘယ်လိုအလုပ် လုပ်ဆောင်သလဲ။ အပိုင်း(၃)

အဖြေ−− ကာကွယ်ဆေးတတိယအကြိမ် အားဖြည့်ထိုးနှံတာဟာ အသစ်ထွက်ပေါ်လာတဲ့ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ် ဘယ်လောက် ထိရောက်မှုရှိနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဗိုင်းရပ်စ်နဲ့ ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Kitasato University က ပါမောက္ခ Nakayama Tetsuo က ဖြေကြားပေးထားပါတယ်။
Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ spike protein လို့ခေါ်တဲ့ ဆူးချွန်ပရိုတင်းတွေမှာ မျိုးဗီဇပြောင်းလဲမှု ၃၀ လောက် ပါဝင်တယ်လို့ သိထားပါတယ်။ အဲဒီ ဆူးချွန်ပရိုတင်းက လူသားရဲ့ကိုယ်ခန္ဓာထဲက ဆဲလ်တွေထဲ ထိုးဖေါက်ဝင်ပြီး ခြေကုပ်ယူပါတယ်။ ဒါပေမဲ့ ဆူးချွန်ပရိုတင်းမှာ မျိုးဗီဇပြောင်းလဲမှု ဖြစ်တာဟာ ဆူးချွန်ပရိုတင်းတွေအားလုံးရဲ့ ၃ရာခိုင်နှုန်းလောက်မှာသာ ဖြစ်ပေါ်နေတာပါ။ ဒါကြောင့် ကာကွယ်ဆေး ထိုးထားရင်လည်း Omicron မျိုးဗီဇပြောင်းဗိုင်းရပ်စ် မကူးစက်အောင် တားဆီးပေးတဲ့ ထိရောက်မှုက အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားနိုင်တယ် ဆိုပေမဲ့လည်း ရောဂါကူးစက်ခံရသူတွေ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မဖြစ်အောင် တားဆီးနိုင်စွမ်းကတော့ မကျသွားဘူးလို့ သူက ပြောပါတယ်။
ပါမောက္ခ Nakayama က တတိယအကြိမ် အားဖြည့်ကာကွယ်ဆေးထိုးတာဟာ antibodies လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အပြင် လူသားဆဲလ်တွေထဲ ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်တွေကိုပြန်လည် ခုခံတိုက်ခိုက်တဲ့ ကိုယ်ခံစွမ်းအားဆဲလ်တွေရဲ့ စွမ်းဆောင်ရည်လည်း မြင့်တက်လာစေတယ်လို့ ပြောကြားခဲ့ပါတယ်။
မျိုးဗီဇပြောင်းလဲမှုတွေများတဲ့ ဗိုင်းရပ်စ်ဟာ ပဋိပစ္စည်းတွေကို ရှောင်ပြီး လွတ်သွားနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ခံအားဆဲလ် Immune cells တွေက ဘယ်လို မျိုးဗီဇပြောင်းလဲမှုမျိုးကိုမဆို တန်ပြန် ခုခံကာကွယ် တိုက်ခိုက်ပေးနိုင်စွမ်းရှိပါတယ်။ ဒ့ါကြောင့် တတိယအကြိမ် အားဖြည့်ကာကွယ်ဆေးထိုးရင် ကိုယ်ခံအားဆဲလ်တွေရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးအဆင့်မှာ ဆက်ထိန်းပေးထားနိုင်တာကြောင့် ပြင်းထန်တဲ့ ကိုဗစ်ရောဂါဖြစ်တာကို လျော့ကျစေနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

369. “Prime-Boost” လို့ခေါ်တဲ့ ကာကွယ်ဆေး အကြိမ်ရေ ပြည့်အောင်ထိုးနှံတာဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာရင် ဘယ်လောက် ထိရောက်မှုရှိနိုင်သလဲ ? အပိုင်း(၂)

အဖြေ−− Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ထွက်ပေါ်လာပြီး တဲ့နောက်မှာ တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံမှုတွေကို နိုင်ငံအများအပြားမှာ လုပ်ဆောင်လာ နေကြပါတယ်။
တတိယအကြိမ် ကာကွယ်ဆေးထိုးဖို့ ဘာကြောင့် လိုအပ်ပါသလဲ။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဂျပန်အစိုးရရဲ့ ကျွမ်းကျင်သူများအဖွဲ့က အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး National Mie ဆေးရုံရဲ့ ဆေးဘက်ဆိုင်ရာ သုတေသနဌာနက အကြီးအကဲ မစ္စတာ Taniguchi Kiyosu က ဖြေကြားပေးထားပါတယ်။
တတိယအကြိမ် ကာကွယ်ဆေးထိုးတာဟာ ပဋိပစ္စည်းပမာဏကို တိုးစေရုံသာမက ကိုယ်ခံစွမ်းအားစနစ်မှာရှိတဲ့ မှတ်ဉာဏ်ကို ခိုင်မာလာအောင် တည်ဆောက်ရာမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်ပေးတယ်လို့ သူက ပြောပါတယ်။
ပထမအကြိမ် ကာကွယ်ဆေးထိုးတာကို "prime" ပင်မအရင်းအမြစ် လို့ ရည်ညွှန်းခေါ်ဆိုပြီး ကာကွယ်ဆေးတစ်ကြိမ်ထိုးလိုက်ရင် ခန္ဓာကိုယ်က နဂိုရှိပြီးသား ကိုယ်ခံစွမ်းအားစနစ်က ဗိုင်းရပ်စ်တွေကို သူတို့ရဲ့ ရန်သူလို့ စပြီးသိအောင် မှတ်ထားလိုက်ပါတယ်။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့နောက်မှာ ကိုယ်ခံအားစနစ်က တိုက်ခိုက်ရမယ့် ပစ်မှတ်ဆိုတာ ဒီဗိုင်းရပ်စ်ပဲ ဆိုတာ ကိုယ်ခံအားစနစ်ထဲမှာ မှတ်ဉာဏ်ကို တည်ဆောက်ပါတယ်။
“Boost-အားဖြည့်မှု”လို့ ခေါ်ဆိုတဲ့ တတိယအကြိမ် ကာကွယ်ဆေးထိုးတာကတော့ ကိုယ်ခံအားစနစ်ထဲမှာ တည်ဆောက်ထားတဲ့ မှတ်ဉာဏ်ကို ပိုပြီးကြာကြာ မှတ်ထားနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ရန်သူက ဘယ်သူလဲဆိုတာ သိအောင်နဲ့ ရန်သူကို ကြာကြာမှတ်ထားနိုင်အောင် ကာကွယ်ဆေးထိုးတဲ့ နည်းဗျူဟာကို "prime and boost" နည်းစနစ်လို့ ခေါ် ပါတယ်။
ကာကွယ်ဆေးထိုးတာကတစ်ဆင့် လုံလောက်တဲ့ ကိုယ်ခံစွမ်းအားကို ရယူတဲ့ ဒီနည်းဗျူဟာက ရောဂါလက္ခဏာ ပြင်းထန်မလာအောင် ကာကွယ်ပေးဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီနည်းဗျူဟာက Omicron အပါအဝင် အသစ်ပေါ်ထွက်လာတဲ့ ဘယ်မျိုးဗီဇပြောင်း ဗိုင်းရပ်စ်အသစ်နဲ့ ဖြစ်ဖြစ် ထိထိရောက်ရောက် ကာကွယ်နိုင်မယ်လို့လည်း ယူဆပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေး အားဖြည့်ထိုးနှံပေးဖို့ အစီအမံတွေ မြှင့်တင်လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ သူက အလေးပေးပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

368. တတိယအကြိမ် ကာကွယ်ဆေးထိုးဖို့ ဘာကြောင့် လိုအပ်သလဲ။ အားဖြည့်ထိုးနှံတဲ့ ကာကွယ်ဆေးဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ် ထိရောက်မှု ဘယ်လောက်ရှိသလဲ။ အပိုင်း(၁)

အဖြေ−− Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ် လက်ရှိအသုံးပြုနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေက ထိရောက်မှု နည်းပါးသလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေ ပါတယ်။ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေလည်း ကမ္ဘာတစ်ဝန်းမှာ များပြားလာနေတာကြောင့် တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေး ၂ကြိမ် ထိုးပြီးသားသူတွေကို တတိယအကြိမ် ကာကွယ်ဆေးကို အားဖြည့်ထပ်ထိုးပေးနေပါတယ်။
အားဖြည့်ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေက ပထမ ၂ကြိမ်မှာ အသုံးပြုခဲ့တဲ့ ကာကွယ်ဆေး အမျိုးအစားတွေပဲ ဖြစ်ပြီး အဲဒီကာကွယ်ဆေးတွေက အရင်က ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားအတွက် တီထွင်ထားတာ ဖြစ်ပါတယ်။
Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆူးချွန်ပရိုတင်းတွေမှာ မျိုးဗီဇပြောင်းလဲမှုတွေ အများကြီး ပါဝင်နေပါတယ်။ လူသားရဲ့ကိုယ်ခန္ဓာထဲက ဆဲလ်တွေထဲ ဗိုင်းရပ်စ်က ဝင်တဲ့အခါ အဲဒီ ဆူးချွန်ပရိုတင်းတွေက ခြေကုပ်ယူတဲ့ အရေးကြီးတဲ့အစိတ်အပိုင်း ဖြစ်ပါတယ်။
အဲဒီလို ဆူးချွန်ပရိုတင်းမှာ မျိုးဗီဇတွေ အများကြီး ပြောင်းလဲနေ တာကြောင့် ဗိုင်းရပ်စ်ပိုးရဲ့ အာနိသင်ပြယ်စေတဲ့ ပဋိပစ္စည်း Neutralizing Antibodies (NAb)တွေဟာ ဗိုင်းရပ်စ်ပိုးမှာ တွဲကပ် တိုက်ခိုက်ဖို့နဲ့ ဗိုင်းရပ်စ်တွေလူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲ မဝင်ရောက်အောင် ကာကွယ် တားဆီးဖို့အတွက် ခက်ခဲနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဂျပန်အစိုးရရဲ့ ကျွမ်းကျင်သူများအဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ National Mie ဆေးရုံရဲ့ ဆေးဘက်ဆိုင်ရာ သုတေသနဌာနက အကြီးအကဲ မစ္စတာ Taniguchi Kiyosu က
Omicron မျိုးဗီဇပြောင်းဗိုင်းရပ်စ်အပေါ် ကာကွယ်ဆေးတွေရဲ့ ထိရောက်မှု နည်းမယ်ဆိုရင်တောင် ကာကွယ်ဆေး အားဖြည့် ထိုးတာက အကျိုးပိုရှိပါလိမ့်မယ်လို့ ပြောပါတယ်။ ဥပမာအားဖြင့် Omicron မှာ ပါဝင်နေတဲ့ မျိုးဗီဇပြောင်းလဲမှုတွေက Neutralizing Antibodies (NAb)ရဲ့ ထိရောက်မှုတွေကို လေးပုံတစ်ပုံ လျော့ပါးစေမယ် ဆိုရင်တောင် ကာကွယ်ဆေး အားဖြည့်ထိုးပြီးတဲ့နောက်မှာ ကိုယ်ခံအားစနစ်ကို အားကောင်းလာစေတာကြောင့် ပမာဏ ၄ဆတိုးလာတဲ့ပဋိပစ္စည်းက ဗိုင်းရပ်စ်ကို ရောဂါ မဖြစ်အောင် ကာကွယ်နိုင်မယ်လို့ မစ္စတာ Taniguchi က ပြောပါတယ်။ တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံပြီး ခန္ဓာကိုယ်ထဲက ပဋိပစ္စည်းရဲ့ပမာဏ မြင့်တက်သွားရင် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မှာ သွားကပ်ပြီး ကာကွယ်ပေးနိုင်တဲ့ Neutralizing Antibodies (NAb)တွေလည်း ပိုပြီး တိုးပွားလာမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

367. လက်ရှိ ကိုဗစ်ရောဂါကို ကုသနေတဲ့ဆေးဝါးတွေဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အပေါ် ထိရောက်မှု ရှိပါသလား။ အပိုင်း(၄)

အဖြေ−− ကမ္ဘာတစ်ဝန်းမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ တွေ့ရှိနေချိန်မှာ လက်ရှိ ကိုဗစ်ရောဂါကို ကုသနေတဲ့ဆေးဝါးတွေဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အပေါ် ထိရောက်မှု ရှိသလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ပွားနေတဲ့ ဗိုင်းရပ်စ်တွေကို ခုခံကာကွယ်ဖို့အတွက် ခန္ဓာကိုယ်က ပဋိပစ္စည်း အလွန်အကျွံ ထုတ်လုပ်နေတာကို လျှော့ချပေးတဲ့ Dexamethasone နဲ့ baricitinib ဆေးတွေဟာ မျိုးဗီဇပြောင်းလဲတဲ့ ဗိုင်းရပ်စ်ကိုလည်း ထိထိရောက်ရောက် တိုက်ဖျက်ပေးနိုင်တယ်လို့ ယုံကြည်ရ ပါတယ်။
ဂျပန်နိုင်ငံ Aichi Medical University က ပါမောက္ခ Morishima Tsuneo က ပဋိဇီဝဆေးဝါးတွေဟာ အဲဒီမျိုးဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်အသစ်အပေါ် လုံးဝအာနိသင်မရှိဘူးဆိုတာမျိုးတော့ မဟုတ် ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လူနာတွေကို ဆေးကုသကြည့်ပြီး အတည်ပြုမှသာ ဒီမျိုးဗီဇပြောင်း ဗိုင်းရပ်စ်အပေါ် ဆေးဝါးရဲ့ ထိရောက်မှု ဘယ်လောက်ရှိလဲ မရှိဘူးလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်မယ်လို့ သူက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် တီထွင်နေဆဲဖြစ်တဲ့ သောက်ဆေး ကတော့ လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲ ဝင်ရောက်ပြီးသား ဗိုင်းရပ်စ်တွေ ပွားလာမှာကို တားဆီးပေးတဲ့ ဆေးတွေ ဖြစ်တာကြောင့် အရင် မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေအပေါ် ထိရောက်မှုရှိသလိုမျိုးပဲ Omicron အပေါ်မှာလဲ ထိရောက်မှုရှိမယ်လို့ မျှော်လင့်ရတယ်လို့ သူက ပြောပါတယ်။
မစ္စတာ Morishima က အတည်ပြုချက်ကျလာတဲ့ သောက်ဆေးတွေ၊ ပဋိပစ္စည်းဆေးဝါးတွေနဲ့ ရောဂါဖြစ်ခါစ အချိန်စောစောမှာ ကုသပေးတဲ့ နည်းဗျူဟာကို ကျင့်သုံးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ် လက်ရှိဆေးဝါးတွေရဲ့ ထိရောက်မှု ပြောင်းလဲသွားမယ်ဆိုရင်တောင် ဒီကုသတဲ့ နည်းဗျူဟာကတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

366. လက်ရှိ ကိုဗစ်ရောဂါကို ကုသနေတဲ့ဆေးဝါးတွေဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အပေါ် ထိရောက်မှု ရှိပါသလား။ အပိုင်း(၃)

အဖြေ−− ကမ္ဘာတစ်ဝန်းမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ တွေ့ရှိနေချိန်မှာ လက်ရှိ ကိုဗစ်ရောဂါကို ကုသနေတဲ့ဆေးဝါးတွေဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အပေါ် ထိရောက်မှု ရှိသလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ကိုဗစ်ရောဂါ လူနာတွေကို ကုသဖို့ တီထွင်ထားတဲ့ ဆေးဝါးတွေထဲမှာ လူသားခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲ ထိုးဖောက်ဝင်ပြီးသား ဗိုင်းရပ်စ်တွေ ပွားမလာအောင် ဗိုင်းရပ်စ်တွေပွားဖို့အတွက် လိုအပ်တဲ့ ဇီဝဓာတ်ကူပစ္စည်း (Enzymes)တွေ ထုတ်တာကို တားဆီးပေးတဲ့ ဆေးတွေရှိပါတယ်။ အဲဒီဆေး တစ်မျိုးကတော့ဂျပန်ကျန်းမာရေး အာဏာပိုင်တွေက အတည်ပြုထားတဲ့ Remdesivir ဆေး ဖြစ်ပါတယ်။ဒီ Remdesivir ဆေးဟာ ရောဂါလက္ခဏာ အသင့်အတင့်ကနေ ပြင်းထန်တဲ့အဆင့်ရှိ လူနာတွေကို ကုသရာမှာ သွေးကြောအတွင်း ဒရစ်ပ်ပိုက်နဲ့ချိတ်ပြီး သွင်းရတဲ့ ဆေးဖြစ်ပါတယ်။
ရောဂါလက္ခဏာ အနည်းငယ်ပဲပြတဲ့ လူနာတွေကို နေအိမ်တွေမှာပဲ နေစေပြီး ကုသတဲ့အခါ အသုံးပြုတဲ့ သောက်ဆေးတွေလည်း စမ်းသပ်တီထွင်နေဆဲ ဖြစ်ပါတယ်။
အဲဒီသောက်ဆေးတွေထဲမှာ အမေရိကန် ဆေးဝါးကုမ္ပဏီ Merck မာ့ခ် က တီထွင်တဲ့ Molnupiravir မိုလ်နျူပီးရဗီးယား ဆေးကို ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် အသုံးပြုခွင့်ပြုလိုက်ပါတယ်။ အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer က ထုတ်လုပ်တဲ့ Paxlovid ပက်ခ်ဆ်လိုဗစ် ဆေးကို အမေရိကားမှာ အရေးပေါ် အသုံးပြုခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဂျပန်ဆေးဝါးကုမ္ပဏီ Shionogi ရှီအိုနိုဂိ က တီထွင်ထုတ်လုပ်တဲ့ သောက်ဆေးဟာလည်း အလားတူ အမျိုးအစား ဖြစ်ပါတယ်။
Aichi Medical University က မစ္စတာ Morishima Tsuneo က ဒီဆေးတွေနဲ့ ကုသရင် လူ့ဆဲလ်အတွင်းကို ဝင်ရောက်ပြီးဖြစ်တဲ့ ဗိုင်းရပ်စ်တွေကို အဓိကပစ်မှတ်ထား နှိမ်နင်းတာ ဖြစ်တဲ့အတွက် ဒီဆေးဝါးတွေဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်‌ကြောင့် ရောဂါ ဖြစ်ရင်လည်း ထိရောက်မှုရှိမယ် ထင်ကြောင်း ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

365. လက်ရှိ ကိုဗစ်ရောဂါကို ကုသနေတဲ့ဆေးဝါးတွေဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အပေါ် ထိရောက်မှု ရှိပါသလား။ အပိုင်း(၂)

အဖြေ−− ကမ္ဘာတစ်ဝန်းမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ တွေ့ရှိနေချိန်မှာ လက်ရှိ ကိုဗစ်ရောဂါကို ကုသနေတဲ့ဆေးဝါးတွေဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အပေါ် ထိရောက်မှု ရှိသလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဂျပန်မှာ antibody cocktail ပေါင်းစပ်ပဋိပစ္စည်းကုထုံးနဲ့ sotrovimab ဆေးတွေကို ကိုဗစ်ရောဂါကိုကုသဖို့ အတည်ပြုထားတဲ့ ပဋိပစ္စည်းဆေးဝါးတွေ အဖြစ် သတ်မှတ်ထားပါတယ်။ ဗိုင်းရပ်စ်ဟာ လူသားရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲကို ဝင်ရောက်ဖို့ သူ့မျက်နှာပေါ်က spike protein လို့ခေါ်တဲ့ ဆူးချွန်ပရိုတင်းတွေကို ခြေကုပ်လက်နက်တစ်ခုအဖြစ် အသုံးပြုပါတယ်။ ပဋိပစ္စည်း ဆေးဝါးတွေက အဲဒီဆူးချွန်ပရိုတင်းကို ပစ်မှတ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်တွေ လူသားဆဲလ်တွေအတွင်းထဲကို ထိုးဖေါက်ဝင်ရောက်တာ မလုပ်နိုင်အောင် တားဆီးပေးပါတယ်။
ရောဂါလက္ခဏာ အနည်းငယ်ပဲ ပြတဲ့လူနာတွေ ရောဂါ ပြင်းထန်မလာအောင် အဲဒီပဋိပစ္စည်းဆေးတွေကို ဒရစ်ပ်ပိုက်နဲ့ချိတ်ပြီး သွေးကြောအတွင်း သွင်းပေးပါတယ်။ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆူးချွန်ပရိုတင်းတွေမှာ ဗီဇပြောင်းလဲမှု ၃၀ လောက်တောင်ရှိပါတယ်။ ဒါ့ကြောင့် ဗိုင်းရပ်စ်တွေ လူသား ဆဲလ်တွေအတွင်း ဝင်ရောက်တာကို ကာကွယ်ပေးတဲ့ ကုသမှုလုပ်ရင် ထိရောက်မှုကို လျော့ပါးစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုကြပါတယ်။
Aichi Medical University က မစ္စတာ Morishima Tsuneo က ပဋိပစ္စည်း ဆေးဝါးတွေဟာ ဆူးချွန်ပရိုတင်းကိုသာ ပစ်မှတ်ထား နှိမ်နင်းတာ ဖြစ်တာကြောင့် အခုနောက်ဆုံးတွေ့ရှိတဲ့ ဗီဇပြောင်းလဲမှု တွေများတဲ့ ဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ရင် ကုသမှုရဲ့ ထိရောက်မှု အပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိလာလိမ့်မယ်လို့ သူက ယုံကြည် ထားပါတယ်။ တစ်ချိန်တည်းမှာပဲ ပစ်မှတ်ထား နှိမ်နင်းတဲ့ ဆူးချွန်ပရိုတင်းနဲ့ မျိုးဗီဇပြောင်းလဲမှုဖြစ်တာ ထပ်တူကျသွားတာမျိုး မရှိဘူးဆိုရင်တော့ ကုသမှုဟာ ထိရောက်မှု ဆက်ရှိနေမယ်လို့ သူက ပြောပါတယ်။
Omicron နဲ့အလားတူ မျိုးဗီဇပြောင်းဗိုင်းရပ်စ် တစ်မျိုးကို ဗြိတိန် ဆေးဝါးကုမ္ပဏီကြီး GlaxoSmithKline က ဖန်တီးပြီး သူတီထွင်ထားတဲ့ Sotrovimab ဆေးနဲ့ စမ်းသပ်ရာမှာ ထိရောက်မှုရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရတာကြောင့် Sotrovimab ဆေးဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ်မှာ ထိရောက်မှုရှိမယ်လို့ ယုံကြည်ရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

364. လက်ရှိ ကိုဗစ်ရောဂါကို ကုသနေတဲ့ဆေးဝါးတွေဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အပေါ် ထိရောက်မှု ရှိပါသလား။ အပိုင်း(၁)

အဖြေ−− ကမ္ဘာတစ်ဝန်းမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ တွေ့ရှိနေချိန်မှာ လက်ရှိ ကိုဗစ်ရောဂါကို ကုသနေတဲ့ဆေးဝါးတွေဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အပေါ် ထိရောက်မှု ရှိသလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကုသတဲ့ ဆေးဝါးအမျိုးအစား ၃မျိုးရှိပါတယ်။ အဲဒါတွေကတော့ လူသားရဲ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲကို ဗိုင်းရပ်စ် မဝင်ရောက်အောင် တားဆီးပေးတဲ့ ဆေးဝါး၊ လူသားရဲ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲ ထိုးဖောက်ဝင်ပြီးသား ဗိုင်းရပ်စ်တွေ ဆက်ပြီး မပွားနိုင်အောင် တားဆီးပေးတဲ့ ဆေးဝါးနဲ့ ခန္ဓာကိုယ်ထဲမှာ ပွားနေပြီးသား ဗိုင်းရပ်စ်တွေကို ခုခံကာကွယ်ဖို့အတွက် ခန္ဓာကိုယ်က ပဋိပစ္စည်း အလွန်အကျွံ ထုတ်လုပ်နေတာကို လျှော့ချပေးတဲ့ ဆေးဝါး ဆိုပြီး ဖြစ်ပါတယ်။
Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ် ထိရောက်မှုနဲ့ ပတ်သက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကုသရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ Aichi Medical University က မစ္စတာ Morishima Tsuneo က သွေးကြောအတွင်း ဒရစ်ပ်ပိုက်နဲ့ချိတ်ပြီး သွင်းရတဲ့ ဆေးက ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ "spike protein" လို့ ခေါ်တဲ့ ဆူးချွန်ပရိုတင်းကို ပစ်မှတ်ထား နှိမ်နင်းတာလို့ ပြောပါတယ်။ မျိုးဗီဇပြောင်းလဲမှုဖြစ်နေတဲ့ ဆူးချွန်ပရိုတင်းရဲ့ အနေအထားပေါ် မူတည်ပြီး ဒီဆေးရဲ့ထိရောက်မှု ကွာခြားနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာ အနည်းငယ်ပဲပြတဲ့ လူနာတွေမှာ ဗိုင်းရပ်စ် ဆက်ပြီးမပွားနိုင်အောင် သောက်ရတဲ့ ဆေးပြားတွေကတော့ Omicron မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှု အပေါ် ထိရောက်အောင် ကုသနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

363. ဂျပန်က တတိယအကြိမ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အားဖြည့်ထိုးပေးခြင်း။ အပိုင်း(၃)
(တတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် ဂျပန်မှာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက ဘယ်လိုပြင်ဆင်သလဲ)

အဖြေ−− နိုင်ငံတစ်ဝန်းက ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ကိုယ့်မြို့ရွာအလိုက် ဒေသတွင်း နေထိုင်သူတွေကို ကာကွယ်ဆေး အားဖြည့်ထိုးပေးနိုင်ဖို့ လုပ်ဆောင်ကြပါတယ်။ ပထမအကြိမ် ကာကွယ်ဆေး ထိုးဖို့လုပ်တုန်းက ကြိုတင်စာရင်းပေးဖို့အတွက် ဖုန်းခေါ်မရတာ၊ အွန်လိုင်းကနေ ကြိုတင်စာရင်းသွင်းသူတွေ များလွန်းတာကြောင့် အင်တာနက်လိုင်း ဝင်မရတာတွေလည်း ဖြစ်ခဲ့တာကြောင့် အခက်အခဲဖြစ်ခဲ့သူ အများအပြားရှိခဲ့ပါတယ်။
တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးပေးတဲ့အခါ အဲဒီလိုမျိုး ပြဿနာတွေဖြစ်လာရင် ဖြေရှင်းဖို့ ဘယ်လိုစီစဉ်ထားသလဲလို့ NHK က တိုကျိုမြို့မှာရှိတဲ့ မြို့နယ် ၂၃ ခုကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ အလားတူ ပြဿနာတွေ ဖြစ်မလာအောင် စီမံဆောင်ရွက်နေတယ်လို့ မြို့နယ် ၁၉ ခုက ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဲဒီထဲက မြို့နယ် ၆ခုကတော့ ကာကွယ်ဆေး အားဖြည့်ထိုးနှံရမယ့် နေ့ရက်၊ အချိန်နဲ့ နေရာတွေကို ကြိုတင်တွက်ချက် သတ်မှတ်ပြီးမှ ဘယ်နေ့ဆေးထိုးရမလဲဆိုတာ နေထိုင်သူတွေဆီ အကြောင်းကြားစာပေးပို့တယ်လို့ ပြောကြား ခဲ့ပါတယ်။ မြို့နယ် ၈ခုကတော့ ကြိုတင်စာရင်းသွင်းဖို့ ဖုန်းလိုင်းတွေ ပိုဖွင့်ပေးတာနဲ့ ကြိုတင်စာရင်းသွင်းဖို့ ကူညီပေးတဲ့သူရှိတဲ့ နေရာတွေကိုလည်း တိုးချဲ့မယ်လို့ ဖြေပါတယ်။
အဲဒီထဲက Edogawa မြို့နယ်ကတော့ အသက်အရွယ်ကြီးသူ တွေကိုတော့ ကာကွယ်ဆေးထိုးအပြီး ၈လတိတိပြည့်တဲ့နေ့မှာ မြို့နယ်တွင်းက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးတုန်းက နေရာနဲ့ အချိန်အတိုင်းပဲ တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒုတိယတစ်ခေါက်နဲ့ အလားတူ နေရာ ဒါမှမဟုတ် အနီးအနားမှာ ရှိတဲ့နေရာမှာပဲ ကာကွယ်ဆေး တတိယအကြိမ် အားဖြည့်ထိုးနှံနိုင်မှာ ဖြစ်လို့ သက်ကြီးရွယ်အိုတွေ အဆင်ပြေနိုင်ပါတယ်။
မြို့နယ်က သတ်မှတ်ပေးတဲ့ တတိယအကြိမ် အားဖြည့် ကာကွယ်ဆေးထိုးမယ့် နေ့ရက်နဲ့အချိန်ကို ပြောင်းချင်သူတွေကတော့ မြို့နယ်ရုံးကို ဖုန်းခေါ်ဆိုတာ ဒါမှမဟုတ် မြို့နယ်ရုံးရဲ့ အင်တာနက်စာမျက်နှာကနေ တစ်ဆင့် နေ့ရက်၊အချိန်ကို ပြောင်းလို့ရပါတယ်။ အသက်အရွယ်ကြီးသူတွေ အဆင်ပြေအောင် ဆောင်ရွက်ဖို့ ကြိုးစားနေတာ အောင်မြင်တယ်ဆိုရင် တခြားအသက်အရွယ် အုပ်စုတွေလည်း အလားတူပဲ နေရာနဲ့ အချိန် သတ်မှတ်ပြီး ကာကွယ်ဆေးထိုးဖို့ အဆင်ပြေအောင် စီမံပေးနိုင်ဖို့ စဉ်းစားနေတယ်လို့ မြို့နယ်ရုံးက အရာရှိတွေက ပြောပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

362. ဂျပန်က တတိယအကြိမ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အားဖြည့်ထိုးပေးခြင်း။ အပိုင်း(၂)
(တတိယအကြိမ် ကာကွယ်ဆေး ထိုးတဲ့အခါ အရင် ၂ကြိမ်အထိ ထိုးခဲ့တဲ့ ကာကွယ်ဆေးနဲ့မတူတဲ့ ကာကွယ်ဆေး အမျိုးအစားကို ထိုးရင်ရသလား)

အဖြေ−− အရင် ၂ကြိမ် ထိုးခဲ့တဲ့ ကာကွယ်ဆေးနဲ့ မတူညီတဲ့ အမျိုးအစားကို ထိုးခွင့်ပြုဖို့ ဂျပန်အစိုးရကတော့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ အရင် ၂ကြိမ် ထိုးထားတဲ့ Pfizer ကာကွယ်ဆေး က အခု တတိယအကြိမ်ထိုးဖို့အတွက် မကြာမီ အချိန်အတွင်း မှာအရေအတွက် လုံလုံလောက်လောက် ရဖို့မသေချာတဲ့အတွက် ဖြစ်ပါတယ်။
ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ ကာကွယ်ဆေးတတိယအကြိမ် အားဖြည့်ထိုးဖို့ လိုတဲ့သူပေါင်း ၄ သန်းလောက် ဂျပန်မှာ ရှိပါတယ်။ သူတို့အတွက် Pfizer ကာကွယ်ဆေး အလုံအလောက်ရရှိထားပြီး ပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လမှာ တတိယအကြိမ် ကာကွယ်ဆေး ထိုးနှံဖို့အတွက် ဂျပန်အစိုးရဟာ Pfizer ကာကွယ်ဆေးကို လူသန်းပေါင်း ၂၀ အတွက် ပြင်ဆင်ထားပေမဲ့ထိုးရမယ့်လူပေါင်းက ၃၄ သန်းလောက် ရှိနေပါ တယ်။
ဒါ့ကြောင့် တတိယအကြိမ် ကို Moderna ကာကွယ်ဆေးနဲ့ပဲ အားဖြည့်ထိုး ပေးသွားမယ်လို့ ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး ၈ လအကြာမှာ တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံဖို့ လိုလာပါမယ်။ Pfizer ကာကွယ်ဆေး လုံလုံလောက်လောက် ရမရဆိုတာက မသေချာတဲ့အတွက် အဲဒီလို ကာကွယ်ဆေး မလုံလောက်တဲ့ အခြေအနေမျိုးဖြစ်လာရင် Moderna ကာကွယ်ဆေးကို တတိယအကြိမ် ထိုးဖို့ စဉ်းစားတာ ဖြစ်တယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

361. ဂျပန်က တတိယအကြိမ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အားဖြည့်ထိုးပေးခြင်း။ အပိုင်း(၁)
(ဘယ်အချိန်မှာ တတိယအကြိမ် ကာကွယ်ဆေး ထိုးလို့ရနိုင်မလဲ)

အဖြေ−− ဂျပန်တစ်ဝန်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ဒီဇင်ဘာလ ၁ရက်နေ့ကစပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တတိယအကြိမ် အားဖြည့်ထိုးနှံမှုတွေ စတင်ခဲ့ပါတယ်။ အသက် ၆၅နှစ်နဲ့အထက် ရှိသူတွေလည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးဖို့ အကျုံးဝင်လာမှာ ဖြစ်ပါတယ်။
မူအားဖြင့် အနည်းဆုံး လွန်ခဲ့တဲ့ ၈လက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူတွေဟာ ကာကွယ်ဆေး အားဖြည့်ထိုးနှံဖို့ အကျုံးဝင်တယ်လို့ ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရက လတ်တလောမှာတော့ ဒုတိယနဲ့တတိယအကြိမ်အကြား ကာလကို ၈လအထိ ကြာရှည်အောင် မထားစေဖို့ ရည်မှန်းထားတဲ့ အရိပ်အယောင်တွေ ပြောလာနေပါတယ်။ ဆေးထိုးနှံမှုအတွက် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့တွေ စီမံကွပ်ကဲဖို့ အဆင်သင့်ဖြစ်တဲ့ အချိန်နဲ့ ကာကွယ်ဆေးပမာဏ ဘယ်လောက်ရရှိမလဲ ဆိုတဲ့ အချက်တွေအပေါ် အခြေခံပြီး အသက်အရွယ် အုပ်စုတစ်စုစီကို ကာကွယ်ဆေး အားဖြည့်ထိုးပေးမယ့် အချိန်ကာလကို ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တတိယအကြိမ် ကာကွယ်ဆေးထိုးခွင့် လက်မှတ်တွေကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကနေ ပြည်သူတွေဆီ စာတိုက်ကနေ ပို့ပေးမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ ဆေးဘက်ဆိုင်ရာဌာန ဝန်ထမ်း ၁.၀၄ သန်းကို ကာကွယ်ဆေး အားဖြည့်ထိုးနှံဖို့ အကျုံးဝင်ပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ၂၀၂၂ ဇန်နဝါရီလကစပြီး အသက် ၆၅နှစ်နဲ့ အထက်ရှိသူတွေနဲ့ ကာကွယ်ဆေး ၂ကြိမ် အစောပိုင်းမှာထိုးပြီးခဲ့တဲ့ အသက် ၆၅အောက်က သူတွေကိုလည်း တတိယအကြိမ် ကာကွယ်ဆေး ထိုးပေးမှာ ဖြစ်ပါတယ်။ မတ်လမှာတော့ လုပ်ငန်းခွင်တွေနဲ့ တက္ကသိုလ်တွေမှာ ကာကွယ်ဆေး အားဖြည့်ထိုးနှံမှုတွေ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။
အနည်းဆုံး ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ကာကွယ်ဆေး အားဖြည့် ထိုးပေးတာတွေပြီးအောင် ဆက်လုပ်သွားမယ်လို့ ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

360. သတိထားစောင့်ကြည့်ဖို့ လိုအပ်တဲ့ ဟော့ကိုင်းဒိုးခရိုင် က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ။ အပိုင်း (၄)
(ကျွမ်းကျင်ပညာရှင်ရဲ့ သုံးသပ်အကြံပြုချက်တွေက ဘာတွေပါလဲ)

အဖြေ−− လတ်တလော ဂျပန်မှာ ရောဂါကူးစက်မှုအသစ် အခြေအနေဟာ ၂၀၂၁ ခုနှစ်မှာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိလာနေပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့မြောက်ဘက် အကျဆုံးမှာရှိတဲ့ခရိုင် ဟော့ကိုင်းဒိုးကျွန်းဟာ အေးလာပြီဖြစ်လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အရင်ဆုံး စတင် ပျံ့နှံ့လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဂျပန်မြောက်ပိုင်းက အဲဒီခရိုင်ကို အနီးကပ် စောင့်ကြည့်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
Toho တက္ကသိုလ်က ပါမောက္ခ Tateda Kazuhiro က ဂျပန်မှာ ဟော့ကိုင်းဒိုးဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ ကိုဗစ် ရောဂါကူးစက်မှုတွေ ပထမဆုံးမြင့်တက်ခဲ့တဲ့ ခရိုင်တစ်ခု ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
လူတွေကနေတစ်ဆင့် ပျံ့နှံ့လာတဲ့ ဗိုင်းရပ်စ်တွေဟာ ရာသီဥတုအေးလာချိန်မှာ လေထဲမှာ ပိုပြီးကြာကြာ လွင့်မျောနေထိုင် နိုင်တယ်လို့ သူက ပြောပါတယ်။ အေးပြီးခြောက်သွေ့တဲ့ ရာသီဥတုမှာ အသက်ရှူလမ်းကြောင်းရဲ့အမြှေးပါးက ပေါက်ပြဲ ထိခိုက်ပျက်စီး လွယ်တတ်တာကြောင့် ဗိုင်းရပ်စ်တွေက လည်ချောင်းထဲမှာ တွယ်ကပ်ပြီး ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေပိုများတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အေးတဲ့ရာသီဥတုအချိန်မှာ လူတွေဟာ အဆောက်အအုံအတွင်းမှာပဲ တံခါးအလုံပိတ်ပြီး အချိန်ကြာကြာ နေတတ်တာကြောင့် ကူးစက်လွယ်တယ်လို့လည်း သူက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးတွေဟာ နေရာတိုင်းမှာ ရှိနေဆဲဖြစ်ပြီး မထင်ထားတဲ့အချိန်မှာ ဗိုင်းရပ်စ်တွေ ပွားများနိုင်တဲ့အပြင် နေရာတိုင်းကို ပျံ့နှံ့သွားနိုင်တယ်လို့ ပါမောက္ခ Tateda က ပြောပါတယ်။ ဆောင်းရာသီဟာ ကိုဗစ်၁၉ အပါအဝင် ကူးစက်ရောဂါတွေ ဖြစ်ပွားမှု များတတ်တဲ့ ရာသီဖြစ်တာမို့ နှာခေါင်းစည်း ဝတ်ဆင်တာ၊ လေ၀င်လေထွက် ကောင်းမွန်အောင် လုပ်ထားတဲ့ အခန်းတွေမှာနေတာနဲ့ “အ” သုံးလုံးလို့ ခေါ်တဲ့ အလုံပိတ်နေရာတွေ၊ အုပ်စုလိုက် လူစုဝေးတဲ့နေရာတွေနဲ့ အနီးကပ် လူအချင်းချင်း ထိတွေ့ဆက်ဆံတာတွေကို ရှောင်ကြဉ်ကြဖို့ စတဲ့ ရောဂါပိုး ကာကွယ်တားဆီးရေး အခြေခံအစီအမံတွေကို အသေအချာ လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

359. သတိထားစောင့်ကြည့်ဖို့ လိုအပ်တဲ့ ဟော့ကိုင်းဒိုးခရိုင်က ကိုဗစ်ကူးစက်မှု အခြေအနေတွေကနေ ဘာတွေ ဆက်စပ်ပြီး စဉ်းစားနိုင်သလဲ။ အပိုင်း (၃)

အဖြေ−− လတ်တလော ဂျပန်မှာ ရောဂါကူးစက်မှုအသစ်တွေဟာ ၂၀၂၁ ခုနှစ်မှာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိလာနေပေမဲ့ နိုင်ငံရဲ့မြောက်ဘက် အကျဆုံးမှာရှိတဲ့ ခရိုင် ဟော့ကိုင်းဒိုးကျွန်းဟာ အေးလာပြီဖြစ်လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အရင်စောပြီး ပျံ့နှံ့လာတာကို တွေ့ရပါတယ်။ ဒါကြောင့် ဂျပန်မြောက်ပိုင်းက အဲဒီခရိုင်ကို အနီးကပ် စောင့်ကြည့်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဟော့ကိုင်းဒိုးရဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ခရိုင်လုပ်ငန်းအဖွဲ့က တစ်နေရာထဲမှာ အစုလိုက်အပြုံလိုက် ရောဂါပိုးကူးစက်ခံရမှုတွေ ရှိခဲ့တာကြောင့် ကူးစက်ခံရသူအသစ် အရေအတွက် တိုးလာတာလို့ ရှင်းပြပါတယ်။ ဒါပေမဲ့ ခရိုင်တွင်းက မြို့ရွာတွေမှာ ကူးစက်ပျံ့နှံ့နေတာမျိုး မရှိသေးဘူးဆိုတာနဲ့ ကူးစက်မှုတွေ အလျင်အမြန် ပြန့်ပွားလာမယ့် အရိပ်အယောင် အခုထက်ထိတော့ ရှိမနေသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
ရောဂါကူးစက်ခံရသူအသစ်တွေကို ကြည့်တဲ့အခါ အများစုက ကာကွယ်ဆေး မထိုးရသေးတာကို တွေ့ရတယ်လို့လည်း အဲဒီခရိုင်လုပ်ငန်းအဖွဲ့က ပြောပါတယ်။ ဟော့ကိုင်းဒိုးမှာရှိတဲ့ ဆေးဘက်ဆိုင်ရာ ဌာနတွေရဲ့ အရာရှိတွေက ကူးစက်ခံရသူတွေ၊ ရောဂါကူးစက်ဖြစ်ပွားပြီးသူတွေနဲ့ အနီးကပ် ထိတွေ့ဆက်ဆံခဲ့သူတွေကို မေးမြန်းပြီး ရောဂါကူးစက်မှု ကာကွယ်တားဆီးရေး အစီအမံတွေကို သေသေချာချာ ဆောင်ရွက်နေပါတယ်။ အစုလိုက်အပြုံလိုက် ကူးစက်မှုတွေ မရှိအောင် ကူးစက်မှုလမ်းကြောင်းကို ဖော်ထုတ်ပြီး ကာကွယ်တားဆီးနိုင်ဖို့ ကြိုးပမ်းနေကြတဲ့အပြင် ပြည်သူတွေကို ကိုဗစ်ရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေး အစီအမံတွေနဲ့ အခြေခံဆောင်ရွက်ချက်တွေကို လိုက်နာလုပ်ဆောင်ကြဖို့ တိုက်တွန်းနေပါတယ်။
တကယ်လို့ ရောဂါပိုးကူးစက်ခံရသူအသစ်တွေ ဆက်ပြီး များလာမယ်ဆိုရင် ဒါဟာ ကူးစက်မှု ဆဋ္ဌမလှိုင်းစတင်တာ ဖြစ်လာ နိုင်တာကြောင့် အခြေအနေကို ဆက်ပြီး အနီးကပ် စောင့်ကြည့်သွားဖို့ လိုမယ်လို့ အဲဒီ ခရိုင်လုပ်ငန်းအဖွဲ့က ဆိုပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

358. သတိထားစောင့်ကြည့်ဖို့လိုအပ်တဲ့ ဟော့ကိုင်းဒိုးခရိုင်မှာ ကိုဗစ်ကူးစက်မှုမရှိအောင် ဘယ်လို ကာကွယ်တားဆီးရေး အခြေခံ အစီအမံတွေကို လုပ်ဆောင်သင့်သလဲ။ အပိုင်း (၂)

အဖြေ−− လတ်တလော ဂျပန်မှာ ရောဂါကူးစက်မှုအသစ်တွေဟာ ၂၀၂၁ ခုနှစ်မှာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိလာနေပေမဲ့ နိုင်ငံရဲ့မြောက်ဘက် အကျဆုံးမှာရှိတဲ့ ခရိုင် ဟော့ကိုင်းဒိုးကျွန်းဟာ အေးလာပြီဖြစ်လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အရင် ပျံ့နှံ့လာတတ်တာ တွေ့ရပါတယ်။ ဒါကြောင့် ဂျပန်မြောက်ပိုင်းက အဲဒီခရိုင်ကို အနီးကပ် စောင့်ကြည့်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ လေအဝင်အထွက် မကောင်းတဲ့ အလုံပိတ်နေရာတွေမှာ ပိုပြီး ကူးစက်ပျံ့နှံ့လွယ်တယ်ဆိုတာကို သိထားပြီး ဖြစ်ကြပါလိမ့်မယ်။ အပူချိန်နိမ့်တဲ့အပြင် အေးလို့ တံခါးတွေပိတ်ထားတာကြောင့် လေဝင်လေထွက် မကောင်းတဲ့ ဆောင်းရာသီမှာ ရောဂါကူးစက်နိုင်ခြေ ပိုမြင့်မားတယ် ဆိုတာကိုလည်း မှတ်ထားရမှာ ဖြစ်ပါတယ်။
၂၀၂၀ ဖေဖော်ဝါရီလတုန်းက ဟော့ကိုင်းဒိုးက Sapporo နှင်းပွဲတော်မှာ အဆောက်အအုံတွင်းက နားနေခန်းနေရာတစ်ခုကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ စတင်ခဲ့တာပါ။ အဲဒီကနေ ကိုရိုနာဗိုင်းရပ်စ်ဟာ အလုံပိတ်နေရာတွေမှာ ပိုမိုကူးစက်လွယ်တယ် ဆိုတာကို ပထမဆုံး သိရှိလာခဲ့ကြပါတယ်။ ဗိုင်းရပ်စ်ပါ၀င်တဲ့ အလွန်သေးငယ်တဲ့ အရည်အစက် အမှုန်အမွှားလေးတွေဟာ လေထဲမှာ လွင့်မျောနေပြီး အလုံပိတ်ထားတဲ့ အခန်းတွေရဲ့ လေထုထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေနိုင်ပါတယ်။ အဲဒီ လေထဲက အမှုန်အစက်တွေကို ရှူရှိုက်မိရင် ရောဂါကူးစက်နိုင်တယ် ဆိုတာကို ကျွမ်းကျင်သူတွေရဲ့ လေ့လာမှုတွေအရ သိရှိခဲ့ကြပါတယ်။ အဲဒီတွေ့ရှိချက်တွေကို အခြေခံပြီး လူတွေကို လက်ဆေးကြဖို့၊ လက်သန့်ဆေးရည်နဲ့ သန့်ရှင်းရေးလုပ်ကြဖို့၊ နှာခေါင်းစည်း မပါဘဲ စကားပြောဆိုတာကို ရှောင်ကြဉ်ကြဖို့နဲ့ “အ” သုံးလုံး လို့ ခေါ်တဲ့ အလုံပိတ်နေရာတွေ၊ အုပ်စုလိုက် လူစုဝေးတဲ့နေရာတွေနဲ့ အနီးကပ် လူအချင်းချင်း ထိတွေ့ဆက်ဆံတာတွေကို ရှောင်ကြဉ်ကြဖို့ အကြံပြုထားပါတယ်။ လေဝင်လေထွက် နည်းပါးတဲ့နေရာမှာနေရင် ရောဂါကူးစက်ဖို့ အန္တရာယ်ရှိတယ် ဆိုတာလဲ သိရှိထား ကြဖို့လိုပါတယ်။
ဒါပေမဲ့ ရာသီဥတုအေးနေတဲ့ ဆောင်းရာသီမှာ လူတွေဟာ အဆောက်အအုံတွင်းက လေလုံတဲ့နေရာတွေမှာ အနေများ ကြပါတယ်။ နှစ်ကုန် ပိတ်ရက်တွေနဲ့ နှစ်သစ်ကူး အားလပ်ရက်တွေမှာလည်း လူတွေ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံကြတာတွေ ပိုများလာနိုင်ပါတယ်။ ဒါ့ကြောင့် ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့က ကူးစက်မှုတွေ မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ရောဂါပိုး ကာကွယ်တားဆီးရေး အခြေခံအစီအမံတွေကို အသေအချာ လိုက်နာဆောင်ရွက်ကြဖို့နဲ့ ကိုယ်နေထိုင်တဲ့နေရာမှာ လေဝင်လေထွက်ကောင်းအောင် လုပ်ကြဖို့ လူတွေကို တိုက်တွန်း နေပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

357. သတိထားစောင့်ကြည့်ဖို့ လိုအပ်တဲ့ ဟော့ကိုင်းဒိုးခရိုင်က ကိုဗစ် ရောဂါကူးစက်မှုတွေဟာ ဂျပန်မှာ ကူးစက်မှု ဆဋ္ဌမလှိုင်းဖြစ်ဖို့ အချက်ပေးခေါင်းလောင်းလား။ အပိုင်း (၁)

အဖြေ−− လတ်တလော ဂျပန်မှာ ရောဂါကူးစက်မှုအသစ်တွေဟာ ၂၀၂၁ ခုနှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိလာနေပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့မြောက်ဘက် အကျဆုံးနေရာက ခရိုင်ဖြစ်တဲ့ ဟော့ကိုင်းဒိုးကျွန်းမှာတော့ တစ်နေ့တာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် အရေအတွက်ဟာ နိုဝင်ဘာလမှာ ပြန်တက်လာခဲ့ပါတယ်။ ဟော့ကိုင်းဒိုးမှာ ရာသီဥတု အပူချိန်ကျလာတာကြောင့် ဂျပန်ရဲ့ တခြားဒေသတွေထက်စောပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်လာတာပါ။ ဂျပန်နိုင်ငံမှာ ကူးစက်မှု ဆဋ္ဌမလှိုင်းစတင်နေပြီလို့ အချက်ပြလိုက်တာမျိုး ဖြစ်နိုင်တာကြောင့် အဲဒီခရိုင်ကို အနီးကပ် စောင့်ကြည့်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ အနှောင်းပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ပထမဆုံး အများအပြားတွေ့ကြုံခဲ့တာဟာ ဟော့ကိုင်းဒိုးကျွန်း ဖြစ်ပါတယ်။ အဲဒီနောက် မတ်လလယ်မှာတော့ တိုကျိုမှာ ရောဂါကူးစက်မှုအသစ်တွေ အများကြီး စတင်ဖြစ်ပွား လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၀ ဆောင်းရာသီမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေများလာပြီး တတိယလှိုင်း ဖြစ်ချိန်တုန်းကလည်း တိုကျိုအပါအဝင် တခြားနေရာဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မဖြစ်ပွားခင် သီတင်းပတ် နှစ်ပတ်အလိုမှာ ဟော့ကိုင်းဒိုးမှာ စပြီးကူးစက်မှုတွေ များခဲ့တာ သိသာထင်ရှား ပါတယ်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ အနှောင်းပိုင်းကစပြီး ဟော့ကိုင်းဒိုးမှာ အပတ်စဉ်ပျမ်းမျှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ဦးရေဟာ အစောပိုင်း သီတင်းပတ်ကနဲ့ နှိုင်းယှဉ်ရင် မြင့်တက်လာတာကို စတွေ့ခဲ့ရပါတယ်။
နိုင်ငံတစ်ဝန်းလုံးမှာလည်း ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလလယ်အထိ ရောဂါကူးစက်မှုတွေ သိသိသာသာ မြင့်တက်ခဲ့တာမတွေ့ရပါဘူး။ တစ်နေ့တာ ကူးစက်ခံရသူအသစ် အရေအတွက်က ၂၀၂၀ နိုဝင်ဘာလ အစောပိုင်းမှာ ၁၀၀၀ အောက်ပဲ ရှိခဲ့ပေမဲ့ နိုဝင်ဘာလအနှောင်းပိုင်းမှာ ၂၀၀၀ နားအထိ ဖြစ်လာခဲ့ပါတယ်။ ဒီဇင်ဘာလကုန်မှာတော့ ကူးစက်ခံရသူအသစ် အရေအတွက် တစ်နေ့ကို ၄၀၀၀ အထိ ရောက်ရှိလာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ၈ရက်မှာတော့ ကူးစက်ခံရသူ အသစ်က တစ်ရက်ကို ၈၀၀၀ အထိ ဖြစ်သွား ခဲ့ပါတယ်။
ကာကွယ်ဆေးထိုးတာတွေ တိုးတက်လာတဲ့အတွက် အခုနှစ် ဆောင်းရာသီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်ခဲ့ပုံရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါပေမဲ့ လေဝင်လေထွက် မကောင်းတဲ့ အလုံပိတ် နေရာတွေမှာ အချိန်ကြာကြာနေထိုင်တာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်တဲ့ အန္တရာယ်မြင့်မားစေတယ်လို့ သူတို့က သတိပေးလိုက်ပါတယ်။ ရောဂါကူးစက်မှု ဆဋ္ဌမလှိုင်း ဖြစ်နိုင်ခြေ ရှိသလားဆိုတာ သိနိုင်ဖို့ ဟော့ကိုင်းဒိုးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေတွေကို အနီးကပ် စောင့်ကြည့်သင့်တယ်လို့ သူတို့က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

356. “ကိုဗစ်ကူးစက်မှု ဆဋ္ဌမလှိုင်း ဘယ်အချိန်မှာ လာနိုင်သလဲ” အပိုင်း (၉)

အဖြေ−− ကိုဗစ် ရောဂါကူးစက်ပြန့်ပွားမှု ဆဋ္ဌမလှိုင်းဟာ ဒီဆောင်းရာသီမှာ ဖြစ်ပေါ်လာဖွယ်ရှိတယ်လို့ ပညာရှင်အားလုံးက သတိပေးခဲ့ကြပါတယ်။ ရောဂါကူးစက်မှုတွေ ဘယ်တော့ ပြန်လည် မြင့်တက်လာမလဲ ဆိုတာနဲ့ပတ်သက်ပြီး ပညာရှင်အများအပြားက လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုတွေ များလာတာက ကူးစက်မှု တိုးလာမယ့် အဓိကသော့ချက် ဖြစ်တယ်လို့ ကြိုတင်ခန့်မှန်း ပြောကြားခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး အစီအမံဆိုင်ရာ ဂျပန်အစိုးရရဲ့ အကြံပေးအဖွဲ့ အကြီးအကဲ Omi Shigeru နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပါရဂူတွေရဲ့ တွဲဖက်အဖွဲ့ဥက္ကဋ္ဌ Wakita Takaji တို့က ၂၀၂၁နှစ်ကုန်ပိုင်းနဲ့ ၂၀၂၂နှစ်သစ်ကူး ကာလ အားလပ်ရက်တွေမှာ လူတွေရဲ့လှုပ်ရှားမှုတွေ တိုးလာဖွယ်ရှိတာကြောင့် အထူးသတိထားကြဖို့ သတိပေးနေပါတယ်။ နှာခေါင်းစည်း ဝတ်ဆင်တာ၊ လေဝင်လေထွက် မကောင်းတဲ့ အလုံပိတ်နေရာတွေမှာ အချိန်ကြာကြာ နေထိုင်တာ၊ လူစုလူဝေးနဲ့နေတာ၊ တစ်ဦးနဲ့တစ်ဦး အနီးကပ် ထိတွေ့မှုများတာကို ရှောင်ကြဉ်ကြဖို့၊ ရောဂါကူးစက်မှု ကိုကာကွယ်နိုင်တဲ့ အစီအမံတွေကို ဆက်လက်လုပ်ဆောင်ကြဖို့ လူတွေကို တောင်းဆိုထားပါတယ်။
ဂျပန်နိုင်ငံမှာရှိတဲ့ International University of Health and Welfare နိုင်ငံတကာ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး တက္ကသိုလ်က ပါမောက္ခ Wada Koji က ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ လမ်းကြောင်းတွေ၊ ပုံစံတွေက အမျိုးမျိုးရှိပြီး ရှုပ်ထွေးတဲ့အတွက် ဘာ့ကြောင့် ကူးစက်မှုတွေ ပြန်ဖြစ်မယ်ဆိုပြီး တစ်ထစ်ချ ခန့်မှန်းပြီး ပြောဆိုဖို့ ခက်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း ကာကွယ်ဆေး ထိုးတာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကုသမှုနည်းသစ်တွေ ဖွံ့ဖြိုးတိုးတက်လာတာက မျှော်လင့်ချက် ရောင်ခြည်ပဲလို့ ပါမောက္ခ Wada က ပြောကြားခဲ့ပါတယ်။
အခုဆောင်းရာသီမှာ နောက်ထပ်တစ်ဖန် ကူးစက်မှုတွေ ပြန်မဖြစ်လာအောင် တားဆီးဖို့ ရောဂါပိုးကူးစက်မှု ပဉ္စမလှိုင်းအထိ တွေ့ကြုံခဲ့တာတွေကို သင်ခန်းစာယူပြီး ရောဂါကူးစက်မှု ကာကွယ်နိုင်တဲ့ အစီအမံတွေကို ဆက်လက် အကောင်အထည်ဖော် လိုက်နာလုပ်ဆောင်ကြဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

355. “ကိုဗစ်ကူးစက်မှု ဆဋ္ဌမလှိုင်း ဘယ်အချိန်မှာ လာနိုင်သလဲ။ ဆဋ္ဌမလှိုင်းကို ရင်ဆိုင်ကာကွယ်နိုင်ဖို့ လူတွေအနေနဲ့ ဘာတွေ လုပ်ဆောင်နိုင်ပါသလဲ။ အပိုင်း (၈)

အဖြေ−− မူဝါဒရေးရာ သုတေသနဌာနTokyo Foundation for Policy Researchက ဘွဲ့လွန်ပါရဂူ Chiba Asako က ကာကွယ်ဆေးထိုးထားပြီးသူတွေမှာ ဆေးအာနိသင် လျော့နည်းလာချိန်နဲ့ လူတွေ အပြင်ထွက် သွားလာမှုတွေ များလာတဲ့အချိန်က တစ်ထပ်တည်းဖြစ်သွားရင် ရောဂါကူးစက်မှု ဆဋ္ဌမလှိုင်း ဖြစ်လာဖွယ်ရှိတယ်လို့ ပြောပါတယ်။ ကာကွယ်နိုင်ဖို့အတွက် အဓိက သော့ချက်ကတော့ “ကာကွယ်ဆေးထိုးတာနဲ့ PCR စစ်ဆေးတဲ့ အစီအစဉ်တွေ လုပ်ထားတာပဲ” ဖြစ်တယ်လို့ မီးစ် Chiba က ဆိုပါတယ်။ အစိုးရဟာ လူမှုရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့အတွက် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားတယ်ဆိုတဲ့ မှတ်တမ်းတွေနဲ့ ရောဂါပိုးရှိမရှိ စစ်ဆေးထားတဲ့ ရလဒ်အထောက်အထားတွေကို ပေါင်းစပ်အသုံးပြုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ မီးစ် Chiba က "mini Tokyo" သရုပ်ပြပုံစံငယ် တစ်ခုကို လုပ်ကြည့်ခဲ့ပါတယ်။ အဲဒီမှာ ကာကွယ်ဆေး ထိုးထားပြီးသူတွေ ဒါမှမဟုတ် ကိုရိုနာ ရောဂါပျောက်ကင်းပြီးသူတွေရဲ့ အပြင်ထွက်သွားလာတဲ့ ပမာဏက ကပ်ရောဂါ မဖြစ်ခင်တုန်းကအတိုင်း များပြီး၊ ကာကွယ်ဆေး မထိုးရသေးတဲ့သူနဲ့ ရောဂါပိုးရှိမရှိ မစစ်ဆေးရသေးသူတွေ အပြင်ထွက်တဲ့နှုန်းက ကပ်ရောဂါမဖြစ်ခင်ကထက် ၅၀ ရာခိုင်နှုန်း လျော့မယ်ဆိုရင် ရောဂါကူးစက်ခံရသူအသစ် အရေအတွက် ကျဆင်းနိုင်တယ်ဆိုပြီး ပြသနေပါတယ်။
နိုင်ငံရှိတဲ့ လူဦးရေအားလုံးရဲ့ အချိုးအစားနဲ့လိုက်ပြီး လူတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်တယ်ဆိုရင် ရောဂါကူးစက် ပျံ့နှံ့မှုကိုလည်း ထိထိရောက်ရောက် ထိန်းနိုင်ပါမယ်လို့ မီးစ် Chiba က ပြောပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးအတွက် လှုပ်ရှားသွားလာ ရတာတွေရှိတာကြောင့် ရောဂါပိုးကူးစက်မှု တိုက်ဖျက်ရေးအတွက် ထိရောက်တဲ့နည်းလမ်းတစ်ခုကတော့ ကာကွယ်ဆေး မထိုးရသေးသူတွေလိုမျိုး ရောဂါကူးစက်ရင် အန္တရာယ်ရှိနိုင်သူတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။ အစိုးရအနေနဲ့ “ကာကွယ်ဆေးထိုးခြင်းနဲ့ PCR ရောဂါပိုး စစ်ဆေးခြင်း” စတဲ့ အစီအမံတွေကို ဘယ်လို ထိထိရောက်ရောက် အကောင်အထည်ဖော်မလဲ ဆိုတာ ဆွေးနွေးမှုတွေ ထပ်ပြီး လုပ်ဆောင်သင့်တယ်လို့ မီးစ် Chiba က ပြောပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

354. ကိုဗစ်ကူးစက်မှု ဆဋ္ဌမလှိုင်း ဘယ်အချိန်မှာ လာနိုင်သလဲ။ ကူးစက်မှုလှိုင်း တတ်နိုင်သမျှ အသေးဆုံးဖြစ်အောင် ဘယ်လို ထိန်းသိမ်းနိုင်မလဲ” အပိုင်း (၇)

အဖြေ−− မူဝါဒရေးရာ သုတေသနဌာနTokyo Foundation for Policy Researchက ဘွဲ့လွန်ပါရဂူ Chiba Asako က အခုဆောင်းရာသီမှာ ကူးစက်မှု ပြန်မြင့်တက်လာမယ့် ဖြစ်နိုင်ခြေရှိတာကြောင့် စိုးရိမ်နေပါတယ်။ ကာကွယ်ဆေးထိုး ထားပြီးသူတွေမှာ ဆေးအာနိသင် လျော့နည်းလာချိန်နဲ့ လူတွေ အပြင်ထွက်သွားလာမှုတွေ များလာတဲ့အချိန်က တစ်ထပ်တည်း ဖြစ်သွားရင် ရောဂါကူးစက်မှု ဆဋ္ဌမလှိုင်း ဖြစ်လာဖွယ် ရှိတယ်လို့ မီးစ် Chiba က ပြောပါတယ်။
မီးစ် Chiba က Mini Tokyo လို့ခေါ်တဲ့ "တိုကျိုပုံစံငယ်" နမူနာ စမ်းသပ်မှုကို သုတေသနပြုလုပ်ပြီး နည်းလမ်းရှာဖွေနေပါတယ်။ သူက တိုကျိုမြို့တော်ကို လူဦးရေ ၇၀,၀၀၀ ကျော် အခြေခံထားပြီး နမူနာပုံစံတစ်ခု လုပ်လိုက်ပါတယ်။ အဲဒီနောက် ကိုဗစ်ရောဂါပိုးတွေ ဘယ်လိုပျံ့နှံ့နိုင်တယ်ဆိုတာကို ပုံဖော်ယူ ကြည့်ပေးထားပါတယ်။ နေထိုင်သူလာဦးရေစာရင်းပေါ် အခြေခံပြီး အဲဒီ Mini Tokyo “ကိုကျိုပုံစံငယ်”နဲ့ အသက်အရွယ် အုပ်စုတွေ၊ အလုပ်အကိုင်နဲ့ မိသားစုပုံစံတွေက တကယ့်တိုကျိုမြို့တော်မှာ နေထိုင်သူတွေအတိုင်း ပုံဖေါ် ထားပါတယ်။
မီးစ် Chiba ရဲ့ Mini Tokyo ပုံစံငယ်ကို ဘယ်လိုပုံဖေါ် ထားသလဲဆိုရင် ၂၀၂၁ခုနှစ် အောက်တိုဘာလအနှောင်းပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် တစ်နေ့တာ ကူးစက်မှုအရေအတွက်ကို ၄ဦးရှိတယ်လို့ စိတ်ကူး တွက်ချက်ပါတယ်။ အဲဒီ ၄ ဦးဟာ လက်တွေ့ တိုကျိုမှာ လူပေါင်း ၈၀၀ ကူးစက်တာနဲ့ အချိုးကျပါတယ်။ အဲဒီလို အခြေခံထား တွက်ချက်ရာမှာ လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုက အရင်ကပ်ရောဂါ မဖြစ်တုန်းကထက် ၃၀ ရာခိုင်နှုန်း လျော့နည်းခဲ့မယ်ဆိုရင် ကာကွယ်ဆေးတွေရဲ့ အာနိသင်တွေ ပြယ်လာပေမယ့် ကူးစက်ခံရသူအသစ် အရေအတွက်က ဒီအတိုင်း အတက်အကျ မရှိဖြစ်မယ်လို့ သိရှိရပါတယ်။ လူအများအပြား တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးရင်တော့ ကူးစက်မှုနှုန်း စတင်ကျဆင်းလာမယ် လို့ ဆိုပါတယ်။
ဒါပေမဲ့ လူအချင်းချင်း ထိတွေ့မှုက အရင်ကပ်ရောဂါ မဖြစ်ခင်ကာလက အခြေအနေထက် ၂၀ ရာခိုင်နှုန်းလောက်ပဲ လျော့မယ်ဆိုရင်တော့ လူတွေ တတိအကြိမ် ကာကွယ်ဆေး ထိုးထားတဲ့တိုင်အောင် ဗိုင်းရပ်စ်ကူးစက်မှုအသစ် အရေအတွက်က ဆက်ပြီးတိုးနေမယ်လို့ ဆိုပါတယ်။ လူအချင်းချင်း သွားလာထိတွေ့မှု နည်းနည်းလောက်ပဲ ပြောင်းလဲမယ်ဆိုရင်တောင် ရောဂါကူးစက်မှု အခြေအနေကို သိသိသာသာ နည်းလာတာကို ဒီနမူနာပုံစံ တွက်ချက်မှုက ပြသနေတယ်လို့ မီးစ် Chiba က ပြောပါတယ်။
ကမ္ဘာတစ်ဝန်း နှစ်ကုန်နဲ့နှစ်သစ်ကူးကာလမှာ လူစုလူဝေးနဲ့ စားပွဲသောက်ပွဲ ပါတီပွဲကျင်းပကြမယ်ဆိုရင် ကူးစက်မှုတွေ မြင့်တက်လာနိုင်ခြေရှိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ စီးပွားရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုတွေကို လျှော့ချတာကို ဆက်ထိန်းထားနိုင်ဖို့ ခက်ခဲနိုင်တယ်လို့ မီးစ် Chiba က ပြောပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

353. ကိုဗစ်ကူးစက်မှု ဆဋ္ဌမလှိုင်း ဘယ်အချိန်မှာ လာနိုင်သလဲ” အပိုင်း (၆)

အဖြေ−− Okinawa Chubu ဆေးရုံက မစ္စတာ Takayama Yoshihiro ဟာ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သလို ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ အဖွဲ့မှာလည်း တာဝန်ယူထားသူ ဖြစ်ပါတယ်။
လာမယ့် နှစ်ကုန်နဲ့နှစ်သစ်ကူး အားလပ်ရက်တွေမှာ ရောဂါကူးစက်မှုတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ မစ္စတာ Takayama က သတိပေးထားပါတယ်။ ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်နေပေမဲ့လည်း အားလပ်ရက်ရာသီတွေ အတွင်းမှာ နယ် ဒေသတွေဆီ ခရီးထွက်ကြတာကြောင့် အတိုင်းအတာတစ်ခုအထိ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံလာမှာကို ရှောင်လွှဲမရနိုင်ဘူးလို့ သူက ဆိုပါတယ်။
အသက်အရွယ်ကြီးသူ လူကြီးမိဘတွေကလည်း မတွေ့ရတာ ကြာပြီဖြစ်တဲ့ သားသမီး၊ မြေးတွေနဲ့အတူ နှစ်သစ်ချိန်ခါကို ဖြတ်သန်းကြဖို့ စောင့်မျှော်နေတတ်ကြပါတယ်။ လူကြီးတွေရောသားသမီးတွေပါ အသေအချာ ကာကွယ်ဆေး ထိုးထားဖို့အရေးကြီးသလို တခြားကူးစက်မှုကို ကာကွယ်နိုင်တဲ့ အစီအမံတွေကိုလည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါမှ နှစ်သစ်ကူးအချိန်မှာ ကိုဗစ်ကူးမှာကို စိတ်ပူပန်စရာမလိုဘဲ မိသားစု အတူဖြတ်သန်းနိုင်မှာပါ။
ကူးစက်မှုဆဋ္ဌမလှိုင်းမလာခင် ကြိုတင်အစီအမံတွေကို ထပ်တိုးပြီး လုပ်ဆောင်ကြဖို့က အရေးကြီးတယ်လို့ မစ္စတာ Takayama က အလေးထား ပြောကြားခဲ့ပါတယ်။
"ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုမှာ လတ်တလော ကူးစက်မှု အခြေအနေ ဖြစ်နေတာကိုကြည့်ပြီး၊ အလွန်ကြီးမားတဲ့ ကူးစက်မှုလှိုင်းက ဂျပန်မှာလည်း ဖြစ်နိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်သင့်တယ်”လို့ သူက ပြောပါတယ်။ အထူးသဖြင့် တခြားရောဂါ အမျိုးမျိုးနဲ့ လူနာတွေလည်း များတတ်တဲ့ ဆောင်းရာသီမှာ နယ်တွေ၊ ကျေးလက်ဒေသတွေမှာဆိုရင် ဆေးရုံကုတင်တောင် မလောက်တာကြောင့် မလွယ်ဘူး သူက ပြောပါတယ်။ ဆေးရုံက ဆင်းခွင့်ပြုလိုက်တဲ့ နာလန်ထလူနာတွေကိုထားနိုင်မယ့် အဆောက်အအုံ အရေအတွက်ကို တိုးချဲ့ဖို့လိုပါတယ်။ လူနာက ဆေးရုံတက်နေရချိန် မကြာအောင် စီစဉ်ဖို့က အရေးကြီးပါတယ်။ ဆေးရုံတက်ရချိန် ကာလကို ထက်ဝက်လျှော့ချနိုင်မယ်ဆိုရင် ဆေးရုံကုတင် ၂ဆတိုးသလိုမျိုး တူညီတဲ့အကျိုးရမှာ ဖြစ်ပါတယ်။ အခုလို ရောဂါကူးစက်မှုတွေ ငြိမ်နေချိန်မှာ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ဆေးရုံတွေအနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကူးစက်မှုလှိုင်း အသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ အပြည့်အဝ ပြုလုပ်နိုင်အောင် ဆွေးနွေးမှုကြဖို့ မစ္စတာ Takayama က တောင်းဆိုထားပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

352. ကိုဗစ်ကူးစက်မှု ဆဋ္ဌမလှိုင်း ဘယ်အချိန်မှာ လာနိုင်သလဲ” အပိုင်း (၅)

အဖြေ−− Okinawa Chubu ဆေးရုံက မစ္စတာ Takayama Yoshihiro ဟာ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သလို ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ မှာလည်း တာဝန်ယူထားသူ ဖြစ်ပါတယ်။
မြို့ပြနဲ့ကျေးလက်ဒေသတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး စဉ်းစားတွေးခေါ်ပုံက ကွဲပြားတယ်လို့ ထင်ကြောင်း သူက ပြောပါတယ်။ မြို့ပြဒေသတွေမှာ ရောဂါပိုးကူးစက်မှုတွေ ဆက်တိုက်ရှိနေတဲ့ နေရာတွေရှိပြီး အဲဒီနေရာမှာ လူအချင်းချင်း ထိတွေ့မှု များလာတာနဲ့တစ်ပြိုင်နက် ဝါယာကြိုးတစ်လျှောက် ရှော့ဖြစ်ရင် မီးကူးစက်သလို ဗိုင်းရပ်စ်ကူးစက်မှုတွေ တဟုန်ထိုး များလာနိုင်တဲ့ အလားအလာရှိပါတယ်။ အိုကီနာဝါ အပါအဝင် နယ်ဘက်ဒေသတွေ အများစုမှာ ရောဂါကူးစက်မှု နည်းသွားပါပြီ။ ဒါပေမယ့် ကူးစက်မှုကို အတည်မပြုနိုင်တဲ့ တချို့ဒေသလည်း ရှိပါတယ်။ အဲဒီလို ဒေသက လူတွေအနေနဲ့ မြို့ပြဒေသတွေက ရောဂါကူးစက်ခံထားရသူတွေ နယ်ထဲဝင်လာမှာကို သတိထား သင့်ပါတယ်။ ခရိုင်ပြင်ပက လူတွေလာရင် ခရီးသွားတွေကို "ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားနဲ့ ရောဂါပိုးရှိမရှိ PCR စမ်းသပ်တဲ့အစီအစဉ်" တွဲပြီး စည်းကမ်းချမှတ်ထားတာမျိုး ရှိမရှိဆိုတာ အဓိက အရေးကြီးပါတယ်။ ရောဂါကူးစက်မှုတွေ ဖြစ်ပွားနေတဲ့အချိန်မှာ အပြင်ကလူတွေ ခရိုင်တွင်း ဖြတ်သန်းသွားလာမှု မပြုလုပ်ကြဖို့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက တောင်းဆိုခြင်းရှိမရှိ ဆိုတဲ့ အချက်လည်း အရေးကြီးပါတယ်။ နယ်ဘက်ခရိုင်တွေမှာ ပြည်သူတွေကို ရောဂါကူးစက်မှုတွေသတိထားပြီး ကြိုတင်ကာကွယ်ကြဖို့ နှိုးဆော်ကြပေမဲ့လည်း မြို့ပြမှာတော့ လူတွေကို အဲဒီလို လှုံ့ဆော်တာမျိုး မရှိရင် ကူးစက်မှုကာကွယ်ရေးဟာ ထိရောက်မှု ရှိမှာ မဟုတ်ပါဘူး။ အခုထက်ထိ မြို့ပြမှာ ကူးစက်မှု အရေအတွက် နည်းနေသေးတဲ့အတွက် ကာကွယ်ရေးအစီအမံနဲ့ ပတ်သက်တဲ့ စကားတွေကို အလေးအနက်ထားသူကလည်း နည်းပါးပါတယ်။ မြို့ပြ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအနေနဲ့ မြို့ပြနေပြည်သူတွေကို ကူးစက်မှုတွေအတွက် သတိရှိကြဖို့ ဆက်လက်တိုက်တွန်း နှိုးဆော်နေဖို့ အရေးကြီးတယ်လို့ Okinawa Chubu ဆေးရုံက မစ္စတာ Takayama Yoshihiro ပြောပြသွားပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

351. ကိုဗစ်ကူးစက်မှု ဆဋ္ဌမလှိုင်း ဘယ်အချိန်မှာ လာနိုင်သလဲ” အပိုင်း (၄)
(ကူးစက်ရောဂါဆိုင်ရာ ပြည်သူ့ကျန်းမာရေး ပညာရှင်ဖြစ်တဲ့ နိုင်ငံတကာကျန်းမာရေးနှင့် လူမှုဖူလုံရေးတက္ကသိုလ်က ပါမောက္ခ Wada Koji ရဲ့ ဖြေကြားမှု)

အဖြေ−− ပါမောက္ခ Wada Koji ဟာ ကျန်းမာရေးဝန်ကြီးဌာနက ပညာရှင်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။ တခြား ပညာရှင်တွေ ဖြေကြားသွားသလိုပဲ မစ္စတာ Wada ကလည်း ၂၀၂၁နှစ်ကုန်နဲ့၂၀၂၂ နှစ်သစ်ကူး ပိတ်ရက်ကာလအတွင်းမှာ လူတွေရဲ့ သွားလာလှုပ်ရှားမှုတွေ များပြားလာတာကို ဂရုစိုက်ကြဖို့ သတိပေးထားပါတယ်။
ရာသီဥတု အေးမြလာတာနဲ့စိုထိုင်းဆများတဲ့အချက်အပြင်၊ လူတွေ အပြင်ထွက် သွားလာလှုပ်ရှားမှုများတဲ့ နှစ်ကုန်နဲ့ နှစ်သစ်ကူးပွဲတွေ ကျင်းပတဲ့အချိန်မှာ ဗိုင်းရပ်စ် အလျင်အမြန် ကူးစက်ပျံ့နှံ့လာနိုင်ဖွယ် ရှိတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။
ရာသီပေါ်တုပ်ကွေးနဲ့အလားတူတဲ့ ရောဂါလက္ခဏာမျိုး ဖြစ်တာကြောင့် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ကာကွယ်ဆေးထိုးတဲ့သူများလာတာကြောင့်လူတွေ သွားလာလှုပ်ရှားမှု အပေါ် ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်တာနဲ့ ကာကွယ်ဆေး ထိုးထားတာကြာရင် ထိရောက်မှု လျော့ကျသွားမှာ စတဲ့ အချက်တွေ အပြင် အခြားမသိနိုင်တဲ့ အကြောင်းအရာတွေလည်း အများကြီး ရှိနေဆဲဖြစ်တာကြောင့် ကူးစက်မှု ဆဋ္ဌမလှိုင်း ဖြစ်လာရင် ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေတောင် ခန့်မှန်းတွက်ဆဖို့ ခက်ခဲတယ်လို့ မစ္စတာ Wada က ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးသူတွေ များပြားလာတာကြောင့် အရင် ကူးစက်မှုလှိုင်းတွေထက် အပြင်းအထန် ဖျားနာ သေဆုံးကြမယ့် အန္တရာယ်ကတော့ နည်းလာနိုင်တယ်လို့ မစ္စတာ Wada က ယုံကြည်ထားပါတယ်။
နိုင်ငံတကာမှာ ကိုဗစ်ဖြစ်ပွားမှုတွေကို လေ့လာကြည့်တဲ့အခါ ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုများတာ ကာကွယ်ဆေးမထိုးရသေးသူ တွေများတာကြောင့်ဖြစ်ပြီး ၊ ပြင်းထန်တဲ့ ကိုဗစ်ရောဂါ ကလည်း ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေမှာဖြစ်ပွားတာ များတယ်ဆိုတဲ့ အချက်ကို သူတွေ့ကြောင်း ပြောပါတယ်။
တိုကျိုမှာ အသက် ၄၀ တန်းအရွယ် လူ ၅ ဦးမှာ ၁ ဦးဟာ ကာကွယ်ဆေး မထိုးရသေးပါဘူး။
လူတစ်ဦးချင်းစီအတွက်ရော ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ ဘေးကင်းစိတ်ချ ရစေဖို့အတွက် ကာကွယ်ဆေးထိုးကြဖို့ အရေးကြီးတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

350. ကိုဗစ်ကူးစက်မှု ဆဋ္ဌမလှိုင်း ဘယ်အချိန်မှာ လာနိုင်သလဲ” အပိုင်း (၃)
(Nagoya Institute က ပါမောက္ခ Hirata Akimasa ရဲ့ ဖြေကြားမှု)

အဖြေ−− နောက်ထပ် ရောဂါကူးစက်မှုတွေကို ခန့်မှန်းတွက်ဆဖို့ လူလုပ်အသိဉာဏ် AI ကို သုံးပြီး ကြိုးပမ်း ဆောင်ရွက်နေကြပါတယ်။ Nagoya Institute က ပါမောက္ခ Hirata Akimasa က လူလုပ်အသိဉာဏ် AI လူလုပ်အသိဉာဏ်ထဲကို ယခင် ရောဂါကူးစက်မှု နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ထည့်သွင်း မှတ်သားစေပြီး တိုကျိုရဲ့အနာဂတ် အခြေအနေကို အစမ်းပုံဖေါ် တွက်ချက် ကြည့်ခဲ့ပါတယ်။ အဲဒီ AI လူလုပ်အသိဉာဏ်ထဲမှာ ကူးစက်ခံရသူ အရေအတွက်၊ ရာသီဥတုအပူချိန်၊ စိုထိုင်းဆ၊ လူတွေရဲ့ သွားလာလှုပ်ရှားမှုတွေအပြင် အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ထားခြင်း ရှိမရှိ စတဲ့ အချက်အလက်တွေ ထည့်သွင်း မှတ်သားခိုင်းထားပါတယ်။
Al က လူတွေရဲ့ သွားလာလှုပ်ရှားမှုဟာ တဖြည်းဖြည်းနဲ့ ပုံမှန် ပြန်ဖြစ်လာ လိမ့်မယ်လို့အဖြေထုတ်ခဲ့ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူအချိုးအစားနဲ့ တတိယအကြိမ် အားဖြည့်ကာကွယ်ဆေး စထိုးမယ့်အချိန်စတဲ့ မတူညီတဲ့ အခြေအနေအမျိုးမျိုးကို ထည့်သွင်းပြီး ပုံစံ ၂၇ မျိုးနဲ့ AI ကိုတွက်ချက် ခိုင်းခဲ့ပါတယ်။ အဲဒီလို အမျိုးမျိုး စမ်းသပ်တွက်ချက်ကြည့်တာရဲ့ ရလဒ်အရ ကူးစက်မှုမြင့်တက်ပြီး ဆဋ္ဌမလှိုင်းဟာ ဇန်နဝါရီလ လဆန်းပိုင်းလောက် ဖြစ်လိမ့်မယ်လို့ ပြသနေပါတယ်။
AI ရဲ့ ကြိုတင်ခန့်မှန်းတွက်ချက်မှုအရ ဆဋ္ဌမလှိုင်းရဲ့ ကူးစက်မှုအမြင့်ဆုံး အချိန်ဟာ ဇန်နဝါရီလ အစောပိုင်းမှာ ဖြစ်မယ်လို့ ဆိုတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အစပျိုးတာဟာ ဒီဇင်ဘာလ ခရစ္စမတ်ကနေ နှစ်သစ်ကူးတဲ့ ကာလအထိအတွင်း အားလပ်ရက်တွေမှာ လူတွေ ဘယ်အတိုင်းအတာအထိ အပြင်ထွက် သွားလာကြမလဲ၊ မိသားစုနဲ့ ဆွေမျိုးသားချင်း၊ မိတ်ဆွေ သူငယ်ချင်းတွေ တွေ့ဆုံမှု ပမာဏ ဘယ်လောက်ရှိမလဲ ဆိုတဲ့ အပေါ် မူတည်နေပါတယ်။
တစ်ချိန်တည်းမှာပဲ အားဖြည့်ကာကွယ်ဆေးကို တတိယအကြိမ် မြန်မြန်ဆန်ဆန် ထိုးပေးမယ်ဆိုရင်၊ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ကျဆင်းမှုနှုန်းမြန်ပြီး ပြင်းထန်တဲ့ ရောဂါ လက္ခဏာဖြစ်ပွားသူ အရေအတွက်လည်းနည်းမယ်လို့ AI ရဲ့ ကြိုတင် ခန့်မှန်းမှုမှာ ပြသနေပါတယ်။
ဒါကြောင့် တတိယအကြိမ် ကာကွယ်ဆေးထိုးဖို့နဲ့ ပြည်သူအားလုံး ကာကွယ်ဆေး အစွမ်းထိရောက်အောင် ဆေးသေချာထိုးထားနိုင်ဖို့ အရေးကြီးတယ်လို့ မစ္စတာ Hirata က ပြောပါတယ်။ ဂျပန်မှာ ကာကွယ်ဆေးထိုးတာကို စောစော အကောင်အထည်ဖော် ခဲ့တာကြောင့် ထိုးထားတဲ့ကာကွယ်ဆေးရဲ့ အစွမ်းထိရောက်မှုက လည်း ကျဆင်းတာ မြန်နိုင်ခြေ ရှိပါတယ်။ ဒါ့ကြောင့် ကိုဗစ်ရောဂါ ဖြစ်ပွားတာကနေ ကာကွယ်နိုင်စွမ်းအား ဖြည့်တင်းတဲ့အနေနဲ့ တတိယအကြိမ် ကာကွယ်ဆေး ထိုးတာကို စောစောမစတင်ရင် ကာကွယ်ဆေးထိုးပြီး ကူးစက်မှုနည်းအောင် အခြေအနေကို ဆက်ထိန်းထားတာ ခဲယဉ်းသွားနိုင်တယ်လို့ သူက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

349. ကိုဗစ်ကူးစက်မှု ဆဋ္ဌမလှိုင်း ဘယ်အချိန်မှာ လာနိုင်သလဲ” အပိုင်း (၂)
(ပညာရှင် မစ္စတာ Furuse Yuki ရဲ့ ပြန်လည်ဖြေကြားမှု)

အဖြေ−− ရောဂါတွေကို သင်္ချာပုံစံနဲ့တွက်ချက်သုတေသနပြု အဖြေထုတ်တဲ့ ကူးစက်ရောဂါဗေဒ ပညာရှင် မစ္စတာ Furuse Yuki က လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုကို လျှော့ချမယ်ဆိုရင် ကူးစက်မှု ဆဋ္ဌမလှိုင်း စတင်ဖြစ်ပေါ်လာဖို့ နှေးကွေးသွားစေနိုင်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လက်တွေ့ စမ်းသပ်သုတေသနပြု တွက်ချက်ထားတာအရ လူတစ်ဦးနဲ့တစ်ဦး ထိတွေ့မှုကို အရင်ကပ်ရောဂါ စဖြစ်တုန်းကအခြေအနေထက် ၄၀ ရာခိုင်နှုန်း နည်းသွားအောင် လျှော့လိုက်တာ ဒါမှမဟုတ် လူအချင်းချင်း ထိတွေ့ဆက်ဆံမှု ၆၀ ရာခိုင်နှုန်းလောက်ပဲရှိမယ် ဆိုရင်တောင် ၅လလောက်အတွင်းမှာ ကူးစက်မှုလှိုင်း မြင့်တက်လာတာကို ပြသနေပါတယ်။ ဒီတစ်ခေါက်စမ်းသပ် လုပ်ဆောင်မှုမှာတော့ ထပ်မံ အားဖြည့်ကာကွယ်ဆေးကို တတိယ အကြိမ်ထိုးလို့ရတဲ့ ရလဒ်ကနေ ဖြစ်နိုင်ခြေတွေကို ထည့်သွင်း တွက်ချက်တာမျိုး မလုပ်ထားပါဘူး။ ဒါ့ကြောင့် တတိယအကြိမ် ကာကွယ်ဆေးထိုးတာဟာ ရောဂါကူးစက်မှု ဆဋ္ဌမလှိုင်းလာနိုင်ခြေကို လျော့ကျသွားစေနိုင်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ လူတွေ တစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှု ဘယ်လောက် ရှိတယ်။ ဘယ်လောက်လျော့ကျသွားတယ် ဆိုတာကို အတိအကျသိနိုင်ဖို့က အလွန်ခက်ပါတယ်။ ဒါပေမဲ့ နှစ်ကုန်နဲ့နှစ်သစ်ကူးရာသီ ပိတ်ရက်တွေမှာ လူတွေ အပြင်ထွက်တဲ့အတွက် အထူးသတိထားဖို့က အရေးကြီးတယ်လို့ မစ္စတာ Furuse က ပြောကြားခဲ့ပါတယ်။
ဆောင်းရာသီကာလရောက်ရင် အရင်ကတည်းက အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ ပျံ့နှံ့တတ်ပါတယ်။ ပိတ်ရက်တွေမှာ စားပွဲသောက်ပွဲတွေကျင်းပတာကြောင့် ကပ်ရောဂါ မဖြစ်ခင်တုန်းကလို လူတွေစုဝေးပြီး စားသောက်ကြတာ ဒါမှမဟုတ် ခရီးထွက်တာတွေ များမယ်ဆိုရင် နောက်တစ်ခါ ကူးစက်မှုတွေ များလာနိုင်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။ လက်ရှိ အချိန်မှာ ကူးစက်မှုနည်းအောင် ကာကွယ်တဲ့ အစီအမံတွေကို တဖြည်းဖြည်းနဲ့ ဖြေလျော့လာတာကြောင့် စိုးရိမ်နေတဲ့ လူတစ်ချို့ရှိသလို ဂျပန်မှာ လူအများကတော့ နှာခေါင်းစည်း တပ်ထားဆဲပါပဲ။ စားပွဲသောက်ပွဲ တွေလုပ်တာကိုလည်း လျှော့ချထားဆဲပဲ ဖြစ်ပြီး အွန်လိုင်းကနေပဲ လူချင်းတွေ့ဆုံတာတွေကိုလည်း ဆက်လုပ်နေဆဲပဲ ဖြစ်ပါတယ်။
ဂျပန်မှာ လူနေမှုဘဝပုံစံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကြောင့် လူအချင်းချင်း ထိတွေ့မှုကို လျှော့ချထားတဲ့ "လူနေမှု ပုံစံသစ်" ဖြစ်နေပါပြီ။ ဒီလိုမျိုး လူနေမှုပုံစံအသစ်နဲ့ ဆက်လက်ကျင့်သုံး နေထိုင်သွားမယ်ဆိုရင် နောက်တစ်ကြိမ် ကူးစက်မှုလှိုင်း မြင့်တက် လာတာကို လုံးဝရှောင်လွှဲလို့ မရရင်တောင် ကိုရိုနာ ကူးစက်မှု ဆဋ္ဌမလှိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေကို လျှော့ချနိုင်ဖွယ်ရှိပြီး ဆေးကုသရေးစနစ်အပေါ် အလွန်အကျွံ ဝန်ပိတာမျိုးလည်း မဖြစ်စေဖို့ လုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့ မစ္စတာ Furuse က ပြောကြားခဲ့ပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

348. “ကိုဗစ်ကူးစက်မှု ဆဋ္ဌမလှိုင်း ဘယ်အချိန်မှာ လာနိုင်သလဲ” အပိုင်း (၁)
(ပညာရှင် မစ္စတာ Furuse Yuki ရဲ့ ပြန်လည်ဖြေကြားမှု)

အဖြေ−− ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ ဒီနှစ်အတွင်းမှာ အနည်းဆုံးအဆင့်ကို အခု ရောက်ရှိလာပါပြီ ။ ဒါပေမဲ့ ဂျပန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်း လာရင် လုပ်ရမယ့် အစီအမံတွေအတွက် ကြိုတင်ပြင်ဆင်ရေး အစီအစဉ် တစ်ခုကို ဆုံးဖြတ်ပြီး နို၀င်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရောဂါတွေကို သင်္ချာပုံစံနဲ့တွက်ချက်သုတေသနပြု အဖြေထုတ်တဲ့ ကူးစက်ရောဂါဗေဒ ပညာရှင် မစ္စတာ Furuse Yuki ကတော့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အစုအပြုံလိုက် ကူးစက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ရဲ့ အကြံပေးတစ်ဦးလဲ ဖြစ်ပါတယ်။ မစ္စတာ Furuse Yuki က ကူးစက်မှု ဆဋ္ဌမလှိုင်းဟာ ၂၀၂၁ ခုနှစ်ရဲ့ အခုဆောင်းရာသီမှာ ဖြစ်ပွားလာနိုင်ဖွယ် ရှိတယ်လို့ ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကျွမ်းကျင်သူများ အဖွဲ့ရဲ့ ကူးစက်မှုအခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေမှာ မစ္စတာ Furuse Yuki က ကြီးကြပ်ကွပ်ကဲလာခဲ့ပါတယ်။ ဒါ့ကြောင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့စေတဲ့ အကြောင်းရင်းအမျိုးမျိုးကို သင်္ချာပုံသေနည်းနဲ့ တွက်ချက်ပြီး ဖြစ်နိုင်ခြေတွေကို အစမ်းလုပ်ကြည့် လာခဲ့ပါတယ်။
တွက်ချက်ပြီး စမ်းသပ်တဲ့နေရာမှာ အဓိက အသုံးပြုတဲ့ အချက်တွေကို ကြည့်ရအောင်။
၁) ကာကွယ်ဆေးထိုးထားတဲ့နှုန်းက အသက် ၆၀ နှစ်နဲ့အထက် ကြားမှာ ၉၀ ရာခိုင်နှုန်းရှိပါတယ်၊ အသက် ၄၀ နဲ့ ၅၀ကြားမှာ ၈၀ ရာခိုင်နှုန်း ရှိပြီး အသက် ၂၀ နဲ့ ၃၀ ကြားမှာ ၇၅ ရာခိုင်နှုန်း ရှိပါတယ်။
၂) ကာကွယ်ဆေး အပြည့် နှစ်ကြိမ်ထိုးထားရင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကနေ ၇၀ ရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်။
၃) လူအချင်းချင်း ထိတွေ့ဆက်ဆံမှုက ကပ်ရောဂါ မဖြစ်ခင်ကထက် စာရင် ၈၀ ရာခိုင်နှုန်းခန့်ပဲ ရှိပါတော့တယ်။ (ဆိုလိုတာက အရင်ကရှိတာထက် ၂၀ ရာခိုင်နှုန်း လျော့နည်းသွားတာ ဖြစ်ပါတယ်)။
ဒီလို တွက်ချက်ကြည့်တဲ့အခါ အစပိုင်းမှာ ကူးစက်ခံရသူအသစ် အရေအတွက် နည်းနေပေမယ့် တစ်လအကြာမှာတော့ ကူးစက်သူ စများလာလေ့ရှိပြီး နှစ်လအကြာမှာ တစ်ဟုန်ထိုး တက်လာမယ် ဆိုတာကို ပြသနေပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

347. ဂျပန်မှာ COVID-19 ရဲ့ နောက်ဆက်တွဲ နာတာရှည် ဝေဒနာတွေ ခံစားရရင် အလုပ်သမားနစ်နာကြေး ခံစားခွင့် ရှိသလား။ အပိုင်း (၂)
(ဘယ်လိုလူတွေက အလုပ်သမားနစ်နာကြေးခံစားခွင့်ရမလဲ”)

အဖြေ−− လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး အလုပ်သမား နစ်နာကြေး ရရှိသူတွေ များလာနေပါတယ်။ ဒါ့အပြင် ဂျပန်မှာ အလုပ်သမားတွေ COVID-19 ကူးစက်ခံရတဲ့နောက် ရောဂါဖြစ်ပြီး နောက်ဆက်တွဲ နာတာရှည် ဝေဒနာတွေ ခံစားနေရရင်လည်း အလုပ်သမား နစ်နာကြေး ခံစားခွင့် ရရှိနေပြီ ဖြစ်ပါတယ်။
ဂျပန်မှာ အလုပ်လုပ်နေတဲ့ ဘယ်နိုင်ငံခြားသား အလုပ်သမားမဆို အလုပ်သမား နစ်နာကြေးအာမခံမှာ အကျုံးဝင်ပါတယ်။ အဲဒီလို နစ်နာကြေး အာမခံရမယ့်အထဲမှာ အလုပ်လုပ်ခွင့်ရထားတဲ့ နေထိုင်ခွင့် ဗီဇာရှိသူတွေသာမက အချိန်ပိုင်းအလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ကျောင်းသားတွေလည်း ပါဝင်ပါတယ်။
ဂျပန်နိုင်ငံကအလုပ်ခွင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဒါမှမဟုတ် ကိုဗစ်ကြောင့် ရောဂါဖြစ်ပြီး နာတာရှည်ဝေဒနာတွေ စွဲကပ်ကျန်ခဲ့တဲ့သူတစ်ယောက် နေမကောင်းလို့ အလုပ်မလုပ်နိုင်ရင် အလုပ်သမား နစ်နာကြေးရဖို့ အကျုံးဝင်တယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။
အလုပ်ခွင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရရင် ဒါမှမဟုတ် ကိုဗစ်ဖြစ်ပြီး နာတာရှည်ဝေဒနာတွေ ခံစားနေရရင် ကိုယ့်အနီးအနားမှာရှိတဲ့ အလုပ်သမားစံချိန်စံနှုန်းဆိုင်ရာ စစ်ဆေးရေး ဌာန (Roudou kijyun kantoku sho)労働基準監督署နဲ့ တိုင်ပင်ဆွေးနွေးကြဖို့ ဂျပန်အစိုးရက တိုက်တွန်း ထားပါတယ်။
ဂျပန်တစ်နိုင်ငံလုံးမှာ လုပ်ငန်းခွင်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် နစ်နာကြေး ခံစားခွင့်ရခဲ့တဲ့ ဝန်ထမ်းပေါင်း စက်တင်ဘာလကုန်အထိ ၁၄,၅၆၇ ဦးရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဆိုပါတယ်။ ဆရာဝန် ၊ သူနာပြုနဲ့ လိုင်စင်ရ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်သူ အပါအဝင် ဆေးဘက်ဆိုင်ရာဌာန နဲ့ လူမှုဖူလုံရေးဌာနတွေမှာလုပ်တဲ့ ဝန်ထမ်းတွေ စုစုပေါင်း ၁၁,၂၁၄ ဦး အလုပ်သမားအာမခံနဲ့ နစ်နာကြေးရပါတယ်။ အဲဒီပမာဏက နစ်နာကြေးခံစားခွင့်ရသူ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်း ရှိပါတယ်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ စာပို့လုပ်ငန်းတွေက အလုပ်သမား ၃၇၆ ဦး၊ ကုန်ထုတ်လုပ်ငန်းက အလုပ်သမား ၃၁၅ ဦး၊ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေက ၂၄၅ ဦးလည်း အလုပ်ခွင်ကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အတွက် နစ်နာကြေးရခဲ့ပါတယ်။
Hyogo (ဟရောဂိုး) ခရိုင် အခြေစိုက် NGO အဖွဲ့အစည်းက COVID-19 ရဲ့ကူးစက်တဲ့ဒဏ်ခံရတဲ့ အလုပ်သမားတွေကို အကူအညီပေးနေပြီး အလုပ်ခွင်က ရပိုင်ခွင့် အနေအထားတွေ တိုးတက်မှုရှိလာအောင် လုပ်ဆောင်ပေးနေပါတယ်။ အလုပ်ခွင်မှာ ကိုဗစ်ကူးစက်ခံရလို့ ရောဂါဖြစ်ပြီးနောက် နာတာရှည် ဝေဒနာတွေ ခံစားနေရသူတွေဟာ အလုပ်သမား နစ်နာကြေး နောက်တစ်ကြိမ် ထပ်ခံစားခွင့်ရှိတယ်လို့ အဲဒီအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး Nishiyama Kazuhiro က ပြောပါတယ်။ ဂျပန်အစိုးရဟာ ဒီအလုပ်သမား နစ်နာကြေးစနစ်နဲ့ပတ်သက်ပြီး လူတွေ ပိုသိလာအောင် လုပ်ဆောင်သင့်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

346. ဂျပန်မှာ COVID-19 ရဲ့ နောက်ဆက်တွဲ နာတာရှည် ဝေဒနာတွေ ခံစားရရင် အလုပ်သမားနစ်နာကြေး ခံစားခွင့် ရှိသလား။ အပိုင်း (၁)

အဖြေ−− လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် အလုပ်သမား နစ်နာကြေး ရရှိနိုင်ပါတယ်။ ရရှိပြီးသူတွေလည်း တိုးလာနေပါတယ်။ ဒါ့အပြင် ဂျပန်မှာ အလုပ်သမားတွေ COVID-19 ကူးစက်ခံရတာကနေ ရောဂါဖြစ်ပြီး နောက်ဆက်တွဲ နာတာရှည် ဝေဒနာတွေခံစားရရင်လည်း အလုပ်သမား နစ်နာကြေး ခံစားခွင့် ရရှိနေပြီ ဖြစ်ပါတယ်။ ဟရောဂိုး ခရိုင်က သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာမှာ အသက် ၄၀ အရွယ် အရိုးအကြောအဆစ်ကု ဆရာဝန် အမျိုးသားတစ်ဦးဟာ COVID-19 ကူးစက်ခံရပြီးနောက် ရောဂါဖြစ်ရာကနေ နောက်ဆက်တွဲ နာတာရှည်ဝေဒနာတွေ ခံစားနေရပါတယ်။ အဲဒီလို သူဝေဒနာ ခံစားနေရတာ COVID-19 ကြောင့် ဖြစ်တဲ့အတွက် အလုပ်သမားနစ်နာကြေး ခံစားခွင့် ရရှိခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ ဂေဟာမှာနေထိုင်တဲ့ COVID-19 ဗိုင်းရပ်စ် ကူးစက်ထားသူတွေနဲ့ အနီးကပ် ထိတွေ့ခဲ့ပြီးတဲ့နောက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ PCR စစ်ဆေးခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးနေတာ တွေ့ရှိခဲ့ပြီး အလုပ်သမား နစ်နာကြေး ခံစားခွင့်ရခဲ့ပါတယ်။ အဲဒီနောက် သူဟာ နှစ်လနီးပါး ဆေးကုသမှုခံယူပြီးနောက်မှာ အလုပ်ပြန်ဆင်းခဲ့ပါတယ်။ ဒါပေမဲ့ အရမ်းပင်ပန်းနွမ်းနယ်နေတတ်ပြီး အသက်ရှုကြပ်တာမျိုးလည်း ဖြစ်ပါတယ်။ လျှာက အရသာကို ပုံမှန်အတိုင်း ပြန်မရတာမျိုးလည်း ဖြစ်တာတွေကြောင့် ၂၀၂၁ ခုနှစ် ဧပြီလမှာ အလုပ်ကနေ ထပ်နားခဲ့ရပြန်ပါတယ်။ ဆရာဝန်က စစ်ဆေးကြည့်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါရဲ့ နောက်ဆက်တွဲ နာတာရှည် လက္ခဏာတွေလို့ သိခဲ့ရပါတယ်။
ဒါကြောင့် သူဟာ အလုပ်သမား နစ်နာကြေး ထပ်မံလျှောက်ထားခဲ့ ပါတယ်။ သူ့ရဲ့ အလုပ်ခွင်ကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာကြောင့် နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်တယ်လို့ အလုပ်သမား စံချိန်စံနှုန်း စစ်ဆေးရေး အရာရှိတွေက အသိအမှတ်ပြုပြီး သြဂုတ်လမှာ နစ်နာကြေးထပ်ရ ခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ အခုထက်ထိ အလုပ်မဆင်းနိုင်သေးဘဲ ဇနီးသည်နဲ့ အသက် ၅ နှစ်အရွယ် သမီးငယ်က သူ့ကို အိမ်မှာ ကြည့်ရှု စောင့်ရှောက်ပေးရင်း ဆေးကုသမှုခံယူနေရပါတယ်။
“ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရာကနေ ရောဂါဖြစ်ပြီး နောက်ပိုင်း နာတာရှည်ဝေဒနာတွေ ခံစားရတဲ့အတွက် အလုပ်သမား နစ်နာကြေးရလို့ တကယ်စိတ်သက်သာခဲ့ပါတယ်” လို့ သူက ပြောပြပါတယ်။ သူ့သမီးလေးနဲ့အတူ ပြေးလွှားဆော့ကစား တာမျိုးလည်း ကောင်းကောင်းမလုပ်နိုင်သေးတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်ရင် အမြန်ဆုံး အလုပ်ပြန်ဆင်းချင်တယ်” လို့လည်း သူက ပြောခဲ့ပါတယ်။
COVID-19 ကြောင့် ရောဂါဖြစ်ပြီး နာတာရှည်ဝေဒနာတွေ ခံစားနေရရင် အလုပ်သမား နစ်နာကြေး ရနိုင်တာကြောင့် ဂျပန်က အလုပ်ခွင်မှာ အလားတူ အခြေအနေမျိုးဖြစ်တယ်ဆိုရင် အလုပ်သမားစံချိန်စံနှုန်းဆိုင်ရာ စစ်ဆေးရေးဌာန (Roudou kijyun kantoku sho)労働基準監督署နဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ ဂျပန်အစိုးရက တိုက်တွန်းထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

345. ”အားဖြည့်ကာကွယ်ဆေးကို တတိယအကြိမ်ထိုးဖို့ ဂျပန်နဲ့တခြားနိုင်ငံတွေ ဘယ်လို လုပ်ဆောင်နေကြသလဲ” အပိုင်း (၉)
(ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပဉ္စလှိုင်းကနေ ဘယ်လိုသင်ခန်းစာတွေ ရရှိလိုက်သလဲ။)

အဖြေ−− ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပဉ္စမလှိုင်းတုန်းက လူနာအများစုဟာ ကာကွယ်ဆေး မထိုးရသေးတာများသလို ကာကွယ်ဆေး တစ်ကြိမ်ပဲ ထိုးရသေးတဲ့သူတွေလည်း ရှိခဲ့တယ်လို့ Saitama ဆေးတက္ကသိုလ်ဆေးရုံက ပါမောက္ခ Oka Hideaki က ပြောပါတယ်။ ဒါပေမဲ့သြဂုတ်လလယ်မှာ ဆေးရုံတက်နေတဲ့ အသက် ၈၀ အရွယ် လူနာတစ်ဦးဟာ ဇူလိုင်လမှာ ကာကွယ်ဆေး ၂ ကြိမ် အပြည့် ထိုးထားပြီးသား ဖြစ်ပေမဲ့လည်း ရောဂါလက္ခဏာတွေ ပြင်းထန်လာပြီး ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီ လူနာဟာ ကင်ဆာ ဖြစ်နေတာကြောင့် ကင်ဆာဆေးသွင်းနေရတဲ့အတွက် ကိုယ်ခံ စွမ်းအားစနစ် အားနည်းနေတယ်လို့ သိရပါတယ်။
ပါမောက္ခ Oka က အခုလို ပြောပါတယ်။ လူနာဟာ ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပေမဲ့လည်း ကံမကောင်းစွာနဲ့ ရောဂါပြင်းထန် ပြီးသေသွားခဲ့ပါတယ်။ နိုင်ငံရပ်ခြားက သုတေသနတွေအရ ကိုယ်ခံအားစနစ် နည်းနေတဲ့ လူနာတွေဟာ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပေမဲ့ ကာကွယ်ဆေးရဲ့ အကျိုးအာနိသင်ကို မရနိုင်ဘူး လို့ ဆိုပါတယ်။ အဲဒီလိုလူတွေမှာ ကာကွယ်ဆေးက ထိရောက်မှု မရှိတော့တာတွေ့ရတယ်လို့ သုတေသီတွေက ထောက်ပြကြပါ တယ်။
တခြားရောဂါတွေအတွက် ကိုယ်ခံအားစနစ် လျော့ကျစေတဲ့ ဆေးသုံးနေရတယ်ဆိုရင် ကာကွယ်ဆေး ၂ကြိမ် ထိုးရုံနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် ရောဂါမဖြစ်ပွားရ‌အောင် ကာကွယ်တဲ့ ပဋိပစ္စည်း လုံလုံလောက်လောက် မထုတ်နိုင်ဘူးလို့ ပါမောက္ခ Oka က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သုတေသန အချက်အလက်တွေကိုလည်း စုစည်းနေပြီး ခုခံအားစနစ်အားနည်းတဲ့ လူနာတွေမှာ ကာကွယ်ဆေးဟာ၂ကြိမ် ထိုးပေမယ့်လည်း လုံလောက်တဲ့ပဋိပစ္စည်း မထွက်တဲ့အတွက် ကာကွယ်မှု မပေးနိုင်ဘူးဆိုတာကို သိရှိလာရပါပြီ။ တတိယအကြိမ် ကာကွယ်ဆေးထိုးရင်တော့ ပဋိပစ္စည်း တိုးပွားလာကြောင်း ပါမောက္ခ Oka က ပြောကြားခဲ့ပါတယ်။ အခုဆိုရင် ကာကွယ်ဆေးတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ထိုးလို့ရလာပြီ ဖြစ်တာကြောင့် နောက်တစ်ကြိမ် ကိုဗစ်လှိုင်းအတွက် ကြိုတင်ပြင်ဆင်ရမှာကတော့ ရောဂါလက္ခဏာ ပြင်းထန်လာနိုင်ခြေများတဲ့ သူတွေက ဘယ်သူတွေလဲ။ ဘယ်လိုကာကွယ်ပေးနိုင်မလဲ၊ အားနည်းချက်တွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ စတာတွေကို စဉ်းစားထားသင့်တယ်လို့ ပါမောက္ခ Oka က ဆိုပါတယ်။
ဒီလိုကြိုတင်ပြင်ဆင်ထားမှ ရောဂါပြင်းထန်နိုင်တဲ့ လူနာ အရေအတွက် မြင့်တက်မလာအောင် ထိန်းထားနိုင်မှာ ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် မပြိုကွဲရ‌အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

344. ”အားဖြည့်ကာကွယ်ဆေးကို တတိယအကြိမ်ထိုးဖို့ ဂျပန်နဲ့တခြားနိုင်ငံတွေ ဘယ်လို လုပ်ဆောင်နေကြသလဲ” အပိုင်း (၈)
(ဘယ်သူတွေက တတိယအကြိမ် အားဖြည့်ကာကွယ်ဆေးထိုးလို့ မရနိုင်ပါသလဲ။)

အဖြေ−− ကာကွယ်ဆေးထိုးချင်ပေမဲ့ ထိုးလို့မရတဲ့သူတွေလည်း ရှိတာကြောင့် လေ့လာကြည့်ကြရအောင်။ အသက် ၄၉ နှစ်အရွယ် Ikeda Masahiro ဟာ Tokyo က Minato မြို့နယ်က Roppongi ရပ်ကွက်မှာဖွင့်ထားတဲ့ အရက်ဘားတစ်ခုမှာ အလုပ်လုပ်နေသူဖြစ်ပြီး ကာကွယ်ဆေး မထိုးရသေးပါဘူး။ ဓါတ်မတည့်လို့ အရေပြားနီပြီး ယားယံတာ၊ ရောင်ရမ်းနာကျင်တာစတဲ့ အလာဂျီဖြစ်တဲ့ လက္ခဏာတွေ သူ့မှာ ရှိပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၉ နှစ်လောက်က တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးပြီးနောက်မှာ နေထိုင်မကောင်း ဖြစ်ခဲ့တာကြောင့် ဆရာဝန်က ဒါဟာ ကာကွယ်ဆေးကြောင့် ပြင်းပြင်းထန်ထန် ဓာတ်မတည့် တာဖြစ်ပြီး သွေးလန့်တာလို့ ပြောခဲ့ပါတယ်။
မစ္စတာ Ikeda က အဲဒီတုန်းက သူဖြစ်ခဲ့တဲ့ ကြောက်စရာ အတွေ့အကြုံကို ပြန်ပြောပြခဲ့ပါတယ်။ ကာကွယ်ဆေးထိုးအပြီး အိမ်ပြန်ဖို့ ထလိုက်ချိန်မှာ လမ်းမလျှောက်နိုင်ဘဲ တယိမ်းတယိုင် ဖြစ်နေခဲ့ပါတယ်။ အဲဒီနောက် ရင်တွေတလှပ်လှပ်တုန်ပြီး တစ်ခုခု မှားယွင်းနေပြီဆိုပြီး သူတော်တော်လန့်သွားတယ်လို့ ပြောပြပါ တယ်။
မစ္စတာ Ikeda က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးတာနဲ့ ပတ်သက်ပြီး သူ့မိသားစုဆရာဝန်ကို မေးတဲ့အခါ ဆရာဝန်က ပြဿနာမရှိနိုင်ဘူးလို့ ပြောခဲ့ပေမယ့် အရင်က ကာကွယ်ဆေးကြောင့် ဓာတ်မတည့်တာကြောင့်သွေးလန့်ဖူးတဲ့အတွက် ကာကွယ်ဆေးထိုး မထိုး ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါလို့ ဆရာဝန်က ပြောခဲ့ပါတယ်။
မစ္စတာ Ikeda ဟာ ပန်းနာရင်ကျပ်ရောဂါလည်း ရှိတာမို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ရောဂါဖြစ်သွားရင် ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ခြေ ရှိပါတယ်။ သူဟာ သူကိုယ်တိုင်အတွက်ရော ဘားကိုလာတဲ့ ဧည့်သည်တွေအတွက်ပါ စဉ်းစားပြီး ကာကွယ်ဆေး ထိုးထားချင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူ စိတ်ကို ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ် နိုင်ခဲ့ပါဘူး။
သူက အမှန်အတိုင်းဝန်ခံရရင် ကာကွယ်ဆေး ၃ ကြိမ် ဆေးထိုးမှု ခံယူနိုင်သူတွေကို အားကျမိတယ်လို့ ပြောပါတယ်။ သူသာ ကျန်းမာခဲ့ရင် ကာကွယ်ဆေး ထိုးပြီးလောက်ပါပြီ။ စည်းမျဉ်းစည်းကမ်းတွေလည်း တစ်ခုပြီးတစ်ခု ရုတ်သိမ်းလာနေ ပြီး ကာကွယ်ဆေးထိုးထားတဲ့ အထောက်အထား လက်မှတ်ပြနိုင်သူတွေ ခရီးသွားလာနိုင်တဲ့အချိန်မှာ ကာကွယ်ဆေးမထိုးရသူတွေက အဲဒီလို လုပ်ဆောင်နိုင်တာမျိုးလည်းမရှိတဲ့အပြင် ရှေ့လျောက် ဘယ်လို ဖြစ်လာမလဲဆိုတာ တွေးပြီး စိုးရိမ်နေတာကြောင့် အပယ်ခံ တစ်ယောက်လို ခံစားရတယ်လို့ သူကဆိုပါတယ်။
သူ့လို ကာကွယ်ဆေးထိုးလို့မရနိုင်တဲ့ လူတွေအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကို အာဏာပိုင်တွေအနေနဲ့ ဆွေးနွေး တိုင်ပင်စေချင်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

343. ”အားဖြည့်ကာကွယ်ဆေးကို တတိယအကြိမ်ထိုးဖို့ ဂျပန်နဲ့တခြားနိုင်ငံတွေ ဘယ်လို လုပ်ဆောင်နေကြသလဲ” အပိုင်း (၇)
(ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အားဖြည့်ထိုးတာနဲ့ ပတ်သက်ပြီး သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်တဲ့ ဂေဟာတွေ၊ ဘိုးဘွားရိပ်သာတွေရဲ့ အခြေအနေကဘယ်လိုလဲ။)

အဖြေ−− ၂၀၂၁မှာဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပဉ္စမလှိုင်းတုန်းက ကာကွယ်ဆေး ၂ကြိမ် ထိုးထားပြီးသူတွေလည်း "breakthrough infections" လို့ခေါ်တဲ့ “ကာကွယ်ဆေး ထိုးပြီးနောက် ကူးစက်မှု”တွေဖြစ်ခဲ့ပါတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေမှာလည်း အဲဒီလို “ကာကွယ်ဆေး ထိုးပြီးနောက် ကူးစက်မှု” တွေ အစုလိုက်အပြုံလိုက် ဖြစ်ခဲ့တာများခဲ့ပုံ ရပါတယ်။
တိုကျိုက Setagaya မြို့နယ်မှာ ရှိတဲ့ ဘိုးဘွားရိပ်သာမှာ သက်ကြီးရွယ်အို ၉၀ နေပြီး ဝန်ထမ်း ၁၀၀ ကျော် အလှည့်ကျ တာဝန်ထမ်းဆောင်နေပါတယ်။ ၂၀၂၀ နိုဝင်ဘာလမှာ အဲဒီက လူ ၁၀ ဦးကျော်ဟာ ရောဂါလက္ခဏာ မပြပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးနေတာ စစ်ဆေးတွေ့ရှိ ခဲ့ပါတယ်။
အဲဒီ ဂေဟာဟာ ၂၀၂၁ ဧပြီလနဲ့ မေလ ထဲမှာ ဂေဟာမှာနေထိုင်သူနဲ့ ဝန်ထမ်းအများစုကို ဒုတိယအကြိမ် ကာကွယ်ဆေး အပြည့်ထိုး ပေးခဲ့ပါတယ်။ ဒါ့အပြင် ရောဂါကူးစက်မှုမရှိအောင် လက်ဆေးတာ မက်စ်နှာခေါင်းစည်း တပ်တာ၊ သန့်ရှင်းရေးကို ဂရုစိုက်တာ၊ အစားအသောက်ကို အတူတူမစားတာ စတဲ့ ကာကွယ်ရေး အစီအမံတွေကိုလည်း တိုးမြှင့်လုပ်ဆောင်ခဲ့တာကြောင့် နောက်ထပ် ကူးစက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ အောက်တိုဘာလကစပြီး အခုအချိန်အထိလည်း အဲဒီ ဘိုးဘွားရိပ်သာမှာ သက်ကြီးရွယ်အိုတွေနဲ့ ဧည့်သည်တွေကို မှန်အကာအရံ ခြားထားတဲ့ နေရာမှာပဲတွေ့ခွင့်ပေးတာ ဒါမှမဟုတ် အွန်လိုင်းကနေဘဲ တွေ့ဆုံခွင့်ပြုတာတွေလုပ်ပြီး လူတစ်ဦးနဲ့တစ်ဦး ထိတွေ့မှုကို ကန့်သတ်ထားပါတယ်။
အပြင်းအထန် ဖျားနာနိုင်ခြေများတဲ့ အသက်အရွယ်ကြီးသူတွေအပေါ် တတိယအကြိမ် အားဖြည့်ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး ထိရောက်မှုရှိမယ်လို့ မျှော်လင့်ချက်ထားကြောင်း ဘိုးဘွားရိပ်သာက ဆိုပါတယ်။ အရင်ကအတိုင်း ဧည့်သည်နဲ့ လူချင်း တွေ့ဆုံမှုမျိုးတွေ ပြုလုပ်နိုင်ဖို့အတွက် တတိယအကြိမ် ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
Hakusui-no Sato သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာရဲ့ အကြီးအကဲ Tanaka Misa က အသက်အရွယ်ကြီးသူတွေကို ကာကွယ်ဆေးထိုးရင် ထိထိရောက်ရောက် ကာကွယ်ပေးတယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။ ဒီဂေဟာမှာ နေထိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ မိသားစုက ဆက်ပြီး တွေ့ဆုံနိုင်အောင် အားဖြည့်ကာကွယ်ဆေး ထပ်ထိုးပေးဖို့ သူတို့ရဲ့ မိသားစုဝင်တွေ ကိုယ်တိုင် တောင်းဆိုနေကြတယ်လို့ ဆိုပါတယ်။ ၂၀၂၂ဇန်နဝါရီလမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးတာ ၈ လရှိတော့မှာကြောင့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက တတိယအကြိမ် ကာကွယ်ဆေးထိုးပေးနိုင်ဖို့ကို အမြန် ပြင်ဆင် ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ကြောင်း မီးစ် Tanaka က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

342. ”အားဖြည့်ကာကွယ်ဆေးကို တတိယအကြိမ်ထိုးဖို့ ဂျပန်နဲ့တခြားနိုင်ငံတွေ ဘယ်လို လုပ်ဆောင်နေကြသလဲ” အပိုင်း (၆)
(ဂျပန်မှာ ကာကွယ်ဆေးထိုးဖို့အတွက် ညွှန်ကြားချက်တွေက ဘာလဲ။ ကာကွယ်ဆေးထိုးဖို့ ဘယ်သူတွေကို ဦးစားပေးလဲ? ဘယ်သူတွေက အကျုံးဝင်လဲ။)

အဖြေ−− ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်အသစ် အတွက် ကာကွယ်ဆေး ၂ကြိမ် ထိုးပြီးသူတွေကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေပါတယ်။
ဂျပန်မှာ အခုနှစ် ဖေဖော်ဝါရီလကစပြီး ဆေးကုသရေး ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေကို ပထမဆုံးအသုတ်အနေနဲ့ ကာကွယ် ဆေးထိုးပေးခဲ့ပါတယ်။ အဲဒီနောက် ဧပြီလမှာတော့ အသက်အရွယ်ကြီးသူတွေကို ထိုးပေးခဲ့ပြီး အဲဒီနောက် နဂိုကျန်းမာရေး မကောင်းတဲ့ ရောဂါအခံရှိသူတွေကို ထိုးပေးခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက အခု တတိယအကြိမ် ကာကွယ်ဆေး ထိုးဖို့မှာတော့ ဦးစားပေးအနေနဲ့ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် အချိန် ၈လကြာသွားတဲ့ သူမှန်သမျှ ကာကွယ်ဆေးကို အားဖြည့်တဲ့အနေနဲ့ ထပ်ထိုးပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဆေးကုသရေးဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေဟာ ၂၀၂၁ ဒီဇင်ဘာလကစပြီး တတိယအကြိမ် ကာကွယ်ဆေးထိုးနိုင်ပါပြီ။ အသက်အရွယ်ကြီးသူတွေကတော့ ၂၀၂၂ ဇန်နဝါရီလရောက်မှ တတိယ အကြိမ် ကာကွယ်ဆေးထိုးလို့ ရမှာဖြစ်ပါတယ်။
အဲဒီနောက် ကျန်တဲ့သူတွေကို ကာကွယ်ဆေး၂ကြိမ်ထိုးထားတဲ့ အစဉ်အတိုင်း တတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက အားဖြည့်ကာကွယ်ဆေး ထိုးပေးရေး အတွက် ပြင်ဆင်ထားဖို့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို ညွှန်ကြား နေပါတယ်။ ဆေးထိုးဖို့ကြိုတင်စာရင်း လက်ခံတာ၊ ဆေးထိုးပေးမယ့် နေရာကို ဘေးကင်းစိတ်ချရအောင် လုပ်ဖို့နဲ့ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး အချိန် ၈လ ပြည့်တော့မယ့်သူတွေကို တတိယ အကြိမ်အတွက် ဆေးထိုးခွင့်ကူပွန်လက်မှတ်တွေ အိမ်အ‌ရောက် ပို့ပေးဖို့ နည်းလမ်းတွေကို ကြိုတင် ဆွေးနွေး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၉ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

341. အားဖြည့်ကာကွယ်ဆေးကို တတိယအကြိမ် ထိုးဖို့ “ဂျပန်နဲ့တခြားနိုင်ငံတွေ ဘယ်လိုလုပ်ဆောင်နေကြသလဲ” အပိုင်း (၅)

အဖြေ−− တတိယအကြိမ် ကာကွယ်ဆေးထပ်ထိုးရာမှာ ရောဂါအခံရှိသူတွေကို ပထမဦးစားပေးပြီး ထိုးပေးသင့်တယ်လို့ ကျွမ်းကျင်ပညာရှင် တစ်ဦးက အကြံပြုထားပါတယ်။
Toho တက္ကသိုလ်က ပါမောက္ခ Tateda Kazuhiro ဟာ ဂျပန်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်ဆိုင်ရာ လုပ်ငန်းအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ကူးစက်ပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ခြေရှိသူတွေကို အားဖြည့်ကာကွယ်ဆေးထိုးဖို့ ဦးစားပေး လုပ်ဆောင်သင့်တယ်လို့ ပါမောက္ခ Tateda က ပြောကြားခဲ့ပါတယ်။ ငယ်ရွယ်သူတွေအပါအဝင် ရောဂါဖြစ်ပွားနိုင်ခြေနည်းတဲ့ အုပ်စုတွေကိုတော့ နောက်ထပ် လေ့လာမှုရလဒ်တွေ ထွက်လာမှ တတိယအကြိမ် ကာကွယ်ဆေးထိုးပေးသင့်သလား ဆိုတာကို ဆုံးဖြတ်နိုင်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ကာကွယ်ဆေးထိုးပြီး အချိန်ကြာလာတဲ့အခါ “breakthrough infections” လို့ခေါ်တဲ့ “ထိုးဖောက်ကူးစက်မှု” တွေ ရှိတယ်ဆိုတဲ့ အစီရင်ခံစာတွေလည်းရှိတယ်လို့ ပါမောက္ခက ပြောပါတယ်။ ဒါပေမဲ့လည်း အချိန်ကြာနေရင်တောင် ကာကွယ်ဆေးထိုးထားရင် ပြင်းပြင်းထန်ထန် ဖျားနာတာနဲ့ သေဆုံးမှာကနေ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။
အသက်အရွယ်ကြီးသူတွေနဲ့ ကိုယ်ခံစွမ်းအားနည်းတဲ့သူတွေမှာ ရောဂါပိုးကူးစက်ခံရရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်နိုင်ခြေများပြီး သေဆုံးတဲ့အထိလည်း ဖြစ်နိုင်တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ပါမောက္ခ Tateda က ဆေးကုသရေးဝန်ထမ်းတွေဟာ ရောဂါပြင်းထန် လာနိုင်ခြေများတဲ့ အုပ်စုထဲမှာမပါပေမဲ့ လူနာတွေဆီ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ပြန့်ပွားတာမျိုး မဖြစ်အောင် တတိယအကြိမ်ကာကွယ်ဆေး ထိုးပေးထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် အစိုးရအနေနဲ့ သူတို့ကိုဦးစားပေး စဉ်းစားသင့်တယ်လို့ ပြောခဲ့ပါတယ်။ နိုင်ငံတစ်ခုရဲ့ ကာကွယ်ဆေးထိုးရေးမူဝါဒကို ဆုံးဖြတ်ရာမှာ “ကမ္ဘာတစ်ဝန်းက တခြားနိုင်ငံတွေမှာ ဘယ်လိုကာကွယ်ဆေးထိုးနေသလဲ။ သုတေသန ပြုလေ့လာမှုတွေ လုပ်တဲ့ ရလဒ်တွေကဘာလဲ ” ဆိုတာ ကြည့်ပြီးမှ အားဖြည့်ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းစဉ်ကို လုပ်ကိုင်သင့်တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

340. အားဖြည့်ကာကွယ်ဆေးကို တတိယအကြိမ် ထိုးဖို့ “ဂျပန်နဲ့တခြားနိုင်ငံတွေ ဘယ်လိုလုပ်ဆောင်နေကြသလဲ” အပိုင်း (၄)
("တတိယအကြိမ် ကာကွယ်ဆေး ထပ်ထိုးတဲ့နေရာမှာ ဘယ်လို ကာကွယ်ဆေးမျိုးကို ထိုးသင့်ပါသလဲ”)

အဖြေ−− တတိယအကြိမ်အဖြစ် ကာကွယ်ဆေး ထပ်ထိုးတဲ့အခါ အရင် ၂ ကြိမ် ထိုးထားတာနဲ့တူတဲ့ ကာကွယ်ဆေးပဲထိုးမလား မတူတဲ့ ကာကွယ်ဆေးကို ထိုးရင်ရော ရသလားဆိုတာကို ပညာရှင်တွေက အသေအချာ မဆုံးဖြတ်ရသေးပါဘူး။
အမေရိကန်နဲ့ဗြိတိန်မှာ ကာကွယ်ဆေး ၂ ကြိမ်အပြည့် ထိုးထားသူတွေဟာ တတိယအကြိမ် ကာကွယ်ဆေးထိုးတဲ့အခါ ဘယ်ကာကွယ်ဆေးက ကိုယ်ခံစွမ်းအား ပဋိပစ္စည်းကို မြှင့်တင်ပေးတယ်ဆိုတာကို သိရှိနိုင်ဖို့ မတူညီတဲ့ ကာကွယ်ဆေးအမျိုးမျိုး ထိုးထားတဲ့သူတွေကို မတူအောင် တွဲပေးပြီး ကာကွယ်ဆေးအမျိုးမျိုး ထိုးကြည့်တာ လက်တွေ့စမ်းသပ်နေပါတယ်။
US National Institutes of Health အမေရိကန်နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးဌာနက Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေး ဒါမှမဟုတ် Johnson & Johnson ကာကွယ်ဆေးတွေ အကြိမ်အပြည့်ထိုးထားတဲ့ အရွယ်ရောက်ပြီးသူ ၄၅၈ ဦး ကို လက်တွေ့စမ်းသပ်မှုလုပ်ပြီး ကာလဝက်အတွင်းမှာ ထွက်လာတဲ့ ရလဒ်တွေကို အောက်တိုဘာလ အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ တတိယအကြိမ် အားဖြည့်ကာကွယ်ဆေးထိုးပေးရာမှာ အရင် ကာကွယ်ဆေးနဲ့ တူညီတဲ့ဆေး ဒါမှမဟုတ် ကွဲပြားတဲ့ ကာကွယ်ဆေးတွေကို ထိုးပေးပြီး ပဋိပစ္စည်းပမာဏ ကွာခြားမှုကို လေ့လာခဲ့ကြပါတယ်။
ကနဦးမှာထိုးခဲ့တဲ့ ကာကွယ်ဆေးက ဘာဆေးဘဲဖြစ်ဖြစ် တတိယအကြိမ်အားဖြည့်ကာကွယ်ဆေးကို Pfizer ဒါမှမဟုတ် Moderna ကို ထိုးသူတွေဟာ သီတင်းပတ် ၂ပတ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို အာနိသင်ပြယ်အောင်လုပ်ပေးတဲ့ ပဋိပစ္စည်းပမာဏက ၁၀ ဆကနေ အဆ ၃၀ အထိ တိုးလာတာ တွေ့ရတယ်လို့ ပြောပါတယ်။
လက်တွေ့စမ်းသပ်မှု လူအုပ်စုနည်းနည်းကိုပဲ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပေမဲ့ ဘေးကင်းစိတ်ချရပြီး အန္တရာယ်ဖြစ်မှာ စိုးရိမ်စရာမရှိဘူးလို့ အမေရိကန်နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးဌာနက ပြောကြားခဲ့ပါတယ်။ Delta မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို အာနိသင်ပြယ်အောင် တိုက်ခိုက်ပေးတဲ့ ပဋိပစ္စည်းပမာဏနဲ့ပတ်သက်ပြီးလည်း ပြောကြား သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

339. တတိယအကြိမ် ကာကွယ်ဆေးထိုးဖို့ “ဂျပန်နဲ့တခြားနိုင်ငံတွေ ဘယ်လို လုပ်ဆောင်နေကြသလဲ” အပိုင်း (၃)
("ကာကွယ်ဆေးဟာ ထိုးထားတာ အချိန်ကြာလာတာနဲ့အမျှ ထိရောက်မှု ကျသွားသလား? ဒါမှမဟုတ် ထိရောက်မှု ဆက်ရှိနေသေးလား။”)

အဖြေ−− "ကာကွယ်ဆေးဟာ ထိုးထားတာ အချိန်ကြာလာတာနဲ့အမျှ ထိရောက်မှု ကျသွားသလား? ဒါမှမဟုတ် ထိရောက်မှု ဆက်ရှိနေသေးလား။”
တချို့အစီရင်ခံစာတွေမှာတော့ ဒုတိယအကြိမ် ဆေးထိုးပြီး အချိန်ကြာလာတဲ့အခါ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုအစွမ်းဟာ လျော့ကျသွားတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ တခြားသုတေသနပြု လေ့လာထားချက်တွေအရ ဗိုင်းရပ်စ်ရောဂါပိုးသစ်ရဲ့ အာနိသင်ပြယ် သွားအောင် လုပ်နိုင်တဲ့ ပဋိပစ္စည်းအရေအတွက် ကျဆင်းသွားပေမယ့် ကာကွယ်ဆေးထိုးထားရင် ရောဂါပိုးကူးစက်ခံရလည်း ဆေးရုံတက်ရတဲ့အထိ ရောဂါမဆိုးလာအောင် ဒါမှမဟုတ် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သေးတယ်လို့ ဆိုကြပါတယ်။
ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ အပတ်စဉ်ထုတ် သတင်းလွှာမှာ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး သုတေသနပြုထားတဲ့ ရလဒ်တွေကို အမေရိကန်နိုင်ငံတစ်ဝန်းက တက္ကသိုလ်တွေမှာ သုတေသနလုပ်တဲ့ သုတေသီများအဖွဲ့တစ်ဖွဲ့က စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။
အမေရိက ကပြည်နယ် ၁၈ ခုမှာရှိတဲ့ ဆေးရုံ ၂၁ ရုံမှာ ပြုလုပ်ခဲ့တာ သုတေသနလုပ်ငန်းက ရလဒ်တွေ ဖြစ်ပါတယ်။
Pfizer-BioNTech ကာကွယ်ဆေးဟာ ဒုတိယအကြိမ်ထိုးပြီးနောက် သီတင်းပတ် ၂ပတ်ကနေ ရက်ပေါင်း ၁၂၀ အတွင်းမှာ ၉၁ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိနေပြီး ကာကွယ်ဆေးထိုးပြီး ၁၂၁ ရက်ကြာတဲ့ နောက်ပိုင်းမှာတော့ ၇၇ ရာခိုင်နှုန်းပဲ ထိရောက်မှု ရှိတော့တာကို တွေ့ရှိခဲ့ပါတယ်။
Moderna ကာကွယ်ဆေးကတော့ ဒုတိယအကြိမ် ဆေးထိုးပြီးနောက် သီတင်းပတ် ၂ပတ်ကနေ ရက်ပေါင်း ၁၂၀ အတွင်းမှာ ၉၃ ရာခိုင်နှုန်း ထိရောက်မှုရှိပြီး ၁၂၁ ရက်ကျော်သွားတဲ့နောက်ပိုင်း ၉၂ ရာခိုင်နှုန်း ထိရောက်မှု ရှိသေးကြောင်း ပြသခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်နဲ့နိုင်ငံတကာမှာ ကာကွယ်ဆေး ၂ ကြိမ် အပြည့်ထိုးပြီး သီတင်းပတ် ၂ ပတ်ကြာပြီး နောက်ပိုင်းကာလမှာလည်း ကိုရိုနာ ဗိုင်းရပ်စ်ပိုးသစ်က breakthrough infection လို့ခေါ်တဲ့ “ထိုးဖောက်ကူးစက်ခြင်း” ဖြစ်ခဲ့တယ်လို့ သိခဲ့ရပါတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာ ပြင်းထန်တဲ့အထိ ဖြစ်ပွားနိုင်ခြေကတော့ နည်းတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာကျန်းမာရေးနဲ့ ဆေးပညာစင်တာကလည်း နိုင်ငံတစ်ဝန်းက ဆေးရုံပေါင်း ၆၀၀ ကျော်မှာ COVID-19 ရောဂါပိုးသစ်ကူးပြီး ဆေးရုံတက်ခဲ့ရသူ ၃၄၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဆန်းစစ်လေ့လာခဲ့ပါတယ်။
အဲဒီ လေ့လာမှုအရ ကာကွယ်ဆေးအကြိမ်အပြည့် ထိုးထားသူတွေဟာ အသက်အရွယ်ကြီးတဲ့ လူနာတွေတောင်မှ အထူးကြပ်မတ် ကုသဆောင်တွေမှာ ဆေးကုသဖို့ လိုအပ်တာက ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေရဲ့ ၈ ပုံ ၁ ပုံပဲ ရှိတာကို တွေ့ရှိခဲ့ပါတယ်။ ကာကွယ်ဆေး အကြိမ်အပြည့်ထိုးထားတဲ့ အသက်အရွယ်ကြီးတဲ့ လူနာတွေရဲ့ သေဆုံးမှုနှုန်းက ကာကွယ်ဆေးမထိုးရသေးသူတွေရဲ့ ၃ပုံတစ်ပုံပဲ ရှိတာကိုလည်း လေ့လာမှုတွေမှာ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးတာဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်ဆိုတာ လေ့လာမှုတွေအရ သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

338. တတိယအကြိမ် ကာကွယ်ဆေး ထပ်ထိုးဖို့ “ဂျပန်နဲ့တခြားနိုင်ငံတွေ ဘယ်လို လုပ်ဆောင်နေကြသလဲ” အပိုင်း (၂)
(အားဖြည့်ကာကွယ်ဆေးက ကိုဗစ်ပိုးရဲ့ အာနိသင်ပြယ်စေတဲ့ ပဋိပစ္စည်း (Neutralizing antibody) ပမာဏကို ပြန်တိုးလာစေသလား)

အဖြေ−− ကာကွယ်ဆေးကို အစောဆုံးထိုးပေးခဲ့ကြတဲ့ နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အပြည့်ထိုးထားသူတွေဟာ အချိန်ကြာလာတာနဲ့အမျှ ဗိုင်းရပ်စ်ပိုးရဲ့တိုက်ခိုက်နိုင်စွမ်း အာနိသင်ကိုပြယ်စေတဲ့ ပဋိပစ္စည်း (Neutralizing antibody)တွေရဲ့ ပမာဏ နည်းပါးပြီး မကူးစက်နိုင်အောင် ကာကွယ်ပေးနိုင်တဲ့စွမ်းရည် ကျလာတယ်ဆိုတဲ့ အချက်အလက်တွေရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တတိယအကြိမ်ကာကွယ်ဆေးထိုးတာ ဒါမှမဟုတ် အားဖြည့်ကာကွယ်ဆေးကို ထိုးဖို့လည်း လုပ်ဆောင်နေပါတယ်။
Pfizer ၊ Moderna နဲ့ AstraZeneca ကုမ္ပဏီတို့က လူတွေကို ဖြည့်စွက်ကာကွယ်ဆေးထိုးပြီးတဲ့နောက် ဗိုင်းရပ်စ်ပိုးရဲ့ အာနိသင်ကိုပြယ်စေတဲ့ ပဋိပစ္စည်းပမာဏ တိုးမြင့်လာပြီး ကာကွယ်ဆေးရဲ့ထိရောက်မှု ပိုအားကောင်းလာစေတယ်လို့ ဆိုပါတယ်။
တတိယအကြိမ် ကာကွယ်ဆေးထိုးထားသူ ၅၅ နှစ်နဲ့ အောက် အသက်အရွယ်အုပ်စုမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးရဲ့ အာနိသင်ကိုပြယ်စေတဲ့ ပဋိပစ္စည်းပမာဏဟာ ၅ဆကျော် တိုးလာပြီး အသက် ၆၅ နှစ်ကနေ ၈၅ နှစ်ကြားရှိသူတွေမှာတော့ ၁၁ ဆကျော် တိုးလာတာကို တွေ့ရတယ်လို့ Pfizer က ပြောပါတယ်။
အဲဒီ အသက်အရွယ်အုပ်စု ၂ခုလုံးကို အားဖြည့်ကာကွယ်ဆေးထိုးပြီး တစ်လအကြာ ပဋိပစ္စည်း စမ်းသပ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Moderna ကုမ္ပဏီကတော့ ကာကွယ်ဆေးအပြည့်ထိုးပြီး ၆လကနေ ၈လ ကြာသူတွေကို နောက်ထပ် အားဖြည့်ကာကွယ်ဆေး ထပ်ထိုးပေးလိုက်ပြီးနောက် သီတင်းပတ် ၂ပတ်အကြာမှာ Delta မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို အာနိသင်ပြယ်စေနိုင်တဲ့ ပဋိပစ္စည်းပမာဏ ၄၂ ဆလောက် တိုးလာတာ တွေ့ရတယ်လို့ ပြောခဲ့ပါတယ်။။
AstraZeneca ကုမ္ပဏီကလည်း အားဖြည့်ကာကွယ်ဆေး ထိုးနှံပြီးတဲ့နောက် ကိုရိုနာဗိုင်းရပ်စ်ကို အာနိသင်ပြယ်စေနိုင်တဲ့ ပဋိပစ္စည်းပမာဏ တိုးလာတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

337. တတိယအကြိမ် အားဖြည့်ကာကွယ်ဆေးထိုးတာကို “ဂျပန်နဲ့တခြားနိုင်ငံတွေ ဘယ်လို လုပ်ဆောင်နေကြသလဲ” အပိုင်း (၁)

အဖြေ−− အောက်တိုဘာ ၁၁ ရက်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHOက Pfizer-BioNTech၊ Moderna နဲ့ AstraZeneca ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို ကိုယ်ခံစွမ်းအားစနစ် မကောင်းတဲ့သူနဲ့ ကိုယ်ခံစွမ်းအားနည်းသူတွေကို တတိယအကြိမ် အားဖြည့်ထိုးပေးဖို့ အကြံပြုခဲ့ပါတယ်။
ကိုယ်ခံစွမ်းအား နည်းတဲ့သူ ဒါမှမဟုတ် ဆိုးဆိုးရွားရွား ကိုယ်ခံစွမ်းအား ကျနေသူတွေဟာ ကာကွယ်ဆေး ၂ကြိမ် အပြည့်ထိုးထားတာတောင် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပွားနိုင်ခြေ မြင့်မားတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ကာကွယ်ဆေး ၂ကြိမ် အပြည့်ထိုးထားသူတွေဟာ အချိန် အတိုင်းအတာတစ်ခု ကြာပြီးတဲ့အခါ ကာကွယ်နိုင်စွမ်း ကျဆင်းလာနိင်တဲ့အတွက် အားဖြည့်ကာကွယ်ဆေးထိုးဖို့ အစီအစဉ်ကို အမေရိကန်အစိုးရက ကြေညာခဲ့ပါတယ်။
စက်တင်ဘာလက၊ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) က Pfizer-BioNTech ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို တတိယအကြိမ် ထပ်ထိုးဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ အသက် ၆၅နှစ်နဲ့ အထက်ရှိသူတွေ၊ ရောဂါပြင်းထန်လာနိုင်ခြေများတဲ့ အသက် ၁၈နှစ်နဲ့ အထက်ရှိသူတွေ၊ ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ခြေများတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို တတိယအကြိမ် ဆေးထိုးခွင့်ပြုမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပြီး အနည်းဆုံး ခြောက်လအကြာမှာ တတိယအကြိမ် အားဖြည့်ကာကွယ်ဆေး ထိုးနိုင်မယ်လို့ FDA က ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတတိယအကြိမ် အားဖြည့် ကာကွယ်ဆေးကို စထိုးပေးနေပြီ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့မှာ FDA ရဲ့အကြံပေးအဖွဲ့က Moderna ကာကွယ်ဆေးကိုလည်း အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေ၊ ရောဂါပြင်းထန်နိုင်ခြေများတဲ့ ၁၈နှစ်နဲ့အထက် ရှိသူတွေကို ထိုးပေးနိုင်တယ်လို့ အကြံပြုခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ရက်နေ့ က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

336. ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲ နာတာရှည်ဝေဒနာတွေအကြောင်း ဂျပန်စစ်တမ်းတစ်ခုက ရလဒ်များ။ အပိုင်း (၄)

အဖြေ−− ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာ ကျန်းမာရေးနဲ့ ဆေးပညာစင်တာ အပြင် တခြားသုတေသနဌာနတွေက ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ကစပြီး COVID-19 ကူးစက်ရောဂါဖြစ်ပြီး နေပြန်ကောင်းလာသူ တွေကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ အသက် ၂၀ ကနေ ၇၀ ကြား လူ ၄၅၇ ဦးကတုံ့ပြန်ဖြေကြားပေးခဲ့ပါတယ်။
အဲဒီ စစ်တမ်းမှာ ပါဝင်သုတေသန လုပ်တဲ့ ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာ ကျန်းမာရေးနဲ့ ဆေးပညာစင်တာက သုတေသီ Morioka Shinichiro က နောက်ဆက်တွဲဝေဒနာ ခံစားရတာ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်လို့ ယူဆရကြောင်း ပြောကြားခဲ့ပါတယ်။ သုတေသနပြုချက်တွေအရ အမျိုးသမီးတွေဟာ ဆံပင်ကျွတ်များလာတာနဲ့ ပင်ပန်းနွမ်းနယ်လွယ်ပြီး နုံးချိနေတာအပြင် အနံ့ခံအာရုံပုံမှန် မဖြစ်တာလည်း များပါတယ်။ လျှာက အရသာကို ပုံမှန်အတိုင်း ပြန်မရတာတွေ ဖြစ်တာလည်း ပိုများပုံရတယ်လို့ သူက ပြောကြားခဲ့ပါတယ်။ ရောဂါစိုးရိမ်ရတဲ့အဆင့်ကို ရောက်တဲ့ အဝလွန်တဲ့ အသက်ကြီးသူ အမျိုးသားတွေဟာ ဗိုင်းရပ်စ်ကြောင့် ပြင်းပြင်းထန်ထန် ဖျားနာနိုင်တဲ့အန္တရာယ် ပိုမြင့်မားပေမယ့် အနံ့ပျောက်တာနဲ့ အရသာပျက်တာလိုမျိုး နောက်ဆက်တွဲဝေဒနာတွေ ခံစားရတာ ဘာကြောင့် အမျိုးသမီးတွေ ပိုအဖြစ်များသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိသေးဘူးလို့ မစ္စတာ Morioka က ပြောကြားခဲ့ပါတယ်။
အသက်ငယ်ရွယ်သူတွေမှာတောင် ပိန်တဲ့အမျိုးသမီးတွေက ကိုဗစ် နောက်ဆက်တွဲဝေဒနာ ဖြစ်နိုင်ခြေများတာကြောင့် ပေါ့ပေါ့တန်တန် မနေသင့်ဘူးလို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ အသက်ငယ်ပြီး ပိန်သူတွေဟာ အနံ့ခံအာရုံပျက်သွားတာနဲ့ လျှာကအရသာ ပုံမှန်အတိုင်း ပြန်မရတော့တာ ဖြစ်နိုင်ခြေ ပိုများတယ်ဆိုတဲ့ ရလဒ်ကို အလေးအနက် ထားသင့်တယ်လို့လည်း ပြောပါတယ်။ အဲဒီလို အရသာပျက်တာ၊ အနံ့ခံအာရုံမရတာစတဲ့ ဝေဒနာတွေဟာ လူငယ်တွေအကြားမှာ ဖြစ်တာများတယ်လို့ မစ္စတာ Morioka က ပြောကြားခဲ့ပါတယ်။ အဲဒါကြောင့် COVID-19 ကူးစက်ပြီး ရောဂါဖြစ်လို့ အပျော့စား ရောဂါလက္ခဏာပဲခံစားရသူတွေဟာ အသက်ငယ်နေစေဦးတော့ ကိုဗစ်နောက်ဆက်တွဲ ဝေဒနာတွေ ခံစားနေရတာက ပြဿနာတစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် ကာကွယ်ဆေး မထိုးရသေးသူတွေထက်စာရင် ကာကွယ်ဆေး ၂ ကြိမ်အပြည့် ထိုးထားသူတွေက ကိုဗစ်ရဲ့ နောက်ဆက်တွဲဝေဒနာတွေ ဖြစ်တာ ၂၈ ရက်ကျော် နည်းပုံရပါတယ်။ ကာကွယ်ဆေးဟာ နောက်ဆက်တွဲ ဝေဒနာတွေ မဖြစ်အောင် လုပ်ပေးနိုင်ပုံရတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးတဲ့တိုင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ ရှိပြီး၊ ကိုဗစ်ရောဂါ ဖြစ်လာရင် နောက်ဆက်တွဲဝေဒနာတွေ ဖြစ်ကျန်ခဲ့နိုင်တဲ့ အန္တရာယ်တွေ ရှိတာကြောင့် ကိုဗစ်မကူးအောင် ကြိုတင်ကာကွယ်ရေး အစီအမံတွေကို ဆက်ပြီးလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

335. ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲ နာတာရှည်ဝေဒနာတွေအကြောင်း ဂျပန်စစ်တမ်းတစ်ခုက ရလဒ်များ။ အပိုင်း (၃)

အဖြေ−− နာတာရှည် COVID ရောဂါလို့ သိကြတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲ နာတာရှည်ဝေဒနာတွေနဲ့ ပတ်သက်ပြီး ဂျပန်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းရဲ့ရလဒ် တတိယပိုင်းမှာ အမျိုးသားꩻနဲ့ အမျိုးသမီး အကြားမှာ ကိုဗစ်ကုသတဲ့ ဆေးဝါးတွေရဲ့ ထိရောက်မှု ဘယ်လိုကွာခြားသလဲ ဆိုတာကို လေ့လာရပါမယ်။
ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာကျန်းမာရေးနဲ့ ဆေးပညာစင်တာနဲ့ တခြားသုတေသနဌာနတွေက ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလကစပြီး COVID-19 ရောဂါဖြစ်ပြီးတဲ့နောက် နေပြန်ကောင်းလာသူတွေကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ အသက် ၂၀ ကနေ ၇၀ ကြား လူ ၄၅၇ ဦးက တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ရောဂါဖြစ်လာချိန်မှာ ကုသတဲ့ ပိုးသတ်ဆေး ဒါမှမဟုတ် ဓာတုဒြပ်ပေါင်း steroid ဆေးတွေနဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ဝေဒနာတွေ ဆက်စပ်မှုရှိမရှိဆိုတာကို သုတေသီတွေက လေ့လာကြည့်ခဲ့တဲ့အခါ သိသာတဲ့ ဆက်စပ်မှု မရှိတာကို တွေ့ခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြီး ရောဂါဖြစ်ပွားခဲ့ရင် နောက်ဆက်တွဲဝေဒနာတွေ မခံစားရအောင် အကောင်းဆုံးက ရောဂါကူးမခံရအောင် လုပ်ဆောင်ရမယ့် အစီအမံတွေကို သေချာလုပ်ဖို့နဲ့ ကာကွယ်ဆေးထိုးဖို့က အရေးကြီးဆုံးပဲလို့ သုတေသီတွေက အကြံပေးထားပါတယ်။
စစ်တမ်း အချက်အလက်တွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အနံ့ခံအာရုံ ပုံမှန်မဖြစ်တာ ၁.၉ ဆ ပိုများပြီး၊ လျှာက အရသာပုံမှန်အတိုင်း ပြန်မရတာ ၁.၆ ဆ လောက် ပိုများပါတယ်။ ပင်ပန်းနွမ်းနယ်ပြီး နုံးချိနေတတ်တာလည်း အမျိုးသမီးက ၂ ဆပိုများပါတယ်။ ဆံပင်ကျွတ်များလာတာကတော့ ၃ ဆ ပိုများပါတယ်။
စစ်တမ်းအရ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အနံ့ပျောက်တာ ဒါမှမဟုတ် လျှာက အရသာ ပုံမှန်အတိုင်း ပြန်မရတာ အသက်ငယ်ပြီး ပိန်တဲ့သူတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။
အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် COVID-19ကူးစက်ပြီး ရောဂါလက္ခဏာ အနည်းငယ်ပဲ ဖြစ်ခဲ့တယ်ဆိုရင်တောင် နောက်ဆက်တွဲဝေဒနာတွေ ခံစားရတာ များတယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

334. ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲ နာတာရှည်ဝေဒနာတွေအကြောင်း ဂျပန်စစ်တမ်းတစ်ခုက ရလဒ်များ။ အပိုင်း (၂)

အဖြေ−− ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာကျန်းမာရေးနဲ့ ဆေးပညာစင်တာနဲ့ တခြားသုတေသနဌာနတွေက ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလက စပြီး COVID-19 ကနေ နေပြန်ကောင်းလာသူတွေကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ အသက် ၂၀ နှစ်ကနေ အသက်၇၀ကြားရှိသူ ၄၅၇ ဦးရဲ့ တုံ့ပြန်ဖြေကြားမှုတွေကို ဆန်းစစ်လေ့လာခဲ့ပါတယ်။
စစ်တမ်းရဲ့ရလဒ်တွေအရ ကိုဗစ်ဖြစ်ပြီးတဲ့နောက် ဆက်လက် ခံစားနေရတဲ့ ဝေဒနာလက္ခဏာတချို့ကို အခုလို ခွဲခြားပြသထားပါတယ်
(၄) အသက်ရှူမဝဖြစ်ခြင်း။
စစ်တမ်းဖြေဆိုသူတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်က ကိုဗစ်ဖြစ်ပြီး တစ်လအတွင်းမှာ အသက်ရှူကျပ်တာ ခံစားလာရတယ်လို့ ဆိုပါတယ်။။ ၅ ရာခိုင်နှုန်းလောက်ကတော့ ရောဂါစတင်ဖြစ်ပွားပြီး ရက်ပေါင်း ၁၀၀ ကြာတဲ့အထိ အသက်ရှူမဝ ဖြစ်နေပြီး၊ ၃.၉ ရာခိုင်နှုန်းကတော့ ၆လကြာတဲ့တိုင်အောင်နဲ့ ၁.၅ ရာခိုင်နှုန်းကတော့ တစ်နှစ်ကြာတဲ့အထိ အသက်ရှူကျပ်တာမျိုး ခံစားရပါတယ်လို့ ဖြေခဲ့ကြပါတယ်။
(၅) ဆံပင်ကျွတ်များခြင်း။
စစ်တမ်းအရ ကိုဗစ်ရောဂါဖြစ်ဖြစ်ခြင်းမှာ ဆံပင်မကျွတ်ဘဲ နောက်ပိုင်းမှ ဆံပင်တွေကျွတ်လာတာ တွေ့ရတယ်လို့ သိရပါတယ်။ ၁၀ ရာခိုင်နှုန်းက လအနည်းငယ်ကြာတဲ့အထိ ဆံပင်တွေ ကျွတ်နေကြောင်း၊ ၈ ရာခိုင်နှုန်းက ရက်ပေါင်း ၁၀၀ တိုင်အောင်၊ ၃.၁ ရာခိုင်နှုန်းက ၆လကြာအထိ၊ ၀.၄ရာခိုင်နှုန်းက တစ်နှစ်ကြာတဲ့အထိ ဆံပင်အကျွတ်များနေတယ်လို့ ဖြေခဲ့ပါတယ်။
(၆) မေ့တတ်လာတာနဲ့ မှတ်ဉာဏ်အားနည်းလာခြင်း။
စစ်တမ်းဖြေဆိုသူတွေရဲ့ မေ့တတ်လာတာနဲ့ မှတ်နိုင်စွမ်း လျော့ကျလာတာက ရောဂါဖြစ်ပြီး ၆ လကြာတဲ့အထိ ဖြစ်နေတာ ၁၁.၄ ရာခိုင်နှုန်း ရှိပါတယ်။ တစ်နှစ်အကြာအထိ အဲဒီလို ဖြစ်နေသူက ၅.၅ရာခိုင်နှုန်း ရှိပါတယ်။ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းလာတဲ့ သူတွေကတော့ ၆ လကြာတိုင်ဖြစ်နေတာက ၉.၈ ရာခိုင်နှုန်း၊ တစ်နှစ်အကြာအထိ ဖြစ်နေသူ ၄.၈ ရာခိုင်နှုန်းရှိပါတယ်။ ၆ လအကြာအထိ စိတ်ကျဝေဒနာ ခံစားခဲ့ရတယ်လို့ ဆိုသူတွေမှာ ၈.၁ ရာခိုင်နှုန်း ၊ တစ်နှစ်ကြာတဲ့ တိုင်အောင် စိတ်ကျဝေဒနာဖြစ်နေသူ ၃.၃ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

333. နာတာရှည် COVID ရောဂါလို့ သိကြတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး နောက်ဆက်တွဲဖြစ်နေတဲ့ နာတာရှည်ဝေဒနာများ။ အပိုင်း (၁)

အဖြေ−− ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာ ကျန်းမာရေးနဲ့ ဆေးပညာစင်တာနဲ့ တခြားသုတေသနဌာနတွေက ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ကစပြီး COVID-19 ရောဂါ ကူးစက်ဖြစ်ပွားရာကနေ နေပြန်ကောင်းလာသူ တွေကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ အသက် ၂၀ နှစ်ကနေ အသက် ၇၀ အကြား လူ ၄၅၇ ဦးရဲ့ တုံ့ပြန်ဖြေကြားမှု ရလဒ်တွေကို လေ့လာကြရပါမယ်။
စစ်တမ်းရဲ့ရလဒ်တွေအရ ၂၆.၃ ရာခိုင်နှုန်းဟာ ရောဂါဖြစ်ပြီး ၆ လကြာတဲ့အထိ နောက်ဆက်တွဲ ဝေဒနာလက္ခဏာတစ်ချို့ ကျန်နေသေးပြီး ၈.၈ ရာခိုင်နှုန်းကတော့ ၁နှစ်ကြာတဲ့အထိ ကိုဗစ်နောက်ဆက်တွဲ နာတာရှည်ဝေဒနာတွေ ဆက်လက် ခံစားနေရသေးတယ်လို့ ဆိုပါတယ်။
ကိုဗစ် ဖြစ်ပြီးနောက်ဆက်တွဲခံစားရတဲ့ နာတာရှည် ဝေဒနာတွေက ဘာတွေလဲဆိုတာ လေ့လာကြည့်ကြရအောင်။
(၁) အနံ့ခံအာရုံပုံမှန် မဖြစ်ခြင်း။
စစ်တမ်းမှာ ဖြေဆိုသူတွေရဲ့ ၁၀ ရာခိုင်နှုန်းကျော်ဟာ ရောဂါစဖြစ်ပြီးတဲ့နောက် ဒါမှမဟုတ် ရောဂါဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီးတဲ့နောက် ရက်ပေါင်း ၁၀၀ တိုင်အောင် အနံ့ခံအာရုံမကောင်းတဲ့ ဝေဒနာခံစားနေရပြီး ဖြေဆိုသူတွေရဲ့ ၇.၇ ရာခိုင်နှုန်းက ခြောက်လတိုင်တိုင် ကိုဗစ်နောက်ဆက်တွဲအဖြစ် အနံ့မရတာ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဖြေဆိုသူရဲ့ ၅ ရာခိုင်နှုန်းကျော်က ရက် ၂၀၀ အထိ ၊ ၁.၁ ရာခိုင်နှုန်းကတော့ တစ်နှစ်ကြာတဲ့အထိ အနံ့ခံအာရုံ ပုံမှန်ပြန်မဖြစ်ဘူးလို့ သိရပါတယ်။
(၂) လျှာက ပုံမှန်အတိုင်း အရသာပြန်မရခြင်း။
စစ်တမ်းဖြေဆိုသူတွေရဲ့ ၅ ရာခိုင်နှုန်းက ရက်ပေါင်း ၁၀၀ တိုင်အောင် အရသာ မရတဲ့ဝေဒနာ ခံစားရပြီး၊ ၃.၅ ရာခိုင်နှုန်းက ၆လအထိ၊ ၀.၄ ရာခိုင်နှုန်းက တစ်နှစ်ကြာတဲ့တိုင်အောင် လျှာက အရသာ ပုံမှန်အတိုင်း ပြန်မရဘူးလို့ သိရပါတယ်။
(၃) ပင်ပန်းနွမ်းနယ်ပြီး နုံးချိနေခြင်း။
ဖြေဆိုသူတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က ရောဂါစဖြစ်ဖြစ်ချင်းမှာပဲ ပင်ပန်းနွမ်းနယ်ပြီး နုံးနေတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၀ ရာခိုင်နှုန်းကတော့ ရက်ပေါင်း ၁၀၀ ကြာတဲ့အထိ ပင်ပန်းလွယ်တယ်လို့ဆိုပြီး၊ ၆.၆ ရာခိုင်နှုန်းက ၆လတိုင်အောင်၊ ၃.၁ ရာခိုင်နှုန်းကတော့ တစ်နှစ်ကြာတဲ့အထိ ပင်ပန်းသလိုနုံးချိတာမျိုး ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

332. ကလေးတွေကို ကာကွယ်ဆေးထိုးသင့်သလား။ အပိုင်း−(၆)
(ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးရှိတဲ့ အပိုင်းနဲ့ အန္တရာယ်ရှိတဲ့အပိုင်း။)

အဖြေ−− ဂျပန်အစိုးရက မူလတန်းအရွယ် ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ စဉ်းစားနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးရှိတဲ့ အပိုင်းနဲ့ အန္တရာယ်ရှိတဲ့အပိုင်းကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြီး လေ့လာကြည့်ဖို့ လိုအပ်ပါတယ်။
US ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမဏီက BioNTech တို့က အသက် ၅ နှစ်ကနေ အသက် ၁၁ နှစ်အကြားရှိတဲ့ ကလေးတွေကို သူတို့ရဲ့ကာကွယ်ဆေးထိုးရင် ဘေးအန္တရာယ်ကင်းတယ်လို့ဆိုထားပြီး ထိရောက်မှုလည်းရှိတယ်လို့ ကြေညာထားပါတယ်။ ဒီဆေးကို ကလေးတွေမှာ ထိုးခွင့်ပေးဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန(FDA)ကို လျှောက်ထားခဲ့ပြီး ခွင့်ပြုချက်လည်း ရရှိသွားပါပြီ။ အဲဒီလို အမေရိကမှာ လုပ်ဆောင်လာတာကြောင့် ဂျပန်မှာလည်း အဲဒီအသက်အရွယ် ကလေးတွေကို ကာကွယ်ဆေးထိုးပေးမလားဆိုတာကို ဆန်းစစ်လေ့လာသွားဖို့ လုပ်နေပါတယ်။
Kitasato တက္ကသိုလ်က ပါမောက္ခ Nakayama Tetsuo က ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဂျပန်နိုင်ငံက မတူညီတဲ့အခြေအနေတွေကို နောက်ပိုင်း ဆွေးနွေးပွဲတွေ ပြုလုပ်ရင်း သေသေချာချာ စဉ်းစားပြီးမှ လုပ်ဆောင်သင့်တယ်လို့ ပြောကြား ခဲ့ပါတယ်။
ပါမောက္ခ Nakayama က အမေရိကန်မှာ ယေဘုယျအားဖြင့် ကာကွယ်ဆေးထိုးကြတဲ့နှုန်းက နှေးကွေးနေပြီး ကျောင်းတွေမှာ အစုအပြုံလိုက် ကူးစက်မှုတွေ များလာနေတာကြောင့် အာဏာပိုင်တွေက မူလတန်းအရွယ် ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ လိုအပ်လာပြီဆိုပြီး လုပ်ဆောင်တာ ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျပန်မှာတော့ အသက် ၂၀တန်း၊ ၃၀တန်း အရွယ်တွေနဲ့ မူလတန်းကလေးတွေရဲ့ မိဘတွေအကြား ကာကွယ်ဆေးထိုးတဲ့နှုန်း မြင့်တက်လာဖွယ်ရှိတာကြောင့် အခြေအနေကိုထပ်စောင့်ကြည့်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကလည်း ဆက်ဖြစ်နေပြီး ဘယ်တော့ပြီးမယ်မှန်း မသိတဲ့အခြေအနေမှာ ကာကွယ်ဆေးဟာ လူတွေရဲ့အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ဖို့ အရေးပါတဲ့ နည်းလမ်းတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ကလေးတွေအကြား ကူးစက်မှုတွေကို ကာကွယ်ဖို့ ကာကွယ်ဆေးထိုးပေးနိုင်တဲ့ အသက်အရွယ်တန်းကို ပိုတိုးမလားဆိုတာကို စဉ်းစားလာကြတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရာမှာ ကာကွယ်ဆေးရဲ့ထိရောက်မှု ဒါမှမဟုတ် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ဟန်ချက်ညီညီ စဉ်းစားနိုင်ဖို့ အရေးကြီးပါတယ်။ ကလေးကိုယ်တိုင် ကာကွယ်ဆေးထိုးချင်သလား။ မိဘတွေကရော သူတို့ကလေးကို ကာကွယ်ဆေးထိုးပေးဖို့ ဆန္ဒရှိသလားဆိုတဲ့ အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

331. ကလေးတွေကို ကာကွယ်ဆေးထိုးသင့်သလား။ အပိုင်း−(၅)
(ကလေးကာကွယ်ဆေးနဲ့ ဘေးထွက်ဆိုးကျိုးများ။)

အဖြေ−− ဂျပန်အစိုးရက မူလတန်းအရွယ် ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ စဉ်းစားနေပါတယ်။
အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer က စက်တင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ လက်တွေ့စမ်းသပ်မှု ရလဒ်တွေအရ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေမှာ ကာကွယ်ဆေးထိုးလို့ ဖြစ်ပေါ်တဲ့ ဘေးထွက်ဆိုးကျိုးဟာ ပုံမှန် ကာကွယ်ဆေးပမာဏကို ထိုးထားတဲ့ အသက် ၁၆ နှစ်ကနေ ၂၅ နှစ်ကြား ရှိသူတွေမှာ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့ တူတယ်လို့ ဆိုထားပါတယ်။
ကလေးအထူးကုဆရာဝန် Kitasato University က ပါမောက္ခ Nakayama Tetsuo က ကာကွယ်ဆေးဟာ ကလေးတွေအတွက် အန္တရာယ်မရှိပေမဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်တော့ ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။ ကာကွယ်ဆေးကြောင့် ကိုယ်အပူချိန်တက်ပြီး အဲဒီအပူရှိန်ကြောင့် တက်သွားတဲ့ ကလေးတချို့လည်း ရှိတယ်လို့ သူက ပြောပါတယ်။ မိဘတွေအနေနဲ့ ကလေးကို ကာကွယ်ဆေးမထိုးခင် ဒီအချက်ကို အပြည့်အဝ နားလည်ထားဖို့ လိုအပ်တယ်လို့ ပါမောက္ခ Nakayama က အလေးပေး ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို ကောင်းကောင်း သိထားပြီးဖြစ်တဲ့ မိသားစုဆရာဝန်ဆီမှာ ကာကွယ်ဆေးထိုးဖို့ အရေးကြီးတယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ဂျပန် ကာကွယ်ဆေးပညာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Fukuoka သူနာပြုကောလိပ်က ပါမောက္ခ Okada Kenji က ရောဂါအခံရှိတဲ့ ကလေးတွေ၊ ဝင်ခွင့်စာမေးပွဲဖြေဖို့ ပြင်ဆင်နေတဲ့ ကာကွယ်ဆေးထိုးချင်တဲ့ ကျောင်းသား၊ကျောင်းသူတွေကိုတော့ ကာကွယ်ဆေး ထိုးပေးသင့်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့ဟာ ထိပ်တန်းဦးစားပေးအဆင့်တော့ မဟုတ်ဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။
ကလေးငယ်တွေမှာ ကာကွယ်ဆေးထိုးပြီးမှ ဆိုးရွားတဲ့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်လာရင် ပြဿနာတွေ ဖြစ်လာမှာရှိတယ်လို့ ပါမောက္ခ Okada က ပြောပါတယ်။ ကျန်းမာတဲ့ကလေးတွေကို ကာကွယ်ဆေးထိုးမယ်၊ မထိုးဘူးဆိုတာမှာ ကလေးကို ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ ပြင်းထန်တဲ့ရောဂါဖြစ်နိုင်လား။ ကာကွယ်ဆေးထိုးရင် ဘေးထွက်ဆိုးကျိုး ဘယ်လောက်ရှိနိုင်လဲ။ ကာကွယ်ဆေးကရော ဘေးကင်းစိတ်ချရမှု ဘယ်လောက်ရှိမလဲ။ စတဲ့အချက်တွေကို ဟန်ချက်ညီညီ စဉ်းစားဖို့ အရေးကြီးတယ်လို့ သူက ပြောခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

330. ကလေးတွေကို ကာကွယ်ဆေးထိုးသင့်သလား။ အပိုင်း−(၄)
(ကလေးတွေမှာ ကာကွယ်ဆေးထိုးရင် ဘယ်လို ကောင်းကျိုးတွေရမလဲ ။)

အဖြေ−− ဂျပန်အစိုးရက မူလတန်းအရွယ် ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ စဉ်းစားနေပါတယ်
COVID-19 ကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုးတွေ အတိုင်းအတာ တစ်ခုအထိ ရှိပါတယ်။ ကလေးတွေဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပြင်းပြင်းထန်ထန် ဖျားနာတာမျိုး မရှိသလောက် နည်းပါးတဲ့အတွက် ကလေးတွေ ကာကွယ်ဆေးထိုးရင်လည်း လူကြီးတွေလောက် အကျိုးကျေးဇူး ရှိမှာမဟုတ်ဘူးလို့ စဉ်းစားလို့ ရပါတယ်။
ဒါဆိုရင် ကလေးတွေ ကာကွယ်ဆေးထိုးခြင်းရဲ့ ကောင်းကျိုးတွေက ဘာတွေပါလဲ။

၁။ ရောဂါပိုးကူးစက်လည်း ရောဂါမဖြစ်နိုင်ဘူး။ ‌ရောဂါဖြစ်လည်းပဲ လက္ခဏာ ပြင်းထန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
လက်ရှိအသုံးပြုနေတဲ့ COVID-19 ကာကွယ်ဆေးတွေဟာ Delta မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ရင် ရောဂါ ပြင်းပြင်းထန်ထန် မဖြစ်လာအောင် ထိထိရောက်ရောက် ကာကွယ်ပေးတာကို တွေ့ရပါတယ်။

၂။ ကာကွယ်ဆေးထိုးထားရင် ကျောင်းနဲ့ ကျူရှင်တွေမှာ လူတွေအများစုကို တစ်ပြိုင်နက်ထဲ ကူးစက်ပြန့်ပွားတာမျိုး မဖြစ်အောင် လျှော့ချပေးနိုင်ပါတယ်။
ရောဂါကူးစက်မှု ပဉ္စမလှိုင်းဖြစ်ခဲ့တုန်းက ကျောင်းတွေ၊ အနီးကပ် သင်တန်းတွေ ကျူရှင်တွေမှာ ကလေးတွေ အစုလိုက်အပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများအပြား ဖြစ်ပွားခဲ့တာ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေးထိုးတာဟာ အစုအပြုံလိုက် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိထိရောက်ရောက် လျှော့ချပေးတယ်လို့ ဆိုကြပါတယ်။

၃။ မိသားစုအချင်းချင်းကူးစက်မှုကို လျှော့ချပေးနိုင်ပါတယ်။
ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာဟာ မိသားစုထဲမှာ ကာကွယ်ဆေး မထိုးရသေးသူတွေ ဒါမှမဟုတ် ကာကွယ်ဆေးထိုးလို့မရသူတွေ ရှိတဲ့အခါ မိသားစုအချင်းချင်း ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့သွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

329. ကလေးတွေကို ကာကွယ်ဆေးထိုးသင့်သလား။ အပိုင်း−(၃)
(ကလေးတွေမှာကိုဗစ် ကူးစက်ပြီး ပြင်းပြင်းထန်ထန် ဖျားနာတာ ဘယ်လောက်ရှိသလဲ။)

အဖြေ−− ကလေးတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရင်တောင်မှ ရောဂါလက္ခဏာပြင်းထန်တာ နည်းနည်းပါးပါးပဲရှိပြီး အများစုက နည်းနည်းပါးပါးပဲ နေမကောင်းဖြစ်တတ်ကြပါတယ်။
ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြုစုထားတဲ့ အချက်အလက်တွေအရ ဂျပန်နိုင်ငံမှာ ၂၀၂၁−ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၆၂၅,၀၀၀ ခန့်ရှိပြီး ၁၄,၂၂၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သေဆုံးမှုနှုန်းက ၀.၉ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ဆိုပါတယ်။
အသက် ၁၀ နှစ်အောက် ကလေးငယ်က ၈၄,၀၀၀ ဦးဝန်းကျင် ရောဂါကူးစက်ပြီး ဆယ်ကျော်သက်အရွယ်က ၁၆၃,၀၀၀ လောက် ကူးစက်ခံရပါတယ်။ ကလေးတွေကူးစက်ခံရတဲ့အထဲက အသက် ၁၁ နှစ်ကနေ ၁၉ နှစ် ကြားမှာရှိတဲ့ ကလေးလူနာတစ်ဦး သေဆုံးခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တခြားစစ်တမ်းမှာတော့ ၂၀၂၀ပြည့်နှစ် ဇွန်လ ကနေ သြဂုတ်လအတွင်း COVID-19 ရောဂါကူးစက်နေတာ စစ်ဆေးတွေ့ရှိသူ အသက် ၁၀နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ရောဂါလက္ခဏာဖြစ်ပွားမှု ၀.၀၉ ရာခိုင်နှုန်း ရှိပါတယ်။ ဆယ်ကျော်သက်တွေမှာတော့ ပြင်းထန်တဲ့ရောဂါ ဖြစ်ပွားတာ လုံးဝမရှိဘူးလို့ သိရပါတယ်။ ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊ ကင်ဆာစတဲ့ ရောဂါအခံရှိတဲ့ ကလေးတွေ ကိုဗစ်ဖြစ်ရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ ကလေးတွေမှာ ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားတာ အနည်းငယ်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။။
ရောဂါကူးစက်မှု အများစုဟာ အိမ်မှာပဲ လူကြီးတွေကနေ ကလေးတွေဆီ ပျံ့နှံ့ကူးစက်သွားတာ များပါတယ်။ ကလေးတွေကနေ လူကြီးတွေဆီကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာ နည်းနည်းပဲ ရှိတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနရဲ့ ကျွမ်းကျင်သူများအဖွဲ့က ပြောပါတယ်။
ဒီကိုရိုနာဗိုင်းရပ်စ်က တုပ်ကွေးရောဂါလို ကလေးငယ်တွေ ကျောင်းမှာ ဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့နောက် အဲဒီကလေးတွေကတစ်ဆင့် အိမ်မှာ မိသားစုဝင်တွေဆီ ကူးစက်တာမျိုး မတွေ့ရကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

328. ကလေးတွေကို ကာကွယ်ဆေးထိုးသင့်သလား။ အပိုင်း−(၂)
(ဂျပန်နိုင်ငံမှာ မူလတန်းအရွယ် ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ စဉ်းစားနေခြင်း။)

အဖြေ−− ဂျပန်နိုင်ငံမှာ မူလတန်းအရွယ် ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ စဉ်းစားနေပါတယ်။
အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ကုမ္ပဏီ BioNTech တို့က နိုင်ငံခြားမှာလုပ်ထားတဲ့ လက်တွေ့စမ်းသပ်မှု ရလဒ်တွေကို မေလ ၂၈ တင်ပြလာတာကြောင့် ဂျပန်မှာလည်း အသက် ၁၂ နှစ်ကနေ အသက် ၁၅ နှစ်ကြား ဆယ်ကျော်သက်အရွယ် အုပ်စုကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးပေးဖို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ပါတယ်။ မေလ ၃၁ ရက်နေ့က ဂျပန်အစိုးရဟာ အဲဒီအသက်အရွယ် အုပ်စုကို ကာကွယ်ဆေး စထိုးပေးခဲ့ပါတယ်။
Pfizer နဲ့ BioNTech ဆေးဝါးကုမ္ပဏီတွေက အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြားကလေးတွေကို လက်တွေ့စမ်းသပ်မှု ပြုလုပ်ပြီး ကာကွယ်ဆေးဟာ ဘေးကင်းမှုနဲ့ ထိရောက်မှုရှိတယ်ဆိုတဲ့ ရလဒ်ကြောင့် အမေရိကမှာ ကလေးတွေကို ကာကွယ်ဆေးထိုးခွင့် လျောက်ထားခဲ့ပြီး ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂျပန်ဟာလည်း အဲဒီ အသက်အရွယ်အုပ်စုက ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးမလား ဆန်းစစ်လေ့လာသွားဖို့ ရှိပါတယ်။
မူလတန်းအရွယ်ကလေးတွေကို ကာကွယ်ဆေးထိုးပေးတဲ့အပေါ် ဘယ်လိုမြင်ပါသလဲလို့ ကလေးအထူးကုဆရာဝန် Kitasato University က ပါမောက္ခ Nakayama Tetsuo ကို မေးမြန်းခဲ့ပါတယ်။ ကလေးတွေအတွက် ကာကွယ်ဆေးဆိုပြီး မရှိသေးပါဘူး၊ ကျောင်းတွေ၊ ကျောင်းဆင်းချိန်နောက်ပိုင်းမှာသွားတဲ့ ကလေးထိန်း စင်တာတွေနဲ့ ကျူရှင်တွေမှာ ကလေးတွေ ကိုဗစ်ကူးတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်လို့ ကာကွယ်ဆေးထိုးတာ အရေးကြီးတယ်လို့ ပါမောက္ခNakayama က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

327. ကလေးတွေကို ကာကွယ်ဆေးထိုးသင့်သလား။ အပိုင်း−(၁)
(အမေရိကမှာ အသက် ၅နှစ်အောက် ကလေးများ ကာကွယ်ဆေးထိုးခြင်း။)

အဖြေ−− ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရအောင် မူလတန်းကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့ စတင်စဉ်းစားနေပြီဖြစ်ပါတယ်။
"အမေရိကမှာ ကလေးတွေကို ကာကွယ်ဆေးထိုးနေတာ"နဲ့ ပတ်သက်ပြီး လေ့လာကြည့်ပါမယ်။
အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမဏီက BioNTech တို့က အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေး ၂,၂၆၈ ဦးကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လက်တွေ့စမ်းသပ် ထိုးကြည့်ခဲ့ပြီး ရတဲ့ရလဒ်တွေကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကလေးငယ်တွေကို လူကြီးတွေကို ထိုးပေးတဲ့ကာကွယ်ဆေး ပမာဏရဲ့ ၃ပုံ ၁ပုံကိုပဲ နှစ်ကြိမ်ခွဲ ထိုးပေးခဲ့ပါတယ်။ သုတေသီတွေက တစ်လအကြာမှာ ဗိုင်းရပ်စ်ကို အားနည်းသွားအောင်လုပ်နိုင်တဲ့ Neutralizing Antibody ကလေးတွေမှာ ဘယ်လောက်ရှိနေပြီလဲဆိုတာ စစ်ဆေးကြည့်တဲ့အခါ အားကောင်းတဲ့ ခုခံစွမ်းအား တုံ့ပြန်မှုရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီလို ကိုယ်ခံစွမ်းအားတုံ့ပြန်မှု ကောင်းတာနဲ့ ကာကွယ်ဆေးကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ ပုံမှန် ကာကွယ်ဆေးပမာဏကို ထိုးထားတဲ့ အသက် ၁၆ နှစ်ကနေ ၂၅ နှစ်ကြား ရှိသူတွေရဲ့ ခန္ဓာကိုယ်မှာဖြစ်တာနဲ့ အလားတူတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၇ ရက်နေ့မှာတော့ အဲဒီ ဆေးဝါးကုမ္ပဏီတွေက အသက် ၅ နှစ်ကနေ အသက် ၁၁ နှစ်အကြားရှိတဲ့ ကလေးတွေမှာ သူတို့ရဲ့ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ကို လျှောက်ထားခဲ့ပြီး ခွင့်ပြုချက်ရရှိသွားပြီ ဖြစ်ပါတယ်။
Pfizer ရဲ့ ကာကွယ်ဆေးကိုတော့ အစပိုင်းမှာ အသက် ၁၆ နှစ်နဲ့အထက်တွေကို ထိုးပေးခဲ့ပါတယ်။ မေလမှာတော့ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အကြား ဆယ်ကျော်သက်အရွယ်တွေကိုပါ ထိုးပေးလာပါတယ်။ Pfizer က မတ်လ ၃၁ ရက်နေ့မှာ သူတို့လုပ်ထားတဲ့ လက်တွေ့စမ်းသပ်မှုက အသက် ၁၂ နှစ်ကနေ ၁၅ နှစ်ကြားအသက်အုပ်စုမှာ လုပ်ခဲ့ပြီး ကာကွယ်ဆေးက ဘေးကင်းတဲ့အပြင် ထိရောက်မှုရှိတယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဧပြီလ ၉ ရက်နေ့မှာ အဲဒီအသက်အုပ်စုအတွက် ကာကွယ်ဆေးထိုးခွင့်ကို FDAမှာ လျှောက်ခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ အရေးပေါ်အသုံးပြုခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် မေလ ၁၃ ရက်နေ့မှာ အသက် ၁၂ နှစ်နဲ့အထက်ရှိသူတွေကို အမေရိကမှာ Pfizer ကာကွယ်ဆေးတွေ စထိုးပေးခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

326. ကူးစက်မှုတွေ သိသိသာသာ ကျဆင်းသွားခြင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်− အပိုင်း(၅)

အဖြေ−− ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့က အဖွဲ့၀င်တစ်ဦးဖြစ်တဲ့ မစ္စတာ Wakita က ညပိုင်းမှာ ဖျော်ဖြေရေး အမျိုးမျိုးရှိတဲ့ နေရာတွေကိုသွားတဲ့သူ အရေအတွက်နည်းသွားရင် ဒါမှမဟုတ် ကာကွယ်ဆေး ထိုးတာများလာရင်လည်း ကူးစက်မှုတွေ လျော့နည်းလာမယ်လို့ ကျွမ်းကျင်သူတွေက ကိုးကားကြကြောင်း သူက ပြောပါတယ်။ ဒါပေမယ့် ဒါတွေက လုံလောက်တဲ့ အချက်တွေတော့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
အခုနောက်ဆုံး ကူးစက်မှုလှိုင်းမှာ ကာကွယ်ဆေး ထိုးထားကြတာကြောင့် ကိုဗစ်ကူးစက်ခံထားရတဲ့ လူငယ်တွေကနေတစ်ဆင့် သက်ကြီးရွယ်အိုတွေဆီ ဗိုင်းရပ်စ် ကူးစက်တာမျိုး မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။ လူငယ်တွေအကြားမှာပဲ ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ခဲ့ပြီး လူငယ်တွေကြားမှာပဲ ကူးစက်မှုကျဆင်းသွားတာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကိုကြည့်ရင် နောက်ပိုင်းကူးစက်မှုတွေက လူငယ်တွေကြားမှာပဲ ဖြစ်ပေါ်လေ့ရှိတဲ့ ကူးစက်မှုလှိုင်း ပုံစံကို ဖော်ပြနေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဒီအကြောင်းအချက်တွေက အသစ်ကူးစက်ခံရသူ အရေအတွက် ကျဆင်းသွားတာနဲ့ ဘယ်လောက် ပတ်သက်မှုရှိသလဲ ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးတဲ့အတွက် နောက်ထပ် ဆန်းစစ်သုံးသပ်ဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ နောက်ထပ် မျိုးဗီဇပြောင်းနေတယ်လို့ ထင်ပါသလား ဆိုတဲ့မေးခွန်းကို မစ္စတာ Wakita က အဲဒီလို မထင်ပါဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ genome ဂျီနုမ်းလို့ခေါ်တဲ့ မျိုးဗီဇကို ခွဲခြမ်းစိတ်ဖြာပြီး သုတေသန လုပ်နေပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေ ကျဆင်းလာတဲ့ အခုအချိန်နဲ့ ဗိုင်းရပ်စ်တွေ အလျင်အမြန် ကူးစက်ပြန့်ပွားနေတဲ့အချိန်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကွာခြားမှု အနည်းငယ်ပဲ မြင်ရလို့ မျိုးဗီဇပြောင်းနေတယ်လို့ မထင်ဘူးလို့ပြောပါတယ်။ အခုအချိန်မှာ ဗိုင်းရပ်စ်က အားနည်းသွားတာမျိုးလည်း မမြင်ရဘူးလို့ သူက ဆိုပါတယ်။
အခုကစပြီး ဘယ်လို ဆောင်ရွက်ချက်တွေ လုပ်ဖို့လိုအပ်သလဲ လို့ မေးတဲ့အခါ မစ္စတာ Wakita က ဂျပန်က တချို့ဒေသတွေမှာ ကာကွယ်ဆေးထိုးတဲ့နှုန်း နည်းနေသေးတဲ့ နိုင်ငံခြားသားတွေအကြား မှာ ကူးစက်ပြန့်ပွားနေတယ်လို့ ပြောပါတယ်။ အစိုးရအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့နေရာတွေမှာ၊ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဖို့ ခက်ခဲတဲ့ မြို့နယ်တွေမှာ ကာကွယ်ဆေးထိုးတာကို လုပ်ဆောင်နိုင်မယ့် အစီအမံတွေ ချမှတ်ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မစ္စတာ Wakita က ပြောပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

325. ကူးစက်မှုတွေ သိသိသာသာ ကျဆင်းသွားခြင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်− အပိုင်း(၄)

အဖြေ−− ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့က အဖွဲ့၀င်တစ်ဦး ဖြစ်တဲ့ ပါမောက္ခ Nishiura က ရောဂါကူးစက်မှုတွေ ဘာကြောင့် ကျဆင်းသွားလဲဆိုတဲ့ အကြောင်းရင်းကို အခု ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်နေပြီး ရလဒ်တွေထွက်လာတာနဲ့ သေချာရှင်းပြမယ်လို့ ပြောကြားခဲ့ပါတယ်။
အခု ပြောနိုင်တာကတော့ အားလပ်ရက်ရှည် ဒါမှမဟုတ် စနေတနင်္ဂနွေနဲ့ ပိတ်ရက်ရှည်တွေ အပြီးမှာ ရောဂါပိုး ကူးစက်ခံထားရသူ တစ်ဦးကနေ လူအများအပြားဆီ ပြန့်ပွားသွားတာကို ပြသနေတယ်လို့ ပါမောက္ခ Nishiura က ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ အချိန်တွေမှာလည်း အဲဒီလို အားလပ်ရက်တွေမှာ ကူးစက်မှုနှုန်း မြင့်တက်လာတာကို လေ့လာတွေ့ရှိခဲ့ရတယ်လို့ သူက ပြောပါတယ်။ ပုံမှန်မတွေ့ဆုံတဲ့လူတွေနဲ့ တွေ့ဆုံခရီးသွားတာနဲ့ တူတူ အပြင်ထွက် စားသောက်တာလိုမျိုး အမူအကျင့်တွေကနေ အဆင့်ဆင့် ကူးစက်မှုတွေကို ပိုပြီးတိုးလာစေတာ သေချာတယ်လို့ ပါမောက္ခ Nishiura က ပြောပါတယ်။
ကာကွယ်ဆေးထိုးတာ များလာတာတောင် လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ ဆက်ဆံမှုတွေကို မထိန်းသိမ်းနိုင်ဘူးဆိုရင် နောက်ထပ် ကြီးမားတဲ့ ကူးစက်မှုလှိုင်းတွေ သေချာပေါက် ထပ်ဖြစ်လာမယ်လို့ သူက ပြောပါတယ်။ ဆောင်းရာသီရောက်ရင် ကူးစက်ပြန့်ပွားမှု များမလာ အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ လိုတယ်လို့ ပါမောက္ခ Nishiura က ပြောပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

324. ကူးစက်မှုတွေ သိသိသာသာ ကျဆင်းသွားတာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်− အပိုင်း(၃)

အဖြေ−− အုပ်ချုပ်ရေးအဖွဲ့တွေက နေ့စဉ် ကြေညာနေတဲ့ ကူးစက်မှုအသစ် ကိန်းဂဏန်းတွေဟာ တကယ့်လက်တွေ့မြေပြင်မှာ ဖြစ်နေတာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း ကိုက်ညီမှုရှိမှသာ ကူးစက်မှုကျဆင်းသွားတာရဲ့ နောက်ကွယ်က အကြောင်းရင်းတွေက ဘာလဲဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ပေးနိုင်ပါမယ်လို့ ပါမောက္ခ Yamamoto က ဆိုပါတယ်။
တစ်ဖက်မှာလည်း လူအများအပြား ကာကွယ်ဆေးထိုးလာတာနဲ့ ဗိုင်းရပ်စ်ကူးစက်ခံပြီးသူတွေ များလာတာကနေ ကိုယ်ခံစွမ်းအား ပဋိပစ္စည်းထွက်နေတာ လူအစုအဝေးလိုက် ရှိနေပြီလို့ထင်ကြောင်း မစ္စတာ Yamamoto က ပြောကြားခဲ့ပါတယ်။ ဗိုင်းရပ်စ်ဟာ လူတွေရဲ့ နေ့စဉ်နေထိုင်မှုထဲမှာ ပုံမှန်တွေ့နေရပြီဆိုရင် လူမှုဘဝ၊ လူ့ဘောင်အဖွဲ့အစည်းထဲမှာနဲ့ စီးပွားရေး ရှုထောင့်ကနေလည်း ကြည့်ပြီး ကူးစက်ရောဂါဖြစ်တာကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိတဲ့ လူမှုအသိုက်အဝန်းတစ်ခု ဖြစ်လာအောင် လုပ်သင့်တယ်လို့ သူက ပြောပါတယ်။ နေ့စဉ်ကူးစက်မှု အသစ်အရေအတွက်ကို ကြည့်ပြီး အခြေအနေကို အကဲဖြတ်တာ ကနေ စိုးရိမ်ရတဲ့လူနာအရေအတွက် ဒါမှမဟုတ် သေဆုံးသူ အရေအတွက်ပြောင်းလဲလာတာကို ကြည့်ပြီး ကူးစက်ရောဂါ အခြေအနေကို အကဲဖြတ်တဲ့ပုံစံအသစ်ကို ရောက်နေပြီလို့ သူက ပြောပါတယ်။
ရှေ့ဆက် ကူးစက်မှု လုံးဝမရှိအောင် လုပ်ဆောင်လို့ရမလားလို့ မေးတဲ့အခါ မစ္စတာ Yamamoto က ဗိုင်းရပ်စ်က မျိုးဗီဇ အသစ်ထပ်ပြောင်းသွားမယ်ဆိုရင် ဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်ချက်တွေနဲ့ ကန့်သတ်ချက်တွေ ဆက်လုပ်နေတဲ့ကြားမှာ ကူးစက်မှုတွေ ပြန်ပြီး ပိုများလာမယ်လို့ ဆိုပါတယ်။ အဲဒီလို အခြေအနေရောက်သွားရင် လူတွေဟာ အခုထက် ပိုခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်လာရနိုင်တယ်လို့ ‌ပြောပါတယ်။ ခြုံကြည့်ပြီး ပြောရမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ဘယ်လို အတူယှဉ်တွဲနေထိုင်မလဲ ဆိုတာကို စဉ်းစားထားဖို့ လိုအပ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကြည့်မယ်ဆိုရင် ကိုယ်တိုင်ရော၊ ကိုယ့်မိသားစုမှာပါ ကိုရိုနာကူးစက်ပြီး ရောဂါ ပြင်းထန်လာနိုင်တာမျိုးလည်းရှိနိုင်သလို၊ တစ်ဦးဦး သေဆုံးသွားနိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းစိတ်ချရတဲ့ ကွန်ယက်တစ်ခု တည်ဆောက်ထားရပါမယ်။ ဥပမာအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမယ်ဆိုရင်တောင် သေဆုံးမှု မရှိအောင် ပြုစုကုသနိုင်မယ့် ဆေးဝါးတွေ၊ နည်းလမ်းတွေနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု စနစ်တွေ တည်ဆောက်ထားဖို့ အရေးကြီးတယ်လို့ မစ္စတာ Yamamoto က ပြောပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

323. ကူးစက်မှုတွေ သိသိသာသာ ကျဆင်းသွားတာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်− အပိုင်း(၂)

အဖြေ−− ကျန်းမာရေး၀န်ကြီးဌာနရဲ့ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်တဲ့ International University of Health and Welfare တက္ကသိုလ်က ပါမောက္ခ Wada Kojiက ပြောပြပေးမှာဖြစ်ပါတယ်။ ရောဂါကူးစက်ပြန့်ပွားမှု ကျဆင်းသွားတဲ့ အကြောင်းရင်းတစ်ခုက ကာကွယ်ဆေးထိုးပြီးသွားတဲ့သူ များလာတာဖြစ်ပါတယ်။ ရာသီဥတုအပူချိန်လည်း လျော့လာတာကြောင့် လေအေးပေးစက် ဖွင့်ထားတဲ့ အခန်းထဲမှာ နေကြတာ နည်းသွားတဲ့အတွက် အပြင်မှာဆိုရင် လူတစ်ဦးနဲ့ တစ်ဦး အကွာအဝေးတစ်ခုခြားပြီး နေလို့လဲရတာကြောင့် အခုလို ရာသီဥတု အပြောင်းအလဲက ကူးစက်မှု နည်းလာစေတဲ့ အကြောင်းရင်းတစ်ခုလို့ ထင်ကြောင်း သူက ပြောခဲ့ပါတယ်။
ဒါပေမဲ့ ကိုရိုနာကူးစက်မှုကျဆင်းတာဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုချင်းစီ တွက်ချက်ဖို့ အတော်ခက်ခဲတယ်လို့ သူကပြောပါတယ်။
လာမယ့်လတွေကို ဘယ်လိုတွက်ဆထားသလဲလို့ မေးကြည့်တဲ့အခါ မစ္စတာ Wada က ဆောင်းရာသီမှာ ရာသီဥတု အေးလာတာနဲ့အမျှ ကူးစက်မှု ပြန်ပြီး ဖြစ်ပွားလွယ်လာနိုင်တယ်လို့ ပြောပါတယ်။ ကာကွယ်ဆေးထိုးထားတာ ဒါမှမဟုတ် ဗိုင်းရပ်စ်ကူးစက်ဖူးလို့ ခုခံစွမ်းအားထွက်နေတဲ့သူက ဆယ်ကျော်သက်အရွယ်နဲ့ အသက် ၂၀ ကျော်အရွယ်တွေမှာ ရာခိုင်နှုန်းအားဖြင့် နည်းပါတယ်။ ဒါ့ကြောင့် အဲဒီအသက်အရွယ်တွေကြားမှာ ကိုဗစ်ရောဂါပိုး အဓိက ကူးစက်ပြန့်ပွားနိုင်ခြေများတယ်လို့ ပြောပါတယ်။ အဲဒီလို ကူးစက်ခံရတဲ့ ကလေးတွေလူငယ်တွေကတစ်ဆင့် ကာကွယ်ဆေး မထိုးရသေးတဲ့ သက်လတ်ပိုင်းနဲ့ သက်ကြီးရွယ်အိုတွေဆီ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားပြီး ရောဂါလက္ခဏာ ပြင်းထန်လာတာမျိုး ဖြစ်နိုင်ဖွယ် ရှိတယ်လို့ သူက ပြောပါတယ်။ ကာကွယ်ဆေးထိုးပြီးထားရင်လည်းပဲ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်က ကိုယ်ခံစွမ်းအား ပဋိပစ္စည်းထုတ်လုပ်မှု ကျဆင်းလာနိုင်တာကြောင့် အသက်အရွယ်ကြီးသူတွေ အကြားမှာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာမှာလည်း စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။
ကြိုတင်ကာကွယ်ရေး အစီအမံတွေနဲ့ပတ်သက်ပြီး မစ္စတာ Wada က ဆောင်းရာသီထဲဝင်လာတာနဲ့အမျှ ကာကွယ်ဆေးထိုးတဲ့နှုန်း များလာအောင် လုပ်ရမှာဖြစ်ပြီး ဒါမှ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီး ဆေးကုသရေးစနစ်အပေါ်လည်း ဝန်ပိတာနည်းမယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးမထိုးရသေးသူတွေအနေနဲ့ အောက်တိုဘာလကုန် နောက်ဆုံးထားပြီး ကာကွယ်ဆေးထိုးထားကြဖို့ သူက တိုက်တွန်း ခဲ့ပါတယ်။ ကာကွယ်ဆေးထိုးတဲ့သူတွေ များလာအောင် လုပ်ထားရင် ကူးစက်မှုအသစ်တွေ အတိုင်းအတာတစ်ခုအထိ တိုးလာမယ် ဆိုရင်တောင် အရင်ကလို ဆေးကုသရေး စနစ်အပေါ် ဝန်ပိတာမျိုး မဖြစ်နိုင်တော့ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လို သဘောထားရမလဲ။ ကာကွယ် တားဆီးရေး အစီအမံတွေကို ဘယ်လောက်အထိ ဆက်လုပ်သင့်သလဲ ဆိုတာကိုတော့ ဆက်ဆွေးနွေးဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

322. ကူးစက်မှုတွေ သိသိသာသာ ကျဆင်းသွားတာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်− အပိုင်း(၁)

အဖြေ−− ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေကို စက်တင်ဘာ ၂၈ ရက်နေ့မှာ ဂျပန်အစိုးရက ရုတ်သိမ်းခဲ့ပါတယ်။ အစိုးရအကြံပေးအဖွဲ့ ခေါင်းဆောင် မစ္စတာ Omi Shigeru က သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ရုတ်သိမ်းခဲ့တဲ့ဆုံးဖြတ်ချက် ချနိုင်ခဲ့တာနဲ့ပတ်သက်ပြီး အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ပထမအချက်က လူလှုပ်ရှားသွားလာမှုများပြီး ကူးစက်မှုတွေ များလာနိုင်တဲ့ ပိတ်ရက်ရှည် ဒါမှမဟုတ် နွေရာသီ အားလပ်ရက် ရှည်လိုမျိုး ကာလတွေပြီးဆုံးသွားတာကြောင့် ဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ အခွင့်အရေးလည်း နည်းသွားပြီလို့ ဆိုပါတယ်။ ။
ဒုတိယအချက်က ရောဂါကူးစက်သူတွေ အလွန်အမင်း များပြားလာတဲ့အချိန်မှာ ဆေးရုံတွေမှာ ဝန်ပိလာပြီး လူနာတွေ ဆေးရုံတက်ခွင့်မရဘဲ အိမ်မှာပဲ ကုသဖို့ ဖြစ်လာနေပြီဆိုတာကို လူတွေသိလာခဲ့တာကြောင့် ကူးစက်ရင် အန္တရာယ်ရှိတယ်ဆိုတာ လက်ခံပြီး ဂရုတစိုက်နေလာတာကြောင့် ဖြစ်ပါတယ်။
တတိယအချက်က ရောဂါကူးစက်လွယ်တဲ့ ဖျော်ဖြေရေး ဆိုင်တွေရှိတဲ့ ရပ်ကွက်တွေကို ညအချိန် သွားတဲ့သူနည်းလာတာကြောင့် ဖြစ် ပါတယ်။
စတုတ္ထအချက်က ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်တွေ တိုးမြှင့် လုပ်ဆောင်လာတာကြောင့် အသက်အရွယ်ကြီးသူတွေသာမကဘဲ လူငယ်တွေမှာလည်း ကူးစက်မှုအသစ်တွေ လျော့ကျလာတာကြောင့် ဖြစ်ပါတယ်။
နောက်ဆုံးအချက်က ရာသီဥတုအပူချိန်နဲ့ မိုးရွာသွန်းမှုအခြေအနေ ပြောင်းလဲလာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
မစ္စတာ Omi က “ သိပ္ပံနည်းကျ အတည်ပြုထားတာတော့ မရှိပေမဲ့ ရာသီဥတု အေးလာတော့ လူတွေက ကူးစက်မှုတွေ ဖြစ်ပွားလွယ်တဲ့ အလုံပိတ် အဆောက်အအုံတွေ အိမ်တွေထဲမှာပဲ နေနေကြတာထက် အပြင်ထွက်တာများလာပြီး ကူးစက်မှုလည်း နည်းလာတယ်ထင်တယ်”လို့ ပြောပါတယ်။ ဘယ်လိုအကြောင်းတွေက ကူးစက်မှုကို နည်းစေသလဲ ဆိုတာကို ဆက်လေ့လာသွားမယ်လို့ မစ္စတာ Omi က ပြောကြားခဲ့ပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

321. ရောဂါပြင်းထန်နိုင်တဲ့ လူနာတွေကို barometer နဲ့တိုင်းတာပြီး အသက်အုပ်စုအလိုက် ဘယ်လို အမှတ်ပေးပြီး စစ်ဆေးသလဲ။

အဖြေ−− barometer နဲ့ တိုင်းတာတဲ့အခါ အသက် ၁၈ ကနေ ၃၉နှစ် ကြားအုပ်စု၊ ၄၀ ကနေ ၆၄နှစ် ကြားအုပ်စု၊ အသက် ၆၅ နှစ်နဲ့အထက် အုပ်စု ဆိုပြီး အသက်အုပ်စု သုံးစုခွဲခြားထားပါတယ်။
barometer နဲ့ အမှတ်ပေးတဲ့အခါ အသက် ၁၈ ကနေ ၃၉ နှစ် အုပ်စုထဲက အမျိုးသားဆိုရင် ၁ မှတ် ပေးပါတယ်။ အသက် ၃၀ ကျော်ပြီဆိုရင် အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် နောက်ထပ် ၁မှတ် ထပ်ပေါင်းပါတယ်။ ခန္ဓာကိုယ်မှာ အဆီ ဘယ်လောက်များလဲ ဖေါ်ပြတဲ့ အညွှန်းကိန်း (BMI)က ၂၃ ကနေ ၂၉.၉ ရှိသူတွေကို တစ်မှတ် ထပ်ဖြည့်ပါတယ်။ BMI အညွှန်းကိန်းက ၃၀ ဒါမှမဟုတ် အဲဒီထက် ကျော်တယ်ဆိုရင်တော့ အမှတ် ၂မှတ် ထပ်ပေါင်းပါတယ်။ အဲဒီ BMI အညွှန်းကိန်းတွက်တဲ့နည်းကတော့ လူတစ်ဦးရဲ့ ကိုယ်အလေးချိန်ကို အရပ်အမြင့် မီတာ နှစ်ဆကိန်းနဲ့ စားပြီး ရလဒ်ကို ထုတ်တာဖြစ် ပါတယ်။ BMI ဟာ အဝလွန်ခြင်းရှိမရှိ စစ်ဆေးတဲ့ အညွှန်းကိန်း ဖြစ်ပါတယ်။ ကင်ဆာရောဂါရှိသူတွေကို ၃ မှတ် ပေးပါတယ်။
ကိုဗစ်ရောဂါ လက္ခဏာဆိုးလာမလား ဆိုတာကို barometer နဲ့ ဆက်တိုင်းမယ်ဆိုရင် ကိုယ်အပူချိန် ၃၇.၅ ဒီဂရီ ဆဲလ်စီးယပ်ရှိတဲ့ ကိုဗစ်လူနာဆိုရင် ၂ မှတ် ထပ်ပေါင်းပါ။ တရှူးရှူးနဲ့ အသက်ရှူသံ ပြင်း‌နေတဲ့ လူနာဆိုရင် ၂မှတ်ထပ်ပေါင်းပါ။ အသက်ရှူကျပ်ပြီး ပန်းနာရင်ကြပ်လို ဝေဒနာဖြစ်နေသူဆိုရင် ၁မှတ် ထပ်ပေါင်းပါ။
ကူးစက်မှုအသစ်တွေ တစ်ဟုန်ထိုး မြင့်မားနေတဲ့ ကိုဗစ်လှိုင်း ရိုက်ခတ်နေချိန်ဆိုရင် အသက် ၁၈ ကနေ ၃၉ နှစ်ရှိသူတွေမှာ barometer နဲ့တိုင်းတဲ့အခါ ၆ မှတ်နဲ့အထက် ရရှိတယ်ဆိုရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်နိုင်ခြေ မြင့်မားတယ်လို့ သတ်မှတ်ပြီး သင့်တော်တဲ့ ဆေးကုသမှုကို ခံယူသင့်ပါတယ်။
အသက် ၄၀ ကနေ ၆၄ ကြား ရှိသူတွေမှာတော့ barometerနဲ့ တိုင်းတဲ့အခါ အမျိုးသားတွေဆိုရင် ၁မှတ် ပေးပါတယ်။ အသက် ၅၀ ကနေ ၅၉ အရွယ်ရှိသူတွေဆိုရင် ၁မှတ်ထပ်ပေါင်းပါ။ အသက် ၆၀ ကနေ ၆၄ နှစ်ရှိသူဆိုရင်တော့ ၃မှတ်ပေးပါတယ်။ အဲဒီ အသက်အရွယ်အုပ်စုတွေမှာ BMI ၂၅ နဲ့ အဲဒီအထက် ရှိသူတွေကို အမှတ် ၂ မှတ်ပေးပါတယ်။ ဆီးချိုဖြစ်နေရင် ၁မှတ်ထပ်ရေးရပါတယ်။
ဒီအသက်အရွယ် အုပ်စုရှိသူ COVID-19 လူနာတွေဟာ ကိုယ်အပူချိန် ၃၇.၅ ဒီဂရီနဲ့အထက် ဖျားပြီဆိုရင် ၂ မှတ်ပေးပါတယ်။ အသက်ရှူရခက်ခဲပြီး မောနေရင် အမှတ် ၂ မှတ် ၊ မောပန်းနေတာ အပြင် ချောင်းပါဆိုးနေမယ်ဆိုရင် အဲဒီသူတွေကို ၁မှတ် ထပ်ပေါင်း ပါတယ်။
ရောဂါကူးစက်မှုတွေ မြင့်မားနေတဲ့ ကိုဗစ်လှိုင်း ရိုက်ခတ်နေချိန် အတွင်းမှာ barometer နဲ့တွက်ပြီး အမှတ်ပေါင်း၅ မှတ်နဲ့ အထက် ရနေပြီဆိုရင် စိုးရိမ်ရတဲ့လူနာလို့ သတ်မှတ်ပြီး သင့်တော်တဲ့ ဆေးကုသမှုကို ခံယူသင့်ပါတယ်။
အသက် ၆၅ နဲ့ အထက်ရှိသူတွေအပြင် အသက် ၇၅ နဲ့ အထက် ရှိသူတွေဆိုရင်တော့ ၂ မှတ်ပေးပါတယ်။ အဲဒီ အသက်အရွယ် အုပ်စုတွေမှာ BMI ၂၅ နဲ့အထက်ရှိသူတွေ ဆိုရင်တော့ ၂ မှတ် ထပ်ပေါင်းပါတယ်။
နှလုံးအားနည်းတဲ့ရောဂါ ရှိသူတွေဆိုရင် ဆီးချိုလူနာတွေလိုပဲ အမှတ် ၂ မှတ် ထပ်ပေါင်းပေးရပါတယ်။
သွေးတိုးရောဂါ ရှိရင်လည်း ၂မှတ်ပေးပါ။ ဦးနှောက် သွေးကြောပေါက်သူတွေဆိုရင် ၁မှတ်ဖြစ်ပါတယ်။ အဲဒီ အသက်အုပ်စုက COVID-19 လူနာတွေမှာ အဖျား ၃၇.၅ ဒီဂရီနဲ့အထက် ရှိသူတွေကို ၄မှတ် သတ်မှတ်ပါတယ်။ အသက်ရှူကျပ် ပြီး မောနေရင် ၄မှတ်ဖြစ်ပြီး ချောင်းဆိုးနေရင် ၁မှတ် ပေးပါတယ်။
Barometer နဲ့တိုင်းထွာတဲ့အခါ အဲဒီလို အသက်အရွယ်ကြီးတဲ့ အုပ်စုမှာ ၃မှတ်နဲ့အထက် ရပြီဆိုရင်ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်တဲ့အလားအလာ မြင့်မားနေတယ်လို့ သိဖို့လိုပါတယ်။ အဲဒီကြောင့် အဲဒီလို အမှတ်တွေများနေပြီဆိုရင် အချိန်မီသင့်တော်တဲ့ ဆေးကုသမှု ခံယူသင့်ပါတယ်။ ကျန်းမာရေးကို တာဝန်ယူထားတဲ့ အာဏာပိုင်တွေအနေနဲ့လည်း အဲဒီလို လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးသင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

320. ရောဂါပြင်းထန်နိုင်တဲ့ လူနာတွေကို ရှာဖွေပေးတဲ့ barometer နည်းစနစ်ဆိုတာဘာလဲ။ barometer နဲ့ ဘယ်လို တိုင်းတာသလဲ ။

အဖြေ−− ၂၀၂၀ ပြည့်နှစ် ဇွန်လကနေ စက်တင်ဘာလအထိ ကိုဗစ်ရောဂါကြောင့် ဆေးရုံတင်ရတဲ့ လူနာပေါင်း ဂျပန်တစ်ဝန်းမှာ ခန့်မှန်းခြေအားဖြင့် ၄၅၀၀ ရှိတယ်လို့ သုတေသနစင်တာက လေ့လာသိရှိခဲ့ရပါတယ်။ အဲဒီ လူနာတွေထဲကမှ ကိုဗစ် ရောဂါလက္ခဏာတွေ အသင့်အတင့် ပြင်းထန်နေပြီး အောက်ဆီဂျင်လိုအပ်တဲ့လူနာတွေကို အခြေခံ လေ့လာခဲ့ပြီး အမှတ်တွေပေး တိုင်းတာသတ်မှတ်တဲ့နည်းလမ်းနဲ့ barometer စနစ်ကို တီထွင်ခဲ့ပါတယ်။
လူနာတွေကို Barometerနဲ့ တိုင်းထွာတဲ့စနစ်က အသက်အရွယ် အလိုက် အုပ်စုခွဲခြားထားပါတယ်။ ဥပမာ အသက် ၄၀ ကနေ ၆၄ နှစ်အကြား အုပ်စုမှာ အမျိုးသားလူနာဆိုရင် ၁မှတ်လို့ သတ်မှတ်ထားပါတယ်။ ကိုယ်အလေးချိန်နဲ့အရပ်အမြင့်ကို မူတည်ပြီး ခန္ဓာကိုယ်မှာ အဆီဘယ်လောက်ရှိလဲတွက်တဲ့ BMI ကိန်းဂဏန်းက 25 ကျော်တဲ့ အဝလွန်နေတဲ့ အမျိုးသားကိုရော အမျိုးသမီးကိုပါ ၂မှတ် ပေးပါတယ်။ ဆီးချိုရောဂါရှိသူဆိုရင် ၁မှတ်ထပ်ပေါင်းပါတယ်။ ကိုယ်အပူချိန် ၃၇.၅ ဒီဂရီဆဲလ်စီးယပ်ကျော် ဖျားရင် နောက်ထပ် ၂မှတ် ပေါင်းပါမယ်။ အသက်ရှူကြပ်တာ ဖြစ်နေရင် ၂မှတ် ပေါင်းပြီး၊ ချောင်းဆိုးနေရင် ၁ မှတ်ပေါင်းပါတယ်။ မောပန်းနွမ်းနယ်တာ ခံစားလာရရင်တော့ ၁မှတ် ထပ်ပေါင်းပါတယ်။
ကူးစက်မှု တတိယလှိုင်းဖြစ်တုန်းက လူနာတွေရဲ့ ရောဂါလက္ခဏာ အချက်အလက်တွေကိုအခြေခံပြီး barometerနဲ့ တိုင်းထွာကြည့်တဲ့အခါ အသက် ၄၀ ကနေ ၆၄ နှစ်အကြား စုစုပေါင်း ၅မှတ်ရရှိသူလူနာက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်နိုင်ခြေ ၂၃ ရာခိုင်နှုန်းရှိပြီး ၁၀ မှတ် ရရှိသူတွေဆိုရင်တော့ ၇၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အရမ်း ကူးစက်ပျံ့နှံနေချိန်ဆိုရင်တော့ barometer နဲ့တိုင်းတာ စုစုပေါင်း ၅မှတ်ကျော်နေတယ်ဆိုရင် ဒီလူနာကို အသက်အန္တရာယ်ထိခိုက်ဖို့ အလားအလာမြင့်မားတဲ့ အုပ်စုထဲ ထည့်ရမှာပါ။ ဒီလူနာမှာ အဲဒီလိုကိန်းဂဏန်းကို barometer က ညွှန်ပြနေပြီဆိုရင် အနီးကပ် စောင့်ကြည့်ကုသပေးသင့်ပြီး ဖြစ်နိုင်ရင် ဆေးရုံကို အမြန်ဆုံး တင်သင့်ပါတယ်။
ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာစင်တာက အဖွဲ့ဝင်တစ်ဦးဖြစ်သူ မစ္စတာ Yamada က တကယ်လို့ ရောဂါကူးစက်မှုလှိုင်း ထပ်ဖြစ်လာပြီး ကိုဗစ်ကြောင့် အိမ်မှာ သီးခြားခွဲနေထိုင်ရတဲ့လူနာတွေ ပြန်များလာတယ်ဆိုရင် ရောဂါပြင်းထန်လာနိုင်ခြေရှိတဲ့ လူနာတွေကို barometer နဲ့တိုင်းပြီး ရှာဖွေရပါမယ်။ barometer က ဆေးရုံတက် ကုသသင့်တဲ့သူကို ရွေးချယ်တဲ့နေရာမှာ အထောက်အကူ ဖြစ်မယ်လို့ ပြောပါတယ်။
barometer စနစ်ဟာ ကိုဗစ်လူနာတစ်ယောက်ရဲ့ အသက်အန္တရာယ် ဖြစ်နိုင်ခြေအားလုံးကို တိုင်းတာပေးနိုင်တာ မဟုတ်ပေမဲ့ အသက်အန္တရာယ်ရောက်အောင် စိုးရိမ်ရတဲ့လူနာလား ဆိုတာကို သိအောင် ဆုံးဖြတ်ရာမှာတော့ အသုံးဝင်နိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

319. အနာဂတ်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေရင် ဘယ်လို လုပ်ဆောင် သွားသင့်သလဲ။

အဖြေ−− − ကိုရိုနာဗိုင်းရပ်စ်အပေါ် လူတွေ ဘယ်လို သတိထားလဲ။ ကိုရိုနာဗိုင်းရပ်စ်ပေါ်လာပြီးမှ လူတွေဘယ်လိုမျိုး ပြုမူဆောင်ရွက်နေသလဲ။ ဂျပန်က လူတွေရဲ့ အခြေအနေကို သိရအောင် NHK က စက်တင်ဘာလ အစောပိုင်းမှာ စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီ စစ်တမ်းမှာဂျပန်နိုင်ငံ တစ်ဝန်းက အသက် ၁၅ နှစ်ကနေ ၆၉ နှစ်အထိရှိသူ ၁၂၀၀ဦး က ဝင်ဖြေပေးခဲ့ပါတယ်။
လူတွေရဲ့ လှုပ်ရှားသွားလာမှုတွေကို ကန့်သတ်ပြီး ကပ်ရောဂါ အဆုံးသတ်သွားအောင် ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ဖြေဆိုသူက ၆၃.၆ ရာခိုင်နှုန်းရှိပြီး အများဆုံးပါ။ ၇.၅ ရာခိုင်နှုန်းကတော့ လူတွေအပေါ် ကန့်သတ်ချက်တွေ ဖြေလျှော့ရမယ်။ လူမှုရေးနဲ့စီးပွားရေး ပြန်လည်အားကောင်းလာအောင် ဦးစားပေး လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် လူမှုရေးနဲ့စီးပွားရေးတွေမှာ ထိခိုက်နစ်နာမယ်ဆိုရင်တောင် ကပ်ရောဂါ အဆုံးသတ်ရေးကိုပဲ ဦးစားပေးသင့်တယ်လို့ ဖြေဆိုတဲ့သူက ကန့်သတ်ချက်တွေ ဖြေလျှော့သင့်တယ်လို့ ဖြေဆိုသူတွေထက် ၈ဆ ပိုများတာ တွေ့ရပါတယ်။
ယနေ့ကမ္ဘာမှာ ကပ်ရောဂါအသစ်ရဲ့ကူးစက်မှုကို ကြည့်မယ်ဆိုရင် ကာကွယ်ဆေးထိုးတာ၊ နေ့စဉ်လူမှုဘဝအပေါ် ကန့်သတ်ချက် တွေရှိနေတာနဲ့ပတ်သက်ပြီး လူအများအပြားဟာ အနေအထားအလိုက်၊ အသက်အရွယ်အလိုက် အတွေးအမြင်မတူတာ တွေ့ရပါတယ်။ စိုးရိမ်ပူပန်မှုအမျိုးမျိုး ရှိနေကြတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ အရင်က ပုံမှန်နေ့စဉ် ဘ၀တွေကို ပြန်လိုချင်ကြတဲ့ မျှော်လင့်ချက်ဆန္ဒတွေကတော့ အတူတူပဲဆိုတာ ဒီစစ်တမ်းက ထင်ဟပ်ပြသနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

318. ကပ်ရောဂါကြီးအတွင်းမှာ အမူအကျင့်တွေ ပြောင်းလဲနေထိုင်ဖို့ လိုအပ်တဲ့အခါ ဘာတွေ လုပ်ကိုင်ဆောင်ရွက်သင့်သလဲ။

အဖြေ−− - ကိုရိုနာဗိုင်းရပ်စ်အပေါ် လူတွေ ဘယ်လို သတိထားလဲ။ ကိုရိုနာ ဗိုင်းရပ်စ် ပေါ်လာပြီးမှ လူတွေဘယ်လိုမျိုး ပြုမူဆောင်ရွက်နေသလဲ။ ဂျပန်က လူတွေရဲ့ အခြေအနေကို သိရအောင် NHK က စက်တင်ဘာလ အစောပိုင်းမှာ စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီ စစ်တမ်းမှာဂျပန်နိုင်ငံ တစ်ဝန်းက အသက် ၁၅ နှစ်ကနေ ၆၉ နှစ်အထိရှိသူ ၁၂၀၀ဦး က ဝင်ဖြေပေးခဲ့ပါတယ်။
ကာကွယ်ဆေးထိုးတာဟာ လူတွေရဲ့ပြောင်းလဲဖို့လိုတဲ့ အပြုအမူတွေထဲက အဓိက သော့ချက် ဖြစ်ပါတယ်။ လူတွေရဲ့အမူအကျင့်တွေ ပြောင်းလဲဖို့ဆိုရင် ဘယ်လို ပေါ်လစီတွေ ချမှတ်ရမလဲ? ဘယ်လို စနစ်တွေ ထူထောင်ဖို့ လိုအပ်သလဲ လို့ မေးမြန်းခဲ့ပြီး ရွေးချယ်စရာ အဖြေအမျိုးမျိုး ပေးထားခဲ့ပါတယ်။
ဖြေဆိုသူတွေရဲ့ အများစုဖြစ်တဲ့ ၆၉.၂ ရာခိုင်နှုန်းက စီးပွားရေးအရ ထောက်ပံ့ကြေးပေးစေလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အစီအမံတွေကို မဖြစ်မနေလိုက်နာ ဆောင်ရွက်ခိုင်းပြီး ချိုးဖောက်သူတွေကို ဒဏ်ရိုက်တာမျိုးလုပ်ဖို့ လိုတယ်လို့ ၄၅ ရာခိုင်နှုန်းက ပြောကြားခဲ့ပါတယ်။
၄၃.၇ ရာခိုင်နှုန်းကတော့ အိမ်ကနေပြီး အလုပ်လုပ်တာကို ပိုမိုအားပေး ဖို့ လိုတယ်လို့တယ်လို့ ဖြေဆိုပါတယ်။ အစိုးရကရော ကျွမ်းကျင်ပညာရှင်တွေကပါ ခိုင်မာတိကျတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်တာ၊ ရှင်းပြတာတွေ ပိုလုပ်ဖို့လိုတယ်လို့ ၄၃.၂ ရာခိုင်နှုန်းက ဖြေကြားခဲ့ပါတယ်။
၃၄.၉ ရာခိုင်နှုန်းက အွန်လိုင်းပညာရေးစနစ်ကို ပိုပြီး အားပေးဖို့လိုတယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အစီအမံတွေကို လိုက်နာဆောင်ရွက်တာမျိုး မရှိလို့ ပြစ်ဒဏ်ချမှတ်မယ်ဆိုရင် လိုက်နာလုပ်ဆောင်နိုင်တဲ့ ကန့်သတ်ချက်တွေက ဘယ်ဟာလဲလို့ ရွေးချယ်ခိုင်းခဲ့ပါတယ်။ ၆၆.၅ ရာခိုင်နှုန်းက နှာခေါင်းစည်း တပ်ဆင်တာကို တာဝန်တစ်ခုအနေနဲ့ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ဖို့လိုတယ်လို့ ဖြေကြားခဲ့ပြီး ၅၄.၄ ရာခိုင်နှုန်းက ပွဲလမ်းသဘင်တွေနဲ့ အပန်းဖြေနေရာတွေမှာ ကန့်သတ်မှုတွေ တင်းကျပ်စွာ လုပ်ဖို့လိုတယ်လို့ ဖြေခဲ့ပါတယ်။
၄၀.၃ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးတာကို မဖြစ်မနေလုပ်ရမယ့် တာဝန်တစ်ခုအဖြစ် သတ်မှတ်ဖို့လို့ပြီး ၃၄.၈ ရာခိုင်နှုန်းက စားသောက်ဆိုင်ဖွင့်ချိန်တွေကို တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ထားဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။
၂၄.၁ ရာခိုင်နှုန်းက လူတွေအပြင်ထွက်ရင် ခွင့်ပြုချက်လက်မှတ်ရှိမှ ထွက်ခွင့်ပေးတာလုပ်ဖို့ လိုအပ်ပြီး ၆.၈ ရာခိုင်နှုန်းကတော့ ဘယ်လို ကန့်သတ်ချက် စည်းမျဉ်းတွေကိုမဆို မလိုက်နာဘူး။ လက်မခံဘူးလို့ ဖြေကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

317. ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးတာနဲ့ပတ်သက်ပြီး လူတွေဘယ်လိုစဉ်းစားလဲ။

အဖြေ−− - ကိုရိုနာဗိုင်းရပ်စ်အပေါ် လူတွေ ဘယ်လို သတိထားသလဲ။ ကိုရိုနာဗိုင်းရပ်စ် ပေါ်လာပြီးမှ လူတွေဘယ်လိုမျိုး ပြုမူဆောင်ရွက်နေသလဲ။ ဂျပန်က လူတွေရဲ့ အခြေအနေကို သိရအောင် NHK က စက်တင်ဘာလ အစောပိုင်းမှာ စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီ စစ်တမ်းမှာဂျပန်နိုင်ငံ တစ်ဝန်းက အသက် ၁၅ နှစ်ကနေ ၆၉ နှစ်အထိရှိသူ ၁၂၀၀ဦး က ဝင်ဖြေခဲ့ပါတယ်။
လူတစ်ယောက်စီက မိမိဘာသာ သီးခြားခွဲပြီး အကန့်အသတ်နဲ့ နေထိုင်ကြရတာနဲ့ တခြား ကိုရိုနာဆိုင်ရာ စည်းမျဉ်းတွေနဲ့ ပိတ်ပင်တားမြစ်နေတာတွေ အဆုံးသတ်ပေးမယ့် အဆုံးအဖြတ် တစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးတာပဲလို့ မျှော်လင့်ချက်ထားကြပါတယ်။
လူအများစုရော ကာကွယ်ဆေးထိုးတာနဲ့ ပတ်သက်ပြီး ဘယ်လိုထင်ပါသလဲ? လို့ လူတွေကို မေးကြည့်တဲ့အခါ ၇၈.၀ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးထားတာ ကောင်းတယ်လို့ ဖြေကြပါတယ်။
၁၉.၄ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးထိုးတာ ကောင်းတယ်၊ မကောင်းဘူးလို့ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ၂.၆ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးထိုးတာ မကောင်းဘူးလို့ ထင်ကြပါတယ်။
အပြုသဘောဆောင်တဲ့ ရှုထောင့်ကနေ ကာကွယ်ဆေးထိုးတာကောင်းတယ် ပြောသူတွေကတော့ ၇၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အသက်ကြီးလာလေ ကာကွယ်ဆေးထိုးတာ ကောင်းတယ်လို့ ပြောကြတာ စစ်တမ်းအရ သိရပါတယ်။
အဆိုးမြင်တဲ့ဘက်က ကာကွယ်ဆေးမထိုးတာ ပိုကောင်းတယ်လို့ ဆိုသူတွေထဲမှာ ဆယ်ကျော်သက် ၇.၁ ရာခိုင်နှုန်းရှိပြီး အသက် ၂၀ ကျော်အရွယ် ၄.၆ ရာခိုင်နှုန်းနဲ့ အသက် ၃၀ အရွယ် ၄.၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် အသက်ငယ်သူတွေဟာ ကာကွယ်ဆေးမထိုးချင်သူ ပိုများတယ်ဆိုတာ ပြနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးတာ ဘာကြောင့်မကောင်းဘူးလို့ မြင်တာလဲလို့ မေးမြန်းရာမှာ ကာကွယ်ဆေးတွေရဲ့ ဘေးကင်း စိတ်ချရမှုနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေအတွက် စိုးရိမ်ပူပန်တယ်လို့ ပြောကြပါတယ်။
အသက် ၂၀ အရွယ်လောက်ရှိတဲ့ ကော်ပိုရေးရှင်း ၀န်ထမ်းတစ်ဦးက ကာကွယ်ဆေးထိုးပြီး နှစ်အတော်ကြာရင် ဘာဖြစ်လာမလဲ? ဘေးကင်းစိတ်ချရမှုရော၊ ဘေးထွက်ဆိုးကျိုးရော အခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောပါတယ်။ ဆယ်ကျော်သက်အရွယ် ကျောင်းသားတစ်ဦးကတော့ ကာကွယ်ဆေးထိုးလို့ ဖြစ်လာနိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေအပြင် ကာကွယ်ဆေးထဲမှာ ပြင်ပကဒြပ်ပစ္စည်းတွေ ရောပါနေမှာကို ကြောက်တယ်လို့ ဖြေကြား ခဲ့ပါတယ်။
စစ်တမ်းအရ လူအတော်များများက ကာကွယ်ဆေးထိုးသင့်သလား၊ မထိုးသင့်ဘူးလားဆိုတာကို ပြတ်ပြတ်သားသား မစဉ်းစားနိုင်ကြဘူးလို့လည်း သိရပါတယ်။ အသက် ၂၀ အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးကတော့ ကာကွယ်ဆေးထိုးအစီအစဉ် စခဲ့တာ မကြာသေးဘူး။ လုံလောက်တဲ့ သတင်းအချက်အလက်လည်း မရှိသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။
အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကတော့ ကာကွယ် ဆေးထိုးရမလားဆိုတာမှာ ချွင်းချက်တော့ရှိတယ်။ ယေဘုယျအားဖြင့် ခြုံငုံပြီး ဖြေရတာခက်တယ်လို့ ဆိုခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

316. ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုကာကွယ်တားဆီးဖို့ ကန့်သတ်ချက်တွေ ချမှတ်ထားတဲ့ အခြေအနေအောက်မှာ ဘယ်လောက် ကြာကြာ ဆက်နေနိုင်မလဲ။

အဖြေ−− - ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လူတွေစိတ်ထဲ ဘယ်လိုရှိနေသလဲ။ နေ့စဉ်ဘယ်လို ပြုမူဆောင်ရွက်နေသလဲ ဆိုတာနဲ့ပတ်သက်ပြီး NHK က စက်တင်ဘာလ အစောပိုင်းမှာ စစ်တမ်းကောက်ယူခဲ့ပါတယ်။ အဲဒီ စစ်တမ်းမှာ ဂျပန်တစ်ဝန်း အသက် ၁၅ နှစ်ကနေ ၆၉ နှစ်အထိရှိသူ ၁၂၀၀ဦး ပါဝင်ဖြေဆိုခဲ့ပါတယ်။
ကူးစက်မှုတွေကို ထိန်းချုပ်လိုက်နိုင်တဲ့အထိ ဆက်နေနိုင်တယ်လို့ ဖြေကြားတဲ့သူက ၄၂.၅ ရာခိုင်နှုန်းရှိပြီး၊ ၁၈.၆ ရာခိုင်နှုန်းက ဒီနှစ်ကုန်အထိ နေနိုင်တယ်လို့ဖြေပါတယ်။ ၁၈.၁ ရာခိုင်နှုန်းကတော့ ဘယ်လောက် ဆက်နေနိုင်လဲမသိသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။ စစ်တမ်းအတွက် ဖြေဆိုသူတွေရဲ့ ၁၀.၇ ရာခိုင်နှုန်းက ဆက်ပြီး သည်းမခံနိုင်တော့ဘူးလို့ ဖြေပါတယ်။ ၅.၉ ရာခိုင်နှုန်းကတော့ နောက်ထပ် ၆လလောက် ဆက်နေနိုင်သေးတယ်လို့ ဖြေပါတယ်။ နောက်ထပ် ၁၂ လလောက် အကန့်အသတ်နဲ့ နေထိုင်တာ ဆက်လုပ်နိုင်သေးတယ်လို့ ဖြေသူကတော့ ၄.၃ ရာခိုင်နှုန်း ရှိပါတယ်။ ဒီရလဒ်ကို ကြည့်မယ်ဆိုရင် ဖြေဆိုသူတွေရဲ့ တစ်ဝက်နီးပါးက ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံမှုကို အပြည့်အဝထိန်းချုပ်နိုင်တဲ့အထိ ကန့်သတ်ချက်တွေကို လိုက်နာပြီး နေထိုင်သွားမယ်လို့ ပြောတာတွေ့ရပါတယ်။ ဖြေဆိုသူတွေရဲ့ ၄ပုံ၁ပုံလောက်ကတော့ ဒီအနေအထားတွေအောက်မှာ ဆက်ပြီးမနေနိုင်တော့ဘူးလို့ ဖြေသလို အခုနှစ်ကုန်အထိဘဲ ဆက်ပြီးသည်းခံနိုင်မယ်လို့လည်း ဆိုကြပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

315. အခုအချိန်မှာကိုဗစ် ရောဂါပိုး မကူးစက်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး နေထိုင်ဖို့ လိုက်နာစောင့်ထိန်းနိုင်တာတွေ လျော့ကျလာတာ ဘာကြောင့်လဲ။

အဖြေ−− - ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေရဲ့ စိတ်အနေအထား ဘယ်လိုရှိနေသလဲဆိုတာနဲ့ နေ့စဉ် ဘယ်လို ပြုမူဆောင်ရွက် နေထိုင်နေကြသလဲဆိုတာနဲ့ပတ်သက်ပြီး NHK က စက်တင်ဘာလ အစောပိုင်းမှာ စစ်တမ်းကောက်ယူခဲ့ပါတယ်။ အဲဒီ စစ်တမ်းမှာ ဂျပန်တစ်ဝန်းမှာနေထိုင်တဲ့ အသက် ၁၅ နှစ်ကနေ ၆၉ နှစ်အထိရှိသူ ၁၂၀၀ဦး ပါဝင်ဖြေဆိုခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများတာကြောင့် ပထမအကြိမ် အရေးပေါ်အခြေအနေကို ၂၀၂၀ ပြည့်နှစ် ဧပြီလတုန်းက ကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကလောက် အခုအချိန်မှာရော ရောဂါပိုးကူးစက်မှု မရှိအောင် ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်း နေထိုင်တာတွေရှိသလားလို့ မေးမြန်းခဲ့ပါတယ်။ စစ်တမ်းဖြေဆိုသူတွေရဲ့ ၂၀ ရာခိုင်နှုန်းက အရင်ကလောက် ကိုရိုနာကူးစက်မှု ကာကွယ်ဖို့ မလိုအပ်ဘဲ အပြင်မထွက်တာ၊ လူစုလူဝေးမလုပ်တာ စတဲ့ စည်းကမ်းတွေကို လိုက်နာတာ မရှိတော့ဘူးလို့ ဖြေပါတယ်။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကို အဖြေအမျိုးမျိုး ရွေးချယ်ပြီး ဖြေဆိုစေခဲ့ပါတယ်။ အရေအတွက်အများဆုံးက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး စည်းကမ်းဘောင်ထဲမှာ သွားလာနေရတဲ့အခြေအနေကို စိတ်ပျက်လာလို့ဆိုတဲ့အဖြေကို ရွေးကြပါတယ်။ ၄၂.၆ ရာခိုင်နှုန်း ရှိပါတယ်။ ၃၃.၆ ရာခိုင်နှုန်းကတော့ လူအတော်များများ ကာကွယ်ဆေးထိုးထားပြီး ဖြစ်တာကြောင့် စည်းကမ်းလိုက်နာတာ လျော့လာတယ်လို့ ဖြေပါတယ်။ ၃၂.၆ ရာခိုင်နှုန်းကတော့ မကူးစက်အောင် အကာအကွယ် သေသေချာချာ လုပ်ထားတာကြောင့်လို့ ဖြေကြပါတယ်။ ၃၁.၁ ရာခိုင်နှုန်းကတော့ နေ့စဉ်ဘဝနေထိုင်စားသောက်ဖို့ အဆင်မပြေတော့တာကြောင့် အကန့်အသတ်တွေကို မလိုက်နာနိုင်တော့တာလို့ ဖြေကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

314. ကိုရိုနာဗိုင်းရပ်စ်ရောဂါ မကူးစက်အောင် ကိုယ်ကိုယ့်ကိုယ် ထိန်းချုပ်နေထိုင်ဖို့ လိုက်နာနိုင်တဲ့ အတိုင်းအတာ ဘယ်လောက် ပြောင်းလဲသွားပြီလဲ။

အဖြေ−− ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လူတွေဘယ်လို သဘောထား နေသလဲ၊ နေ့စဉ်ဘဝမှာ ဘယ်လို ပြုမူဆောင်ရွက်နေသလဲဆိုတာ သိရအောင် NHK က စက်တင်ဘာလ အစောပိုင်းမှာ စစ်တမ်း ကောက်ယူခဲ့ပါတယ်။ အဲဒီ စစ်တမ်းမ