ဂျပန်ဘာသာစကားနဲ့ ပတ်သက်ပြီး သောတရှင်တွေရဲ့ မေးမြန်းချက်တွေကို ဒီအစီအစဉ်ရဲ့ ကြီးကြပ်သူ Fujinaga Kaoru နဲ့ Isomura Kazuhiro တို့က ဖြေကြားပေးပါမယ်။
အာနီမဲ ကာတွန်းနဲ့ လွယ်လွယ်ကူကူ ဂျပန်ဘာသာစကားကို နားလည်လာနိုင်တယ်ဆိုတော့ နှစ်သက်တဲ့ အာနီမဲကာတွန်းက တစ်ဆင့် လက်တွေ့အနေအထားတွေက စကားအသုံးအနှုန်းတွေကို အတော်လေး ထိတွေ့ခဲ့ရတာကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဘာသာစကားကို လေ့လာတဲ့အခါ လက်တွေ့အနေအထားမှာ ပြောဆိုနေပုံကို ကြည့်မြင် ကြားသိရတာတွေကတစ်ဆင့် စကားလုံးတွေရဲ့ အဓိပ္ပာယ်နဲ့ သုံးစွဲပုံတွေကို နားလည်အောင် လုပ်၊ မိမိအတွက် အသုံးဝင်မယ့် အသုံးအနှုန်းတွေကို ရွေးထုတ်ပြီး လက်တွေ့အသုံးချကြည့်ဖို့ အရေးကြီးပါတယ်။
"လွယ်ကူသောဂျပန်စကား" ဆိုတာ ဂျပန်စကားကို မိမိဘာသာ လေ့လာလိုသူတွေအတွက် အစီအစဉ်ပါ။ အစီအစဉ်၊ ဖတ်စာအုပ် တွေကို အစဉ်အတိုင်း အဆင့်ဆင့် လေ့လာသွားမယ်ဆိုရင် လွယ်ကူတဲ့ ဂျပန်ဘာသာစကားကို နည်းနည်းချင်း ပြောလာနိုင်အောင် စီမံထားပါတယ်။
အရင်ဆုံး သင်ခန်းစာတစ်ခုချင်းရဲ့ ဇာတ်ဝင်ခန်းတွေကို နားထောင်ပါ။ ကိုယ်မသိသေးတဲ့ စကားလုံးတွေ အသုံးအနှုန်းတွေ ရှိကောင်းရှိနိုင်ပေမဲ့ အသေးအဖွဲတွေကို စိတ်ထဲမှာမထားဘဲ စာတန်းထိုးတာနဲ့ ရှင်းပြချက်တွေကနေ သဲလွန်စရယူပြီး ဇာတ်လမ်း အကြောင်းအရာကို နားလည်ရင် လုံလောက်ပါတယ်။
ပြီးတဲ့အခါ "အဓိက အသုံးအနှုန်း" ကဏ္ဍက ရှင်းလင်းချက်ကို ဖတ်တာ နားထောင်တာတွေ လုပ်ဆောင်ပါ။ အဓိက အသုံးအနှုန်း ဆိုတာ အဲဒီသင်ခန်းစာမှာ တတ်မြောက်သွားစေချင်တာကို ပြောပုံပြောနည်း ဖြစ်ပါတယ်။
အဲဒီနောက် "သုံးကြည့်ကြရအောင်" ကဏ္ဍမှာ ဂျပန်ကိုလာရောက်ချိန်မှာ တွေ့ကြုံနိုင်တဲ့ အနေအထားမှာ အဓိက အသုံးအနှုန်းကို အသုံးချပုံကို လေ့ကျင့်ပါမယ်။ အသံထွက်ကို သတိထားရင်း အကြိမ်ကြိမ် ထပ်တလဲလဲ ပြောကြည့်ရအောင်။
ဒါ့အပြင် "ကြိုးစားကြည့်ရအောင်" ကဏ္ဍမှာ အဓိက အသုံးအနှုန်း ကို ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲသုံးစွဲတဲ့ လေ့ကျင့်မှုကို လုပ်ဆောင်ပါမယ်။ အစီအစဉ်မှာရော အင်တာနက်စာမျက်နှာမှာပါ တစ်ယောက်တည်း လေ့ကျင့်နိုင်အောင် အသံနဲ့ စာလုံး နှစ်မျိုးစလုံးနဲ့ အတည်ပြုနိုင်ပါတယ်။
ဒါတွေတင်မက ဒီအတိုင်း မှတ်ထားပြီး သုံးနိုင်တဲ့ ပြောဆိုပုံကို လေ့လာနိုင်တဲ့ "ဒီကနေ့အတွက် အပိုဆုစကား" ကဏ္ဍ၊ သင်ခန်းစာအလိုက် ဇာတ်ဝင်ခန်းတွေနဲ့ သက်ဆိုင်တဲ့ ဂျပန်က အကြောင်းအရာ ရှင်းလင်းချက်တွေလည်း ရှိပါတယ်။
အစီအစဉ်ထဲက အသံတွေကို အင်တာနက်စာမျက်နှာမှာ အကြိမ်ကြိမ် ထပ်ကာတလဲလဲ နားထောင်နိုင်တာမို့ မိမိစိတ်တိုင်းကျ နှုန်းနဲ့ လေ့လာသွားပါ။
ဟီရာ့ဂါ့နာနဲ့ ခါတာ့ခါ့နာ ဆိုတာ အသံကို ကိုယ်စားပြုတဲ့ အက္ခရာတွေဖြစ်ပါတယ်။ ဥပမာ "あ a" ဆိုတဲ့ အသံကို ဖော်ပြရာမှာ ဟီရာ့ဂါ့နာနဲ့ "あ"၊ ခါတာ့ခါ့နာနဲ့ "ア" လို့ ရေးပါတယ်။
ခန်းဂျီး စာလုံးကတော့ အဓိပ္ပာယ်ကို ဖော်ပြတဲ့ အက္ခရာဖြစ်ပါတယ်။ အဓိပ္ပာယ်ကို ဖော်ပြတဲ့ အက္ခရာဆိုတာ ဥပမာ ပြုံးနေတဲ့ မျက်နှာ emoji လိုအရာမျိုးနဲ့ ဆင်တူပြီး အဓိပ္ပာယ်ကို ဖော်ပြပါတယ်။ ဥပမာ "kimasu" ဆိုတာ "လာတယ်" "ဝတ်ဆင်တယ်" ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။ ဟီရာ့ဂါ့နာနဲ့ ရေးရင် အတူတူဖြစ်ပေမဲ့ အသီးသီး ခန်းဂျီးနဲ့ ရေးမယ်ဆိုရင် "来ます" "着ます" ဖြစ်တာကြောင့် ဘယ်အဓိပ္ပာယ်နဲ့ ပြောလဲဆိုတာ ချက်ချင်းနားလည်နိုင်ပါတယ်။
ဂျပန်ဘာသာစကားဟာ အခြေခံအားဖြင့် ခန်းဂျီးနဲ့ ဟီရာ့ဂါ့နာ ကိုသုံးပြီး ရေးပါတယ်။ ခန်းဂျီးကို နာမ်တွေ၊ ကြိယာတွေ စတဲ့ အဓိပ္ပာယ်ကို ဖော်ပြတဲ့ အပိုင်းမှာ သုံးပြီး တခြားအပိုင်းတွေကို ဟီရာ့ဂါ့နာနဲ့ ရေးပါတယ်။ ဒါပေမဲ့ နိုင်ငံခြားဘာသာစကားကနေ ယူထားတဲ့ စကားလုံးတွေကို ရေးသားရာမှာ ခါတာ့ခါ့နာကို သုံးပါတယ်။ ဒါကြောင့် နိုင်ငံခြား ဘာသာစကားကလာတဲ့ "コーヒー koohii" 'ကော်ဖီ' ဆိုတာမျိုး၊ "タム Tamu" 'Tam' လို နိုင်ငံခြားသား အမည်တွေ၊ "ベトナム Betonamu" 'ဗီယက်နမ်' လို နိုင်ငံနာမည်တွေကို ခါတာ့ခါ့နာနဲ့ ရေးပါတယ်။
မှတ်သားလေ့လာတဲ့အခါ အရင်ဆုံး ဟီရာ့ဂါ့နာနဲ့ ခါတာ့ခါ့နာ၊ ပြီးတော့မှ ခန်းဂျီးကို မှတ်သားတာ ကောင်းမယ်ထင်ပါတယ်။ လွယ်ကူတဲ့ ဂျပန်ဘာသာစကားဆိုရင် ဟီရာဂါ့နာနဲ့ ခါတာ့ခါ့နာကို မှတ်သားထားပြီး ရေးနိုင်လို့ပါပဲ။ ခန်းဂျီးကတော့ တွေ့ရတဲ့အချိန်မှာ နည်းနည်းချင်း မှတ်သွားရင် ကောင်းမယ်ထင်ပါတယ်။
ဂျပန်စကားကို ကီးဘုတ်နဲ့ ရိုက်ရာမှာ ကီးဘုတ်ရဲ့ အင်္ဂလိပ်စာလုံးအက္ခရာစဉ်ကို သုံးတဲ့ Romaji ရိုက်သွင်းနည်းကို သုံးစွဲသူများပါတယ်။
ဥပမာ- မြစ်လို့ အဓိပ္ပာယ်ရတဲ့ "kawa" လို့ ရေးချင်တယ်ဆိုရင် "k" "a" "w" "a" လို့ ရိုက်ပါ။ ဒါက ဟီရာ့ဂါ့နာ အဖြစ် "かわ" လို့ပေါ်လာပါမယ်။ အဲဒီနောက် "皮" 'သားရေ'၊ "川" 'မြစ်' စတဲ့ ဖြစ်နိုင်ခြေရှိတဲ့ ခန်းဂျီးစာလုံးစာရင်း ပေါ်လာမှာဖြစ်လို့ အဲဒီထဲက မြစ်ကို ကိုယ်စားပြုတဲ့ "川" ကို ရွေးချယ်ပါ။
စမတ်ဖုန်းဆိုရင် ကီးဘုတ်လိုပဲ အင်္ဂလိပ်စာလုံးကိုသုံးတဲ့ Romaji ရိုက်သွင်းနည်းကို သုံးနိုင်သလို မျက်နှာပြင်မှာ စာလုံးကိုရွေးပြီး ရိုက်သွင်းနည်း (flick input) နဲ့ ဟီရာ့ဂါ့နာ အက္ခရာကို တိုက်ရိုက် ရိုက်သွင်းတဲ့နည်းလည်း ရှိပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ခန်းဂျီးစာလုံး စာရင်း ပေါ်လာပုံက ကွန်ပျူတာ ကီးဘုတ်နဲ့ အတူတူပါပဲ။
ဂျပန်ဘာသာစကာမှာ "hitotsu・futatsu・mittsu・yottsu・itsutsu・muttsu・nanatsu・yattsu・kokonotsu・too" လို့ ရှေးအခါကတည်းကရှိတဲ့ ရေတွက်ပုံနဲ့ "ichi・ni・san・shi・go・roku・shichi・hachi・kyuu・juu" ဆိုတဲ့ တရုတ်က ဆင်းသက်လာတဲ့ ရေတွက်ပုံဆိုပြီး ၂ မျိုးရှိပါတယ်။
"လွယ်ကူသော ဂျပန်စကား" မှာ မိတ်ဆက်ပေးခဲ့တဲ့ ရေတွက်ပုံက "ichi・ni・san・yon・go・roku・nana・hachi…" ဖြစ်ပါတယ်။ ၄ ကို "shi" မဟုတ်ဘဲ "yon"၊ ၇ ကို "shichi" မဟုတ်ဘဲ "nana" လို့ သုံးပါတယ်။ "yon" ဆိုတာ ရှေးအခါကတည်းကရှိတဲ့ ရေတွက်ပုံ "yottsu" က၊ "nana" ဆိုတာ "nanatsu" ကလာတဲ့ အခေါ်အဝေါ်ဖြစ်ပါတယ်။
ကိန်းဂဏန်းကို နံပါတ်အနေနဲ့ ပြောတဲ့အခါ၊ ပစ္စည်း ဘယ်နှခုရှိတယ်ဆိုတာ ပြောတဲ့အခါတွေမှာ ပုံမှန်အားဖြင့် ဒီ ရေတွက်ပုံကို အသုံးပြုပါတယ်။
ဒါပေမဲ့ ဘူဒိုး ကိုယ်ခံပညာစတာတွေမှာ လှုပ်ရှားမှုအဆင့်ကို ပြောချိန်မှာတော့ "ichi・ni・san・shi・go・roku・shichi・hachi…" ကို သုံးကြပါတယ်။
ဘယ်လိုအချိန်မှာ ဘာကိုသုံးမလဲဆိုတာ သတ်မှတ်ထားတာမို့ နည်းနည်းချင်း မှတ်သားသွားကြပါ။ ဥပမာ ဈေးနှုန်းကို ပြောရာမှာ ယန်း ၄၀၀ ဆိုရင် "yon" ကို သုံးပြီး "yon-hyaku-en"၊ ယန်း ၄၀၀၀ ဆို "yon-sen-en" ဖြစ်ပါတယ်။ ယန်း ၇၀၀ ကို "nana" ကို သုံးပြီး "nana-hyaku-en"၊ ယန်း ၇၀၀၀ ကို "nana-sen-en" လို့ပြောပါတယ်။ ဒါပေမဲ့ ဧပြီလ (၄လပိုင်း) ကို "shi-gatsu"၊ ဇူလိုင်လ (၇လပိုင်း) ကို "shichi-gatsu" ဆိုပြီး "shi" နဲ့ "shichi" တွေကို သုံးပါတယ်။
မိနစ်ကို ဖော်ပြရာမှာ အခြေခံအားဖြင့် "ふん fun" လို့ ပြောပေမဲ့ "ふん fun" ရဲ့ "f" သံက "p" သံပြောင်းပြီး "ぷん pun" ဖြစ်သွားတဲ့ အနေအထားရှိပါတယ်။ ဒါကတော့ ဂျပန်ဘာသာစကားရဲ့ "ha hi fu he ho" ကို ရှေးခေတ်က "pa pi pu pe po" လို့ အသံထွက်ခဲ့တာရဲ့ အကြွင်းအကျန်ဖြစ်ပါတယ်။
ဘယ်အချိန်မှာ "ぷん pun" လို့ ပြောင်းသလဲဆိုတာ မှတ်ထားရင် ကောင်းမယ်ထင်ပါတယ်။ "ぷん pun" လို့ အသံထွက်တာက ၁၊ ၃၊ ၆၊ ၈ နဲ့ ၁၀ တွေရဲ့ နောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် "ippun"၊ "sanpun"၊ "roppun"၊ "happun" နဲ့ "juppun" ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ၄ မိနစ်ကို "yonpun"၊ ၈ မိနစ်ကို "hachifun" လို့ အသံထွက်သူတွေလည်း ရှိပါတယ်။
ကိန်းဂဏန်းအလိုက် ရေတွက်ပုံ အသံထွက်ပြောင်းလဲတဲ့ အရေအတွက်ပြပုဒ်တွေထဲမှာ ဥပမာ ထီးတွေ၊ ခဲတံတွေလို ရှည်လျားတဲ့အရာတွေကို ရေတွက်ချိန်မှာ သုံးတဲ့ "hon" လိုမျိုး တခြား အရေအတွက်ပြပုဒ်တွေ ရှိပါတယ်။ ရှုပ်ထွေးတယ်လို့ ခံစားမိနိုင်ပေမဲ့ လိုအပ်တဲ့ အနေအထားကိုလိုက်ပြီး မှတ်သားသွားရင် ကောင်းမယ် ထင်ပါတယ်။
"imasu" ဆိုတာ လူ၊ တိရစ္ဆာန် စတဲ့ "လှုပ်ရှားမှုရှိတဲ့အရာ" တွေမှာ သုံးပါတယ်။ "arimasu" ကတော့ ပစ္စည်းတွေမှာ သုံးပါတယ်။
ဥပမာ- သင်ခန်းစာ ၂၁ မှာတုန်းက "Tokeedai no naka ni imasu" 'နာရီစင်ထဲမှာ ရှိပါတယ်' လို့ အဓိပ္ပာယ်ရတဲ့ အသုံးအနှုန်း၊ သင်ခန်းစာ ၁၁ မှာ "Omamori wa arimasu ka" 'အဆောင်ပစ္စည်းများ ရှိပါသလား' ဆိုတဲ့ အသုံးအနှုန်းတွေကို လေ့လာခဲ့ကြပါတယ်။ မေးခွန်းကို ဖြေရမယ်ဆိုရင် "ကလေးဘယ်နှယောက်ရှိပါသလဲ" ဆိုရင် "Kodomo wa nan-nin imasu ka" လို့ "imasu" ကို သုံးပြီး ပြောပါတယ်။
အရင်တုန်းက မိသားစုဝင် စတာတွေကို "arimasu" ကို သုံးခဲ့ကြပါတယ်။ ခေတ်ဟောင်း ဂျပန်ဘာသာစကား ဖတ်စာအုပ်တွေမှာ "arimasu" ကို သုံးထားတဲ့ နမူနာဝါကျတွေကို တွေ့ရနိုင်တယ်ဆိုပေမဲ့ အခုခေတ်မှာတော့ သာမန်အားဖြင့် "imasu" ကို သုံးကြပါတယ်။
နားလည်ရလွယ်တဲ့ နမူနာကို မိတ်ဆက်ပေးရရင် ဥပမာ "ရေကန်ထဲမှာ ငါးရှိပါတယ်" လို့ ပြောချင်တဲ့အခါ ငါးဟာ အသက်ရှိပြီး လှုပ်ရှားနေတာကြောင့် "imasu" ကို သုံးပြီး "Ike ni sakana ga imasu" လို့ ပြောရပါမယ်။ တစ်ဖက်မှာ "ရေခဲသေတ္တာထဲမှာ ငါးရှိပါတယ်" လို့ ပြောချင်တဲ့အခါ အဲဒီငါးက မလှုပ်တော့တာကြောင့် "arimasu" ကို သုံးပြီး "Reezooko ni sakana ga arimasu" လို့ ပြောရပါမယ်။