NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > ကြိယာ အုပ်စု ၃ စု (သင်ခန်းစာ 40)

သင်ပေးပါဆရာမ

ကြိယာ အုပ်စု ၃ စု (သင်ခန်းစာ 40)

ဂျပန်စကားမှာ ကြိယာတွေကို အုပ်စု ၃ ခုခွဲထားတယ်။ အုပ်စုတိုင်းမှာ သဏ္ဍာန်ပြောင်းတဲ့ ကိုယ်ပိုင်ပုံစံတွေရှိကြတယ်။ အုပ်စု ၁ မှာ ကMASUရဲ့ရှေ့မှာ လာတဲ့စကားလုံးက I သရသံပါတဲ့ ကြိယာတွေပါ။ ဥပမာ KAKIMASU (ရေးတယ်။ ရေးမယ်) အဲဒီအုပ်စုကကြိယာတွေကိုသဏ္ဍာန်ပြောင်းတဲ့အခါမှာ MASU ရဲ့ရှေ့က စကားလုံးတွေကိုပါ ပြောင်းလိုက်ရပါတယ်။
အခု KAKIMASU (ရေးတယ်၊ ရေးမယ်) ရဲ့ အဘိဓာန်ပုံစံ ကြိယာကို ပြောင်းကြည့်ရအောင်။ MASU ရှေ့က KI ဆိုတာကို KU လို့ပြောင်းလိုက်ပြီး KAKU လို့ပြောရပါတယ်။
အတိတ်ကာလ ဒါမှမဟုတ် ပြီးဆုံးသွားခဲ့ပြီဆိုတဲ့ ပုံစံဖြစ်တဲ့ TA ပုံစံကိုရဖို့ဆိုရင် KI ဆိုတာကို I လို့ပြောင်းလိုက်ပြီးတော့ KAITA (ရေးခဲ့တယ်၊ ရေးပြီးပြီ) လို့ပြောရပါတယ်။ သင်ခန်းစာ ၁၂ မှာတုန်းက MASU ရှေ့မှာရှိတဲ့ စကားလုံးတွေကို ပြောင်းပြီး ကြိယာပုံစံပြောင်း တဲ့နည်းတွေကို သီချင်းလေးနဲ့ လေ့လာခဲ့ဖူးပါတယ်။ အသေးစိတ်ကို အဲဒီမှာပြန်လေ့လာကြည့်ပါ။

အုပ်စု ၂ ကတော့ MASU ရဲ့ရှေ့မှာ E သရသံပါတဲ့ ကြိယာတွေပါ။

TABEMASU(စားတယ်စားမယ်) ဆိုတာကို ဥပမာအနေနဲ့ ကြည့်ရအောင်။အဘိဓာန် ပုံစံကြိယာဖြစ်ဘို့ဆိုရင် MASUကိုRUနဲ့အစားထိုးလိုက်ပြီး TABERUလို့ပြောရပါတယ်။ TA ပုံစံဖြစ်ဖို့ဆိုရင် MASU နေရာမှာ TA ကိုအစားထိုးပြီးတော့ TABETA (စားခဲ့တယ်၊ စားပြီးပြီ) လို့ပြောရပါတယ်။
အုပ်စု ၂ မှာ တစ်ချို့ကြိယာတွေက MASUရဲ့ရှေ့မှာ I သရသံရှိပါတယ်။ MIMASU(ကြည့်တယ်၊ ကြည့်မယ်)လိုမျိုးပေါ့။ ဒါပေမယ့် နည်းပါတယ်။

အုပ်စု ၃ မှာဆိုရင် ကြိယာအမျိုးအစား ၂ မျိုးရှိပါတယ်။ SHIMASU(လုပ်တယ်၊ လုပ်မယ်)နဲ့ KIMASU(လာတယ် လာမယ်)ဖြစ်ပါတယ်။ သူတို့က ပုံမှန်မဟုတ်တဲ့ သဏ္ဍာန်ပြောင်းနည်းနဲ့ ပြောင်းတဲ့ ကြိယာတွေပါ။ အဲဒီကြိယာ၂ လုံးပဲရှိတာပါ။ ဒါကြောင့် အဲဒီကြိယာ ၂ လုံးရဲ့ သဏ္ဍာန်ပြောင်းပုံကို အလွတ်မှတ်ထား စေချင်ပါတယ်။

SHIMASU (လုပ်တယ်၊လုပ်မယ်) ရဲ့ အဘိဓာန်ပုံစံကြိယာက SURUဖြစ်ပြီးတော့ သူ့ရဲ့ TA ပုံစံကြိယာကSHITA (လုပ်ခဲ့တယ်) ဖြစ်ပါတယ်။ ]
KIMASU(လာတယ်၊ လာမယ်) ရဲ့ အဘိဓာန်ပုံစံကြိယာက KURU ဖြစ်ပြီးတော့ သူ့ရဲ့ TA ပုံစံ ကြိယာက KITA (လာခဲ့တယ်) ဖြစ်ပါတယ်။

TE ပုံစံနဲ့ NAI ပုံစံကြိယာတွေရဲ့ သဏ္ဍာန်ပြောင်းနည်းဇယားတွေကို အရင်သင်ခန်းစာတွေအတွက် သင်ကြားရေးအထောက်အကူပြုပစ္စည်းစာမျက်နှာမှာ ထည့်ထားပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး အဲဒီမှာပါတာတွေကိုပြန်ကြည့်ပါ။
NHK website ကနေထွက်ပါမယ်။